Friday, July 20, 2012

မြစ်ကြီးနားတရားရုံးမှ ထပ်မံချိန်းဆိုခဲ့သည့် ဦးလထောင်ဘရန်ရှောင်အမှု


 
 မတရားအသင်းနှင့်ပတ်သက်ဆက်နွယ်နေသည်ဟု တရားရင်ဆိုင်နေရသော ဦးလထောင်ဘရန်ရှောင်၏ အမှုအား ဇူလိုင် (၂၃) ရက်နေ့တွင် ထပ်မံ ရုံးချိန်းချိန်းဆိုထားကြောင်း ၎င်း၏ ရှေ့နေ ဦးမာခါးက ပြောသည်။



ဇူလိုင်(၁၆) ရက်နေ့က မြစ်ကြီးနားတရားခွင်တွင် တရားသူကြီး ဦးမြင့်ထူးမှ တရားလိုစစ်ဖက်ဆိုင်ရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ) ဗိုလ်ကြီးကျော်စွာလင်းအား စစ်ဆေးပြီးနောက် ထပ်မံရုံးချိန်းချိန်းဆိုလိုက်ခြင်းဖြစ်သည်။



ပုဒ်မ ၁၇(၁)အမှုဖြင့် တရားစွဲဆိုခံရသော ဦးလထော်ဘရန်ရှောင်၏ အမှုတွင် တရားရုံးတော်မှ တရားလို စရဖ ဗိုလ်ကြီး   ကျော်စွာလင်းနှင့် သက်သေပြတရားလို ဒုစရိုက်နိမ်နှင်းရေးအဖွဲ့မှ ရဲအုပ် အောင်မြသန်းတို့ နှစ်ဦးအား စစ်ဆေးခဲ့ပြီးဖြစ်သည်။



ပထမဦးဆုံး ရုံးချိန်းတွင် ရဲအုပ် အောင်မြသန်းမှ ဦးဘရန်ရှောင်သည် ကချင်လွတ်မြောက်ရေးအဖွဲ့တွင် တပ်ကြပ် ကြီးအဆင့် တာဝန်ထမ်းဆောင်ခဲ့ကြောင်း ထွက်ဆိုသွားကာ ဒုတိယ ရုံးချိန်းတွင် တရားလိုဗိုလ်ကြီး ကျော်စွာ လင်းမှလည်း ဦးဘရန်ရှောင် မှာ ကေအိုင်အို ဝန်ထမ်းဖြစ်၍ တရုတ်နိုင်ငံသို့ လက်နက်များ သယ်ဆောင်ခဲ့သူ တစ်ဦးဖြစ်ကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့ခြင်းဖြစ်သည်။



“တရားလိုတစ်ဦးနဲ့ သက်သေပြတရားလိုတစ်ဦးနှစ်ယောက်ကိုပဲ စစ်ဆေးရသေးတယ်။အကုန်လုံးစစ်ပြီးမှစွဲချက်တင်သင့်မတင်သင့်ကို တရားသူကြီးက အမိန့်ချမှတ်သွားမယ်။” ဟု ရှေ့နေ ဦးမာခါးက ပြောသည်။



မြစ်ကြီးနား၌ ဇူလိုင်လ(၁၉)ရက်နေ့က ဦးလထောင်ဘရန်ရှောင်အား လွှတ်လိုက်ပြီဟူ၍ သတင်းများထွက်ပေါ်နေကြောင်းကိုလည်း အတည်မပြုနိုင်သေးသည့်သတင်းများအရ သိရသည်ဟု ဦးမာခါးက ဆိုသည်။



မြစ်ကြီးနားမြို့နယ်၊ ဂျန်မိုင်ကောင့် ဒုက္ခသည်စခန်းတွင် လာရောက် ခိုလှုံနေသူ ဦးဘရန်ရှောင်ကို ဇွန်လ (၁၇) ရက်နေ့က   ကေအိုင်အိုနှင့် ပတ်သက်ဆက်နွယ်နေသူဟု အမှတ် (၁) ရဲစခန်းမှ ဒုရဲအုပ် ကျော်မျိုးနိုင်မှ ဖမ်းဆီး ခဲ့ပြီး ဇွန်လ (၂၅) ရက်နေ့တွင် တရားရုံးမှ ရမန်ယူခဲ့ခြင်းသည်။



ဇွန်လ (၂၈) ရက်နေ့ တရားရုံးဖြောင့်ချက်ရယူရာတွင် ဦးဘရန်ရှောင်၏ ကိုယ်ပေါ်မှ အရိုက်ခံရသောဒဏ်ရာများနှင့် အသံဖမ်းစက်တွေ့ရှိခဲ့သဖြင့် တရားသူကြီးမှ ဖြောင့်ချက်မယူတော့ပေ။



မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁) အမှုဖြင့် တရားစွဲဆို ခံရသူ ဦးဘရန်ရှောင်အား လွှတ်ပေးရန် ဇူလိုင် (၆) ရက်နေ့တွင် မြစ်ကြီးနားမြို့၌ ဂျန်မိုင်ကောင့်ဒုက္ခသည်စခန်းမှ ဒုက္ခသည်များနှင့် KBC ကချင်နှစ်ခြင်းခရစ် ယာန်အဖွဲ့ချုပ်မှ ဦးဆောင်ကာ လူဦးရေ (၁၄၀၀) ပါဝင်သော ဆန္ဒထုတ်ဖော်မှု ပြုလုပ်ခဲ့သည်။



ဇူလိုင်(၁၂)ရက်နေ့တွင်လည်း KBC မှလည်း တရားစွဲဆိုချက်ကို ရပ်တန့်ပေးရန် အသင်းတော်ပေါင်း (၃၈၀)ခုက စစ်မှန်၍ တရားမျှတသော တရားစီရင်ဆုံးဖြတ်မှုကို လုပ်ဆောင်ပေးရန် သမ္မတ ဦးသိန်းစိန်ထံ စာရေးသား ပေးပို့ ထားကြောင်းကိုလည်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။