Wednesday, June 6, 2012

 အစိုးရသစ်လက်ထက်တွင် နှစ်နှစ်သက်တမ်း အစိုးရငွေတိုက်စာချုပ် ရောင်းချရမှု ယခင်နှစ်ထက် ၁၀ ဆကျော်အထိ မြင့်တက်ပြီး ကျပ် ၅၄၁ ဘီလျံကျော်အထိ ရောင်းချခဲ့ရ


အစိုးရသစ်လက်ထက် ဘဏ္ဍာနှစ်ဖြစ်သော ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် နှစ်နှစ်သက်တမ်း အစိုးရငွေတိုက် စာချုပ်ရောင်းချရမှုမှာ ယခင်နှစ်ကထက် ၁၀ ဆကျော်အထိ မြင့်တက်ခဲ့ကြောင်း သတင်းရရှိသည်။

၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်က ကျပ် ၅၁ ဘီလျံကျော်ဖိုးသာ ရောင်းချခဲ့ရသော်လည်း ယခု အစိုးရသစ် လက်ထက်တွင် ကျပ် ၅၄၁ ဘီလျံ ကျော်ဖိုးအထိရောင်းချခဲ့ရသည်ဟု ထုတ်ပြန်ချက်များအရ သိရသည်။

အစိုးရသစ် လက်ထက်မတိုင်မီ ၂၀၁၀-၂၀၁၁ ဘဏ္ဍာရေးနှစ်များက အစိုးရငွေတိုက်စာချုပ်များ ရောင်းချရာတွင်မူ အစိုးရသစ် သက်တမ်းငါးနှစ်ဖြင့် ကိုက်ညီနေသည့် ငါးနှစ်သက်တမ်း ငွေတိုက်စာချုပ်များသာ စံချိန်တင် ရောင်းချခဲ့ရကြောင်း၊ ယခုနှစ်တွင်မူ ငါးနှစ်သက်တမ်းငွေတိုက် စာချုပ်များမှာ ရောင်းချရမှုလျော့ကျသွားခဲ့ကြောင်း သိရသည်။

ရောင်းချရမှုအနည်းဆုံး အစိုးရငွေတိုက် စာချုပ်အမျိုးအစားမှာ သုံးနှစ်သက်တမ်းငွေတိုက် စာချုပ်ဖြစ်ပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ကျပ် ၅၆ ဘီလျံကျော်ဖိုးသာ ရောင်းချခဲ့ရသည်ဟု သိရသည်။

