Friday, July 20, 2012
ဘင်္ဂလီပြဿနာအတွက် သမိုင်းပညာရှင်များကို အားကိုးရန် ရခိုင်ပါတီအကြံပြု
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော နယ်စပ်ကျူးကျော်ဝင်ရောက်လာသည့် ဘင်္ဂလီလူမျိုးများ၏ ပြဿနာအား အဖြေရှာရန် ခေတ်အ ဆက်ဆက်မှ သမိုင်းပညာရှင်များကိုသာ အားကိုး၍ အဖြေရှာရမည်ဖြစ်ကြောင်းရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက သမ္မတကြီးထံ ဇူလိုင်လ (၁၈)ရက်နေ့တွင် အကြံပြောကြားခဲ့သည်။
ဘင်္ဂလီလူမျိုးများသည် မြန်မာတိုင်းရင်းသားမဟုတ်ဘဲ အခြားပြည်ပ နိုင်ငံမှ ဝင်ရောက်လာသူများဖြစ်သဖြင့် ၎င်း ပြဿနာများကို အမြန်ဆုံး ဖြေရှင်းနိုင်ရန် သမိုင်းပညာရှင်များအား အားကိုးအဖြေရှာရမည်ဟု တင်ပြခဲ့သည်ကို ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဦးဦးလှစောက ဆိုသည်။
သံတမန်များနှင့် မီဒီယာများမှ အဖြေရှာရန် အခက်အခဲများရှိသောကြောင့် သမိုင်းပညာရှင်များ စုပေါင်း၍ အလုပ်ရုံဆွေးနွေး ပွဲတစ်ခုပြုလုပ်သင့်ကြောင်းဟုလည်း သမ္မတကြီးသိန်းစိန်ထံသို့ တင်ပြရာတွင် ထည့်သွင်း ခဲ့ကြောင်းသိရှိရသည်။
“ရခိုင်ပြည်နယ်တွင်းမှာ တိုင်းရင်းသားတပ်တွေချထားသင့်တယ်လို့လည်း သမ္မတကြီးကိုတင်ပြခဲ့တယ်။သူလည်းပွင့်ပွင့်လင်းလင်းပဲ။ လက်ခံရင်လက်ခံတယ်။ လက်မခံရင်မခံဘူး။ မသိရင်မသိဘူးပြောတယ်။ အရင် ဗိုလ်ချုပ်လက်ထက်နဲ့ မတူတဲ့ ပွင့်လင်းမြင်သာ မှုတစ်ခုကို တွေခဲ့ရတယ်။” ပာု ဦးဦးလှစောက ပြောသည်။
ရခိုင်ပြည်နယ်အတွင်း တရုတ်နိုင်ငံမှ ပြုလုပ်နေသည့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်းများတွင်လည်း  ရခိုင်ပြည်သူများ အကျိုးခံစားခွင့်ရှိနိုင်ရန် သမ္မတကြီးထံထင်ပြထားကြောင်းကိုလည်း ၄င်းကဆက်ပြောသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ရခိုင်တိုးတက်ရေးပါတီ အပါအ၀င် ဒီမိုကရေစီမိတ်ဆွေပါတီ(၁၀)ပါတီနှင့် အခြားတာဝန် ရှိသူများသည် ဇူလိုင်လ(၁၈)ရက်နေ့ နံနက် ၉ နာရီမှ ၁၂ နာရီထိ သမ္မတ၏ လယ်တောရိပ်သာတွင်တွေ့ဆုံခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးဦးစိုးသိန်း၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း အပါအ၀င် နိုင်ငံရေး ပါတီများမှ ဦးသုဝေ၊ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း၊ ဦးလှစော၊ ဦးဇိုဇမ်၊ ဦးစိုင်းအိုက်ပေါင်း၊ ဦးစောသိန်း အောင်၊ ဦးနိုင်လှအောင်အပါအ၀င် စုစုပေါင်း (၃၃) ဦးနှင့် နိုင်ငံအရေးနှင့် အနာဂတ်လုပ်ငန်းစဉ်များအား ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။