Wednesday, June 6, 2012

ယခုဘဏ္ဍာရေးနှစ်အတွင်း ဆက်သွယ်ရေးကဏ္ဍ၌ ပြည်တွင်း ပုဂ္ဂလိက လုပ်ငန်းများ ပိုမိုရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုသွားမည် လက်ရှိကျပ်နှစ်သိန်းတန် မိုဘိုင်းဖုန်းများကိုလည်း အဆင့်ဆင့် ဈေးထပ်မံလျော့ချရန်ရှိသည်ဟု သိရ


၂၀၁၂-၂၀၁၃ခုနှစ်အတွင်း မြန်မာ့ဆက်သွယ်ရေးကဏ္ဍကို ပြည်တွင်း ပုဂ္ဂလိကလုပ်ငန်း ပိုမိုပါဝင် ရင်းနှီးမြှုပ်နှံမှု ရရှိရေး ခွင့်ပြုသွားမည်ဖြစ်ပြီး မိုဘိုင်းတယ်လီဖုန်း တပ်ဆင်ခနှုန်းထားများကိုလည်း အဆင့်ဆင့် လျော့ချ သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်း ၀န်ကြီးဌာန ဒုတိယ၀န် ကြီးဦးတင့်လွင်က ပြောကြားခဲ့သည်။

ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးတင့်လွင်က ''ပြန်လည်ပြင်ဆင် ရေးဆွဲလျက်ရှိတဲ့ ဆက်သွယ်ရေး ဥပဒေမူကြမ်းမှာ ဆက်သွယ်ရေးကဏ္ဍမှာ private sector မှ ကျယ်ပြန့်စွာ ပါဝင်လာရေးနဲ့ ဆက်သွယ်ရေး ၀န်ဆောင်မှုများကို နိုင်ငံတကာနည်းတူ private sector မှ ပါဝင်လုပ်ဆောင်နိုင်သော အခွင့်အလမ်းများကို ထည့်သွင်းရေးဆွဲထားပြီး ဖြစ်ပါတယ်။ ဒါ့အပြင် အမျိုးသားစီမံကိန်း ဥပဒေကြမ်း မှာ ပါဝင်တဲ့ ၂၀၁၂-၂၀၁၃ ခုနှစ်အတွက် ဆက်သွယ်ရေးကဏ္ဍ မူဝါဒများကိုလည်း ပြည်ထောင်စုလွှတ်တော်က ဆွေးနွေး အတည်ပြုပြီး ဖြစ်ပါတယ်။ ၎င်းမူဝါဒမှာ စာတိုက်၊ ကြေးနန်း တယ်လီဖုန်း လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကဏ္ဍအနေဖြင့် private, public, partnership(PPP) ပုံစံဖြင့် ဆောင်ရွက်သွားရန် ရည်မှန်းချက်ထားပြီး ပြည်တွင်းပုဂ္ဂလိက လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုကို ပိုမို ခွင့်ပြုဆောင်ရွက်ရေး ဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။
''မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းဟာ ပုဂ္ဂလိကကဏ္ဍနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ GSM မိုဘိုင်း တိုးချဲ့တပ်ဆင်ရေး စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် နိုင်ငံတော်သမ္မတရုံးသို့ တင်ပြခွင့်ပြုချက် ရယူခဲ့ပြီး နိုင်ငံသား ပိုင်ပြည်တွင်း ပုဂ္ဂလိကကုမ္ပဏီ ၂၃ ခုနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းသဘောတူ ဆောင်ရွက်ခဲ့ကြပါတယ်။ စီမံကိန်းကာလ ပထမနှစ်မှာ တည်ဆောက်ရတဲ့(Telecommunication Infrastructure)သည် စီမံကိန်းကာလအတွက် လုံလောက်ပြည့်စုံအောင် တည်ဆောက်ရတဲ့အတွက် အချိန်ယူ တည်ဆောက်ရတဲ့အပြင် ကနဦး ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ် များပြားလှပါတယ်။ လာမယ့် စီမံကိန်းများအတွက် ရင်းနှီးမြှုပ်နှံမှု များသည် နှစ်စဉ်လျော့ကျ သက်သာသွားမည်ဖြစ်သည့်အတွက် နိုင်ငံတကာ နှုန်းထားများအတိုင်း လျော့ချသွားနိုင်မှာ ဖြစ်ပါတယ်''ဟု ဆက်လက် ပြောကြားခဲ့သည်။

GSM မိုဘိုင်းလိုင်းအင်အား သန်း ၃၀ စီမံကိန်း၏ ပထမနှစ်စီမံကိန်း ဖုန်းအလုံးရေလေးသန်းတွင် လက်ရှိ အချိန်၌ GSM မိုဘိုင်းဖုန်းအလုံးရေ ခုနစ်သိန်းဝန်းကျင်ကို ရောင်းချပြီးဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။