နှစ်နှစ်သက်တမ်း၊ သုံးနှစ်သက်တမ်း၊ ငါးနှစ်သက်တမ်း အစိုးရငွေ တိုက်စာချုပ်များ ၀ယ်ယူမှုမှာ အဓိကအားဖြင့် ငွေပိုငွေလျံများအား ပုံသေအတိုးနှုန်းဖြင့် မြှုပ်နှံခြင်းဖြစ်ပြီး လုပ်ငန်းများတွင် မြှုပ်နှံမှုထက်ပို၍ စိတ်ချရသည်ဟု ယုံကြည်သည့်အတွက် ၀ယ်ယူကြခြင်းဖြစ်သည်ဟု လုပ်ငန်း ရှင်များက သုံးသပ်သည်။
''အစိုးရငွေတိုက်စာချုပ် ၀ယ်တာများတာတို့ ဘဏ်မှာ ငွေအပ်တာများတာတို့ဆိုတာ တကယ်တမ်း ငွေပိုပေမယ့် တကယ့်ဈေးကွက်ထဲမှာ မြှုပ်နှံဖို့ထက် ပိုစိတ်ချရတဲ့ အခြေအနေဖြစ်နေလို့ ဒီအထဲကို ၀င်လာကြတာက ပိုများတယ်။ အပြင်ဈေးကွက်မှာ မြှုပ်နှံတာက ခိုင်မာတယ်ဆိုရင် ဒီအတိုးနှုန်းလောက်နဲ့တော့ ဘယ်မြှုပ်နှံမှာလဲ။ ဆိုလိုတာက စီးပွားရေးအရ မြှုပ်နှံဖို့အပြင် ဈေးကွက်မှာ မရဲသေးလို့ တကယ်မြှုပ်နှံဖို့ အခွင့်အလမ်းတွေ နည်းနေသေးလို့ဆိုတာကို ပြတာပဲ။ တချို့လည်း ပုံမှန်ငွေ တိုက်စာချုပ်တွေဝယ်ပြီး အတိုးစားတာလည်း ရှိပေမယ့် နည်းနိုင်ပါတယ်။ ဘယ်နှစ်မှာပဲကြည့်ကြည့် ငွေတိုက်စာချုပ် အမြဲရောင်းခဲ့တာပဲ။ ဒီနှစ် အစိုးရသစ် လက်ထက်လောက် စံချိန်တင်ပမာဏနဲ့ ရောင်းရတဲ့နှစ် မရှိသေးဘူး။ ၂၀၀၉-၂၀၁၁ တုန်းက ကျပ်ဘီလျံ ၆၉၇ ကျော်ဖိုးရောင်းရတာက အမြင့်ဆုံးပဲ။ အဲဒီနှစ်မှာဘာကြောင့် ရောင်းရတာလဲ ပြန်တွက်ကြည့်ရင် နာဂစ်ဖြစ်ပြီး ကမ္ဘာ့စီးပွားရေး ပျက်ကပ်ကြောင့် ဖြစ်လာတဲ့ သက်ရောက်မှုတွေ မြန်မာနိုင်ငံကို ရိုက်ခတ်နေတဲ့ ကာလဖြစ်တဲ့အတွက် ဈေးကွက်ထဲ၊ လုပ်ငန်းထဲမြှုပ်နှံတာ မသေချာတဲ့အတွက် ငွေတိုက်စာချုပ်တွေပဲဝယ်ကြလို့ စံချိန်တင်သွားတာ။ နောက်နှစ်ကျတော့ စီးပွားရေးပျက်ကပ်ကို ပြန်ကုစားနိုင်လို့တော့ မဟုတ်ပေမယ့် နိုင်ငံပိုင်လုပ်ငန်းတွေကို ပုဂ္ဂလိကလက်ထဲ လွှဲပြောင်းတဲ့ ပမာဏများလာပြီးတော့ ဆီဆိုင်ဖွင့်ရတာတို့ ဘာတို့နဲ့ အလုပ်ရလာလို့ ငွေတိုက်စာချုပ်မ၀ယ်တဲ့အတွက် ကျပ် ၄၄၆ ဘီလျံ ကျော်ဖိုးပဲ ရောင်းရတော့တယ်။ ဒါကို ကြည့်ရင် ဒီနှစ်ငွေတိုက်စာချုပ်တွေ စံချိန်တင်သွားအောင် ရောင်းလိုက်ရတယ်ဆိုတာ တကယ်တော့ အရင်တုန်းက အခြေအနေနဲ့ ပြန်တွက်ရင် ဒါက အပြင်စီးပွားရေး၊ လုပ်ငန်းတွေမှာ ခိုင်ခိုင်မာမာမြှုပ်နှံဖို့ အခြေအနေ မရှိသေးဘူး။ တကယ်တော့ စီးပွားရေးကဏ္ဍ ဘယ်လောက်ပဲပြုပြင် ပြောင်းလဲနေတယ် ပြောပေမယ့် ငွေဈေးကျဆင်းမှုဒဏ်ကို ခုထိအခြေခံတောင်သူတွေရော၊  မွေးမြူသူတွေပါ ထိနေတုန်းဆိုတာ မြင်နေရတာပဲ။ ပို့တော့ပို့နေတယ်၊ အကျိုးအမြတ်အရင်ကလောက် မရှိဘူးဆိုတာ လက်တွေ့မြင်နေရတာပဲ။ SMEs တွေဆိုရင် နယ်စပ်က၀င်တဲ့ ကုန်ပစ္စည်းတွေနဲ့ အပြိုင်မရောင်းနိုင်လို့ လုပ်ငန်းသေနေတုန်းပဲလေ။ ငွေတိုက်စာချုပ် ရောင်းရတယ်ဆိုတာ အတိုးနှုန်းကို မက်လို့ မဟုတ်ဘူး၊ ပြင်ပအခြေအနေ မဟန်သေးလို့ ဆိုတာကို ပြောချင်တာပါ'' ဟု လှိုင်သာယာစက်မှုဇုန်မှ ကုန်ထုတ်လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ခဲ့သည်။
ဘဏ္ဍာရေးနှစ်အလိုက် အစိုးရငွေတိုက်စာချုပ် အမျိုးအစားအလိုက် ရောင်းချရမှု(ကျပ်၊ သန်း)
ဘဏ္ဍာနှစ် ၂ နှစ်သက်တမ်း ၃ နှစ်သက်တမ်း ၅ နှစ်သက်တမ်း စုစုပေါင်း
၂၀၀၇-၂၀၀၈ - ၇၀၃၄၆ .၃၂ ၂၃၅၅၀ .၂၂ ၉၃၈၉၆ .၅၄
၂၀၀၈-၂၀၀၉ - ၈၇၇၈၀ .၃၀ ၄၃၀၉၄ .၀၂ ၁၃၀၈၇၄ .၃၂
၂၀၀၉-၂၀၁၀ - ၅၉၈၄၇၀ .၆၆ ၉၉၃၀၅ .၄၂ ၆၉၇၇၇၆ .၀၈
၂၀၁၀-၂၀၁၁ ၅၁၃၂၂ .၇၃ ၈၂၀၂၈ .၆၂ ၅ ၃၁၂၆၇၈ .၁ ၄၄၆၀၂၉ .၅၀
၂၀၁၁-၂၀၁၂ ၅၄၁၁၁၇ .၄၆ ၅၆၄၂၁ .၃၉ ၂၈၃၈၅၆ .၉၃ ၈၈၁၃၉၅ .၇၈
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။