ဂီတအစည်းအရုံးပြန်လည်ဖွဲ့စည်းရန်အတွက် အလွှာ(၆)လွှာမှ အမှုဆောင်အဖွဲ့ဝင် ရွေးကောက်ပွဲအားယခင်က ဇူလိုင်( ၂၄)ရက်မှ (၂၇)ရက်နေ့အထိ ကျင်းပမည်ဟု ယာထားခဲ့သော်လည်း ယခုအခါ အကြောင်းအမျိုးမျိုး ကြောင့် သြဂုတ်လသို့ ရက်ရွှေ့လိုက်ခြင်းဖြစ်သည်။
ယခင်ဂီတအစည်းအရုံးတွင် မဟာဂီတ၊ ကာလပေါ်၊ စတူဒီယို၊ စက်မှု၊ ထုတ်လုပ်အလွှာဟူ၍ (၅)လွှာရှိခဲ့ပြီး ဇူလိုင်လ (၁၁)ရက်နေ့က ပြည်သူ့လွှတ်တော်အားကစား၊ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီတို့မှ ခေတ်သစ်ဂီတအလွှာအား ထပ်မံတိုးချဲ့ခွင့်ပြုခဲ့သောကြောင့် (၆)လွှာဖြစ်ခဲ့ကြောင်း သိရသည်။
“အရင်က ခေတ်သစ်အလွှာတိုးတာကို ခွင့်မပြုကြဘူး။ ကန့်ကွက်တဲ့သူတွေရှိလို့ ခေတ်သစ်အလွှာရမှ ရွေးကောက်ပွဲဝင်မယ် ဆိုတဲ့ သူတွေက အခုခေတ်သစ်အလွှာတိုးလာတော့ ၀င်အရွေးခံမယ့်လူတွေရယ်၊ အခြား အလွှာတွေမှာ ၀င်အရွေးခံမယ့်သူတွေအတွက် ရက်ကို နောက်ဆုတ်လိုက်ခြင်း ဖြစ်ပါတယ်” ဟု ဂီတအစည်း အရုံးမှ တေးရေးဆရာ မြင့်မိုးအောင်က ပြောသည်။
ခေတ်သစ်အလွှာအား ဂီတနယ်ပယ်မှအနုပညာရှင်ပေါင်း (၁၇၀) စုပေါင်းလက်မှတ်ရေးထိုးလျက် လွှတ်တော်သို့ ဇူလိုင်လ (၂)ရက်နေ့ တွင် စာတင်ထားခဲ့ပြီး ဇူလိုင်(၁၄)ရက်နေ့တွင် နေပြည်တော်သို့ အဆိုတော်ဟေမာနေ၀င်း၊ လင်းလင်း၊ ဖြူဖြူကျော်သိန်း အစရှိသည့် ဂီတနယ်ပယ်မှ(၁၀)ဦးသွားရောက်၍ လက်ရှိဂီတလောက၌ကျင်လည် နေသောလူငယ်များပါဝင်စေရေးအတွက် ခေတ်သစ်ဂီတအလွှာအား တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဂီတမောင်နှမတွေရဲ့ ရပိုင်ခွင့်တွေနဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို ပွင့်လင်းမြင်သာစွာနဲ့ရအောင် တင်ပြ တောင်းဆိုခြင်းဖြစ်ပါတယ်။ ခိုးကူးခွေတွေ ပပျောက်အောင်လုပ်ပေးဖို့၊ ခိုးကူးလိုင်စင်တွေကို လျော့ချပေးဖို့၊ ရုပ်/သံ လိုင်းတွေက ဂီတသမားတွေရဲ့ မူပိုင်ခွင့်တွေ၊ ရပိုင်ခွင့်တွေကို ချိုးဖောက်နေတာတွေကိုလည်း ကာကွယ် ပေးဖို့ အဲ့ဒီအချက်တွေကိုလည်း လွှတ်တော်ရေးရာမှာ တင်ပြတောင်းဆိုခဲ့ပါတယ်” ဟု အဆိုတော်လင်းလင်းက ပြောသည်။
