Friday, July 20, 2012

ပျဉ်းမကန်ရွာသူကြီးဂုဏ်ပြုအာဇာနည်ဟောပြောပွဲသို့ (၈၈)မျိုးဆက် တက်ရောက်

 ကိုမင်းကိုနိုင်ဦးဆောင်သော (၈၈) မျိုးဆက်ကျောင်းသား ခေါင်းဆောင်များက အာဇာနည်နေ့တွင် သုံးခွမြို့နယ်ရှိ ပျဉ်းမကန်ကျေးရွာသို့ ပွင့်လင်းလူ့အဖွဲ့အစည်းအနေဖြင့် သွားရောက်ကာ အာဇာနည် နေ့အခမ်းအနားနှင့် ပတ်သတ်သည့် ဟောပြောပွဲတစ်ရပ်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။



ပျဉ်းမကန်ကျေးရွာက ရွာခံများက (၈၈)မျိုးဆက်ကျောင်းသားများကို ဖိတ်ကြား၍ အာဇာနည်နေ့ အခမ်းအနား ကျင်းပရခြင်းမှာ လွန်ခဲ့သည့် (၅)နှစ်ခန့်မှ ဆုံးပါးသွားသည့် ၎င်းတို့ရွာမှ ရွာသူကြီး ဦးရွှေအား ဂုဏ်ပြုသည့် အနေဖြင့် ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။



“ကျွန်တော် ဆရာဝန်တစ်ယောက်နဲ့ စကားပြောကြည့်တော့ သူ့ကလေးတွေက အာဇာနည်ဘာလဲ ဆိုတာကို မသိတော့ဘူး။ လွတ်လပ်ရေးကို ဘယ်လိုယူခဲ့လဲဆိုတာမသိတော့ဘူးတဲ့ အဲဒါကလေး တွေကို အစဆုံး ပြန်သင် နေရတယ်တဲ့ ကျွန်တော်တို့ စိတ်ထဲမှာ နောက်မျိုးဆက်တွေကို ဒီပုဂ္ဂိုလ်တွေ အကြောင်းသိအောင် လုပ်မှ ဖြစ်မယ်လို့ တွေးမိပါတယ်။ ခါတိုင်းထက်ပေါ့။ ဗိုလ်ချုပ်အောင်ဆန်း ဘယ်သူလဲဆိုတာ သိအောင်ရယ်။ လွတ်လပ်ရေးကို ဘယ်လိုအရယူခဲ့လဲဆိုတာ ခုခေတ် ကလေးတွေ သိအောင် လုပ်ရပါမယ်”ဟု (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ဟောပြောပွဲ တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။



၎င်းဆက်လက်၍ ဗိုလ်ချုပ်အောင်ဆန်း၏ စိတ်နေစိတ်ထားများနှင့် လွတ်လပ်ရေးအရ ယူခဲ့သည့် အကြောင်းအရာများနှင့် အာဇာနည်ခေါင်းဆောင် (၉)ဦးအကြောင်းအား ဆက်လက်ပြောကြားခဲ့သည်။



၎င်းတို့ရွာ၏ ရွာသူကြီးမှာ သူတို့၏ အာဇာနည်ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး ဒီမိုကရေစီရလျှင် အမျှဝေ ပေးပါဟုမှာ သွားသည့် အတွက် ယခုကဲ့သို့ အမျှဝေ၍ အာဇာနည်နေ့အခမ်းအနားအား (၈၈) မျိုးဆက်ကျောင်းသားများကို ဖိတ်ကြား၍ ပြုလုပ်ခဲ့ရခြင်း   ဖြစ်ကြောင်းသိရှိရသည်။



“ကျွန်တော်တို့ သူကြီးရှိစဉ်က သူ့ရဲ့ရွာသားတွေကို သူဟာ ကာကွယ်ပေးခဲ့တယ်။ ခုလည်း ကျွန်တော်တို့က  သူ့အိမ်မက်တွေကိုလုပ်ပေးနေတာပါ။ သူကတော်တော်စိတ်ဓါတ်ပြင်းထန်တယ်။ အသက်ထွက်ခါနီးမှာ ဘာပြောသွားလဲဆိုတော့ ဒီမိုကရေစီရရင်တော့ ငါ့ကိုအမျှဝေပေးပါလို့ပြောသွားတယ်။” ဟု ပျဉ်းမကန်ကျေးရွာမှ လယ်သမားတစ်ဦး ကပြောသည်။



အာဇာနည်နေ့နှင့် ပတ်သတ်၍ “အာဇာနည်နေ့နဲ့ပတ်သတ်လို့ မလုပ်ရတာက ဆယ်စုနှစ်မကတော့ဘူးလေ ဆယ်စုနှစ် နှစ်စုလောက်ကြုံခဲ့ရပြီးပြီး။ ကျွန်တော်တို့ရဲ့မျိုးဆက်တွေကအာဇာနည်ဘာလဲဆိုတာကိုမသိကျဘူး။ တချို့ဆိုအာဇာနည်ဘယ်နှစ်ယောက်ရှိလဲ ဆိုတာတောင်မသိကျဘူး။ ခုလိုလုပ်လို့ရတဲ့အချိန်လေးမှာ ကျွန်တော်တို့မျိုးဆက်တွေသိအောင်လုပ်တာပါ။”ဟု ပျဉ်းမကန်ကျေးရွာမှ ရွားသား ဦးရဲမြင့်ကဆိုသည်။



အဇာနည်နေ့အခမ်းအနားပြုလုပ်ရာတွင် သာမန် မဟုတ်ပဲ သေသေချာချာဖြစ်စေချင်၍ (၈၈) မျိုးဆက် ကျောင်းသားများနှင့် ချိတ်ဆက် ပြုလုပ်ရခြင်းဖြစ်ကြောင်း ၎င်းတို့ကျေးရွာတွင်ရှိသည့် နောက်တတ်လာမည့် မျိုးဆက်သစ်လူငယ်များအား ယင်းအခမ်းအနားမှ အာဇာနည်ဆိုသည်မှာ ဘာလဲဆိုတာကို သိအောင် ရည်ရွယ်လိုခြင်းဖြစ်ကြောင်း ၎င်းမှ ဆက်လက်ပြောဆိုသည်။



အဆိုပါ အခမ်းအနားသို့ တတ်ရောက်လာသည့် ရွာသူရွာများ သိရှိလိုသည်များကို (၈၈) မျိုးဆက် ကျောင်းသားမှ ဖြေကြားပေးခဲ့ပြီး နေ့လည် (၁၂း၀၀)နာရီခန့်တွင် အခမ်းအနားအား ရုပ်သိမ်းလိုက်သည်။



ပျဉ်းမကန်ကျေးရွာတွင် အိမ်ခြေပေါင်း (၆၀၀) ကျော်ခန့်ရှိကြောင်းနှင့် လူဦးရေ (၁၀၀၀)ကျော်ခန့် နေထိုင်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။