Wednesday, June 6, 2012

ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးခရိုင်အတွင်းရှိ မြို့ပြင် မြို့နယ်များမှလွဲ၍ ပြည်နယ်နှင့် တိုင်းဒေသကြီးများ အားလုံးတွင် ဇွန်လ ၅ ရက်နေ့မှစ၍ ၂၄ နာရီ မီးပြန်ပေးမည်

ဇွန်လ ၅ ရက်နေ့ ည ၁၀ နာရီအချိန်က ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဖူးတွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးခရိုင်အတွင်းရှိ မြို့ပြင်မြို့နယ်များမှလွဲ၍ ပြည်နယ်နှင့် တိုင်းဒေသကြီးများအားလုံးတွင် ဇွန်လ ၅ ရက်နေ့မှစ၍ ၂၄ နာရီ မီးပြန်ပေးမည်ဖြစ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ ဇွန်လ ၅ ရက်နေ့ ထုတ်ပြန်ချက်များအရ သိရှိရသည်။

ရွှေလီ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံမှ ဓာတ်အားပို့လွှတ် ဖြန့်ဖြူးနိုင်၍လည်းကောင်း၊ ဓာတ်အားစနစ်အတွင်း ဓာတ်အားထုတ်လုပ်နိုင်မှု တိုးတက်လာ၍လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးခရိုင်အတွင်းရှိ မြို့တွင်းမြို့နယ်များအား ဇွန်လ ၂ရက်နေ့မှစတင်ကာ ၂၄ နာရီ ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိကြောင်း သိရှိရသည်။

ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်လတ်က''ရန်ကုန်တိုင်းဒေသကြီး မြို့တွင်းမြို့နယ်တွေမှာရှိတဲ့ အများပြည်သူကို ဇွန်လ ၂ ရက်နေ့ကစပြီး ၂၄ နာရီ မီးပေးခဲ့ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာရှိတဲ့ စက်မှုဇုန်တွေကိုတော့ အရင်အတိုင်း နှစ်အုပ်စုခွဲပြီး လျှပ်စစ်မီးပေးပါမယ်။ မနက် ၇ နာရီကနေ နေ့လယ် ၁၂ နာရီ တစ်အုပ်စု၊ နေ့လယ် ၁၂ နာရီကနေ ညနေ ၅ နာရီ အထိ တစ်အုပ်စု ည ၁၁ နာရီကနေ မနက် ၅ နာရီအထိ စက်မှုဇုန်အားလုံး လျှပ်စစ်မီးပေးတဲ့စနစ်နဲ့ သွားမှာဖြစ်ပါတယ်''ဟု ပြောကြားခဲ့သည်။

ရွှေလီဓာတ်အားပေးစက်ရုံမှ ဓာတ်အားပို့လွှတ်လျက်ရှိသော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းကြားရှိ ၂၃၀ကေဗွီ ရွှေလီ-မန်စံဓာတ်အားလိုင်းမှ တာဝါတိုင်များသည် မေလ ၁၈၊ ၁၉ ရက်နေ့များတွင် ဖောက်ခွဲဖျက်ဆီးခံခဲ့ရသည်။ ထို့ကြောင့် ရွှေလီဓာတ်အားပေးစက်ရုံမှ ဓာတ်အား ၂၀၀ မဂ္ဂ၀ပ်ခန့်ကို မရရှိတော့သဖြင့် မေလ ၂၁ ရက်နေ့မှ စတင်ကာ ရန်ကုန်မြို့အတွင်းရှိ အများပြည်သူများကို အလှည့်ကျမီးပေးစနစ်ဖြင့် လျှပ်စစ်မီး ပေးဝေခဲ့ရကြောင်း သိရသည်။

ရေအားလျှပ်စစ်များမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု လျော့နည်းလာသည့် နွေရာသီအချိန်တွင် လျှပ်စစ်ဓာတ်အား ပိုမိုပေးနိုင်ရန် ရေရှည်စီမံချက်အဖြစ် ရန်ကုန်မြို့အနီး၌ ဂျပန်နိုင်ငံ J-Power ကုမ္ပဏီနှင့် ဖက်စပ်ပြုလုပ်၍ ၆၀၀မဂ္ဂါဝပ် ပြုထုတ်လုပ်နိုင်မည့် ကျောက်မီးသွေးသုံး ဓာတ်အား ပေးစက်ရုံကိုလည်းကောင်း၊ ကိုရီးယားသမ္မတနိုင်ငံ BKB ကုမ္ပဏီနှင့် ပူးပေါင်း၍ ၅၀၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည့် သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံကို တည်ဆောက်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။

လက်ရှိအချိန်တွင် မြန်မာတစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်မှာ ပျမ်းမျအားဖြင့် နေ့အချိန်တွင် ၁၆၀၀မဂ္ဂါဝပ်ဖြစ်ပြီး ညအချိန်တွင် ၁၈၀၀မဂ္ဂါဝပ်လိုကြောင်း သိရှိရသည်။         

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။