ဂီတအစည်းအရုံးအမှုဆောင်အဖွဲ့များတွင် မဟာဂီတမှ ရေး၊ဆို၊တီး (၁၀)ဦး၊ ကာလပေါ်ဂီတမှ ရေး၊ဆို၊တီး (၁၅)ဦး၊ စတူဒီယိုဂီတမှ ရေး၊ဆို၊တီး (၁၅)ဦး၊ စက်မှုဂီတမှ (၅)ဦး၊ ထုတ်လုပ်ဂီတမှ (၅)ဦးတို့နှင့် ခေတ်သစ် ဂီတမှ ရေး၊ ဆို၊တီး (၉)ဦး၊ စုစုပေါင်း(၅၉)ဦး အား ရွေးကောက်ပွဲမှ ပြန်လည်ရွေးကောက်တင်မြှောက်မည် ဖြစ်ကြောင်း ဂီတအစည်းအရုံးက သိရှိရသည်။
“ခေတ်သစ်ဂီတအလွှာရတဲ့ရက်က ကြန့်ကြာသွားတာကြောင့် ရွေးကောက်ပွဲရက် ဘယ်လောက်တိုးဖို့ဆိုတာ အစည်း အဝေးပြန် ထိုင်ရဦးမှာပါ။ အလွှာအသီးသီးအတွက် ၀င်အရွေးခံမယ့်သူကလည်း ပညာရှင်အဆင့်ပဲ ဖြစ်ရမှာဖြစ်ပြီး မဲပေးမဲ့ လူကလည်း ပညာရှင်အဆင့်ပဲ ဖြစ်ရပါမယ်။ ဂီတအစည်းအရုံးသစ်မှာပါမယ့် ၅၉ ဦး ကလည်း ဂီတလောကရဲ့ ကောင်းကျိုးတွေကို ဆက်လုပ် သွားမှာပါ” ဟု ရွေးကောက်ပွဲကြီးကြပ်ရေး ကော်မတီမှ အဆိုတော် ချမ်းအေးဝင်းက ပြောသည်။
ဂီတအစည်းအရုံးရွေးကောက်ပွဲတွင် စတူဒီယိုဂီတအလွှာအတွက် အဆိုပိုင်းတွင် နွဲ့ယဉ်ဝင်း၊ ဟေမာနေ၀င်း ၊ဖြူဖြူကျော်သိန်း၊ ဇော်ပိုင်၊ စည်သူလွင်၊ လင်းနစ်၊ အရေးပိုင်းတွင် မြင့်မိုးအောင်၊ ရွှေဂျော်ဂျော်၊ အောင်နိုင်စန်း၊ နောင်နောင်(စန်းဖလားဝါး)၊ စောခူဆဲ၊ မေသော်၊ အတီးပိုင်းတွင် ကိုမိုးနိုင်၊ ဥက္ကာဦးသာ၊ ကိုခရမ်း၊ ဇော်ဝင်းရှိန်၊ အောင်နီ၊ ၀င်းမော်၊ ဖိုးဇော်တို့အား အဆိုပြုထားကြောင်းသိရှိရသည်။
ခေတ်သစ်ဂီတအလွှာအတွက် အဆိုပိုင်းတွင် သားစိုး၊ ကျားပေါက်၊ ရန်ရန်ချန်း၊ ရဲလေး၊ရသ ၊ အရေးပိုင်းတွင် ဂျေမီ ၊Big Y ၊ Fokker ၊ ရဲလင်းအောင်၊ တွတ်ပီ၊ ကိုဘိုလေး၊ တေးဂီတပိုင်းတွင် G Tone၊ ဖိုးလုံး၊ DJ jay၊ K.G.K (ကိုကြီးကျော်)တို့အား အဆိုပြု ထားကြောင်းနှင့် စက်မှုဂီတအတွက် ကျော်ဇေယျ၊ ဦးချိုပြုံး၊ ဦးစိုးမိုး၊ ဦးအေးစိုးတို့အား အဆိုပြုကာ ထုတ်လုပ်မှုဂီတအပိုင်းတွင် စိုးသီဟ၊ မောင်မောင်သန်း၊ ဂျေဂျေ၊ အီကြာကွေး၊ ကိုမိချောတို့အား အဆိုပြုထားကြောင်းကိုလည်း သိရှိရသည်။
အလွှာအသီးသီးအတွက် ဂီတနယ်ပယ်အသီးသီးမှ မဲပေးမည့်သူများ၊ အဆိုပြုမည့်သူများသည် ကိုယ်ရေး အကျဉ်း၊ ပတ်စပို့စ်ဓါတ်ပုံ (၂)ပုံတို့နှင့်အတူ ဂီတအစည်းအရုံး(ဗဟို) အမှတ်(၂) ၊ဓမ္မဒါနလမ်း၊နတ်ချောင်း ရပ်ကွက်၊ တာမွေမြို့နယ်သို့ လာရောက် စာရင်းပေးသွင်းနိုင်ကြောင်းကိုလည်း သိရှိ သိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။