Wednesday, June 6, 2012

နေပြည်တော်တွင် ဆိုင်းငံ့စနစ်ဖြင့် ၀က်များရောင်းချပေးနေ

နေပြည်တော်ဒေသကြီးတွင်းရှိ မြို့နယ်များတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် သမ၀ါယမဦးစီးဌာနတို့မှ ဦးစီး၍  ဒေသခံပြည်သူများအားဝက်များမွေးမြူနိုင်ရန် အတွက် ငွေကြေးဆိုင်းငံ့စနစ်ဖြင့်ရောင်းချပေးလျက်ရှိကြောင်း သိရှိရသည်။
  
ဝက်မွေးမြူလိုသော ဒေသခံများအနေဖြင့် စုဖွဲ့၍မြို့နယ်အုပ်ချုပ်ရေးရုံးနှင့်သမ၀ါယမရုံးများတွင် စာရင်း ပေးသွင်းရမည်
ဖြစ်ကြောင်း သိရသည်။



“မွေးမြူချင်တဲ့ သူတွေက မြို့နယ်သမ၀ါယမမှာ စာရင်းပေးနိုင်တယ်။ အခုဝက်သားပေါက် တစ်လသားကို ၇သောင်းနဲရာင်းတယ်။ ၀ယ်မွေးတဲ့သူတွေအနေနဲ့လည်း ပိုက်ဆံတစ်ခါတည်း ပေးစရာမလိုပါဘူး။ ၆လပြည့် တော့မှ အခုဝယ်တဲ့၇သောင်းပဲ ပေးရမှာပါ။ ဘာအပိုကြေးမှ ပေးစရာမလိုပါဘူး”ဟု နေပြည်တော်မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာ ဒေါ်ညွန့်ညွန့်နွယ်က ပြောသည်။


အဆိုပါ ၀က်များအား မွေးမြူလိုသူများအနေဖြင့် သက်ဆိုင်ရာသမ၀ါယမရုံးများတွင် စာရင်းပေးသွင်းကာ မွေးမြူလိုသည့် ၀က်အမျိုးအစားအလိုက်ဈေးနူန်း(တန်ဖိုးငွေ)အား (၆)လပြည့်မှာသာ ပေးသွင်းရမည်ဖြစ်ပြီးဝက်ဈေးနူန်းမှာ အမျိုးအစားအလိုက် ကျပ်ငွေ ၇သောင်းမှ ၃သိန်းဝန်းကျင်အထိဈေးနူန်းများရှိကြောင်း သိရသည်။


“၀က်(၇)သောင်းတန် တစ်ကောင်လောက်ကို (၆)လနေမှ သွင်းရမှာဆိုတော့အဆင်ပြေပါတယ်။ မွေးဖို့လည်း အချိန်ရတယ်။ ကိုယ်မွေးနေတုန်းမှာအကောင်ကလည်းဖြစ်မယ်ဆိုရင် ပြန်ရောင်းရင်တောင် ၉သောင်း ၁သိန်းတော့ရနိုင်တယ်။    နောက်ဆုံးပြန် ရောင်းရင်တော့ အရင်းတိုင်း ပြန်ရတောင်မရှုံးနိုင်ဘူး”ဟု နေပြည်တော် ဥတ္တရသီရိမြို့နယ်မှ ဦးမျိုးမင်းက ပြောသည်။


နေပြည်တော်ဒေသ သီရိ(၅)မြို့နယ်ရှိ ရပ်ကွက်၊ ကျေးရွာများတွင်သမ၀ါယမဦးစီးဌာနမှ ၀က်မွေးမြူလို သူများအား စာရင်းကောက်ခံနေကြောင်း၊လက်ရှိတွင် ဇဗ္ဗူသီရိမြို့နယ်နှင့် ဇေယျာသီရိ မြို့နယ်များတွင်ဆောင်ရွက်လျက်ရှိပြီး  ၊   လယ်ဝေးမြို့နယ်ရှိ ရွာ (၂) ရွာတွင်ဝက်များရောင်းချခဲ့ပြီးဖြစ်ကြောင်း ဒေသခံတို့က ဆိုသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။