Friday, July 20, 2012

၆၅ နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အခမ်းအနား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၌ ပြုလုပ်

၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်သော ၆၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးချုပ်တွင် ဇူလိုင်လ ၁၉ ရက်နေ့ နံနက်က ကျင်းပခဲ့သည်။
အခမ်းအနားမစတင်မီ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ရဲဘော်ကိုးဦးကျဆုံးခဲ့သည့် နံနက် ၁၀ နာရီ ၃၇ မိနစ်တွင် ဥသြဆွဲကာ ပါတီဝင်များနှင့် တက်ရောက်လာသော ပြည်သူများက အာဇာနည် ဗိမာန်ဘက်သို့ မျက်နှာမူကာ အလေးပြုခဲ့ကြသည်။ ထို့နောက် အခမ်းအနားကို စတင်ခဲ့ပြီး ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်များကို အလေးပြု၍ ဒီမိုကရေစီအဆက် ဆက်တွင်ကျဆုံးခဲ့သော ရဟန်းရှင် လူကျောင်းသားပြည်သူများအတွက် တစ်မိနစ်ခန့် ငြိမ်သက်ခဲ့ကြသည်။
ဆက်လက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နာယက ဦးတင်ဦးက အမှာစကားပြောကြားခဲ့ပြီး ၆၅ နှစ်မြောက် အာဇာနည်နေ့ ကြေညာချက်ကို ဖတ်ကြားခဲ့သည်။ အသက်ပေးသွားကြသော အာဇာနည်ခေါင်းဆောင်ကြီးများ ၏ မိန့်မှာချက်များ၊ ဆန္ဒများနှင့်အညီ ကျွန်ုပ်တို့ မြန်မာနိုင်ငံတော်ကြီးအား စစ်မှန်သော ဒီမိုကရေစီနိုင်ငံတော်ကြီးအဖြစ် တည်ဆောက်နိုင်ရန်အလို့ငှာ 'ဘယ်သူကမှန်သည်'ဆိုသော အယူအစွဲ ကွဲပြားမှုများကို ရပ်တန့်ပြီး 'ဘယ်ဟာက မှန်သည်'ဆိုသော ဓမ္မဓိဋ္ဌာန် သဘောအရ ပေါင်းစည်းကြလျက် ယနေ့တည်ရှိနေသော အခွင့်အခါ ကောင်းကို အမိအရ ဆုပ်ကိုင်ကြပါစို့ဟု နှိုးဆော်အပ်ပေသည်ဟု ကြေညာချက်စာတမ်းတွင် ထည့်သွင်းဖော်ပြထားသည်။ အခမ်းအနားတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားခဲ့သည်။
''ကျွန်မတို့ အာဇာနည်နေ့ အခမ်းအနားကျင်းပတာ အခြေခံအကြောင်းကတော့ နိုင်ငံရေးလို့ပဲ ပြောရမှာပါ။ ကျွန်မတို့က နိုင်ငံရေးပါတီဆိုတော့ နိုင်ငံရေးကို အခြေခံပြီး ဒီလိုပွဲမျိုးကို ကျင်းပတာပါ။ ပြီးတော့ အာဇာနည် စိတ်ဓာတ် ပြန့်ပွားစေချင်လို့ပါ။  အာဇာနည်စိတ်ဓာတ်ဆိုတာက သက္ကတ ဘာသာစကားက လာတာ။ မြင့်မြတ်တဲ့လူမျိုးလို့ အဓိပ္ပာယ်ရပါတယ်။ ဒီခေတ်မှာတော့ လူမျိုးကို မကြည့်ကြတော့ မြင့်မြတ်တဲ့ စိတ်ဓာတ်လို့ပဲ ပြောရမှာပါ။ အဲဒီတော့ မြင့်မြတ်တဲ့စိတ်ဓာတ်ကိုပဲ အာဇာနည်စိတ်လို့ ကျွန်မမြင်ပါတယ်။  အာဇာနည်စိတ်ကို ပြန်ပွားစေချင်လို့ အာဇာနည်ပုဂ္ဂိုလ်ကြီးတွေကို မမေ့ဖို့လိုပါတယ်။ ကျွန်မတို့နိုင်ငံက နိုင်ငံသူ နိုင်ငံသားတွေ အားလုံး တန်ဖိုးရှိတဲ့ သူတွေဖြစ်လာဖို့ မိဘများကလည်း ပြုစုပျိုးထောင်ပေးမှ ကျွန်မတို့နိုင်ငံဟာ အာဇာနည်များတဲ့ နိုင်ငံဖြစ်လာမှာပါ''ဟု ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ ပွင့်လင်းလူ့ဘောင်ဖော်ဆောင်ရေး (မကွေးတိုင်း)နှင့် ၈၈ မျိုးဆက် ကျောင်းသားများမှ ၆၅ နှစ်မြောက် အာဇာနည်နေ့ သ၀ဏ်လွှာများ ပေးပို့ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။