Wednesday, June 6, 2012

တိုးပေးနေသော လစာနှုန်းထားများနှင့် ဆန္ဒပြလုပ်သားများ အဆင်မပြေသေး

အလုပ်သမားများအတွက် တိုးမြှင့်ပေးနေသော လုပ်ခလစာနူန်းထားများသည် အလုပ်သမားများ၏ စားဝတ်နေ ရေးအား   ပြေလည်နိုင်ခြင်းမရှိဟု ဆန္ဒပြလုပ်သားတို့က ဆိုသည်။
 
 “ကျွန်မတို့ စက်ရုံတွေမှာ အခြေခံလစာနဲ့ အခြားတိုင်တွေက အရမ်းများတယ်။ ဦးမြင့်စိုးတင်ပြတဲ့အထဲမှာ တိုင် (၁၁)တိုင်ကနေ (၆)တိုင်လျော့ပေးပြီး (၅)တိုင်ဆိုတာအရမ်းကောင်းပါတယ်။ ဒါပေမယ့် လုပ်ခလစာငွေ (၃၁၇၀၀) အချိန်ပိုကြေး မပါတဲ့ အနေအထားက မဖြစ်နိုင်ပါဘူး။ အလုပ်သမားတစ်ယောက်ရဲ့ အနည်းဆုံး တစ်လကုန်ကျစရိတ်က (၄၀၀၀၀)ရှိပါတယ်။ အခုညှိနိုင်းပေးတဲ့ လုပ်ခလစာက ဘယ်လိုမှ ပြေလည်မူ မရှိနိုင်ပါဘူး” ဟု တိုင်ရီဖိနပ်စက်ရုံက မမိုးဝေက ပြောသည်။
 
 
 
လှိုင်သာယာစက်မှု့ဇုန်ရှိ ဆန္ဒပြစက်ရုံ(၂၅)ရုံကျော်တွင် ဇွန်လ(၅)ရက်နေ့က စက်ရုံ(၇)ရုံပြေလည်ခဲ့ပြီး၊ ယနေ့တွင် ကျန်ရှိစက်ရုံများ ဇွန်လ(၆)ရက်နေ့ နေလည်(၁း၀၀)တွင် ဆက်လက်ညှိနှိုင်းမည်ဖြစ်ကြောင်း (၈၈)မျိုးဆက်ကျောင်းသားများ အဖွဲ့က ကိုကိုကြီး(စမ်းချောင်း)ထံမှ သိရှိရသည်။
 
 
“ပြေလည်တဲ့(၇)ရုံက သူတို့တောင်းတဲ့ ဒေးကြေးက (၃)သောင်း၊ ဒါပေမယ့် လုပ်ငန်းရှင်နဲ့ ညှိနှိုင်းတာ (၂၇၀၀၀)ပေးတော့ လတ်တလောတော့ ပြေလည်မှုရနေတယ်၊ ကျွန်တော်တို့ မသိပဲနဲ့ပြေလည်သွားတဲ့ စက်ရုံတွေလည်း ရှိတယ်”ဟု ကိုကိုကြီး(စမ်းချောင်း)ကပြောသည်။
 
 
ပြေလည်သွားသောစက်ရုံများမှာ Hi-Mo၊ Costec၊ ငွေကံ့ကော်၊ Myit Apparel၊စံကောင်းကမ္ဘာကျော်၊ Great forever နှင့်  Myanmar C&N စက်ရုံများဖြစ်ကြောင်း သိရှိရသည်။
 
စက်ချုပ်အလုပ်သမား၏ လစာအနေဖြင့် အချိန်ပိုကြေး၊ အခြေခံလစာ၊ ရက်မှန်ကြေး၊ ထုတ်လုပ်မှုစုကြေးများ ပါဝင်ပြီး အလုပ်သင်တစ်ဦးလျှင် တစ်လလုပ်ခလစာ (၆၆၀၀၀) ကျပ်နှင့်  အလယ်လတ်အဆင့်အလုပ်သမား တစ်ဦး တစ်လလုပ်ခလစာမှာ ကျပ် (၇၃၉၉၉)ဖြင့် အကြမ်းဖျဉ်းညှိနိုင်းပေးထားကြောင်း အထည်ချုပ်ဥက္ကဌ ဦးမြင့်စိုးက ပြောသည်။
 
 
“အလုပ်သမားတွေကို အဆင့်သုံးဆင့်ခွဲထားတယ်ပေါ့။ အလုပ်သင်အဆင့်နဲ့ အလယ်လက်ကျွမ်းကျင်အဆင့်ကို ညှိနိုင်းသတ် မှတ်ပေးထားပါတယ်။ အဲဒီထက် မြင့်တဲ့ (A)အဆင့် တစ်သိန်းအထက်ရတဲ့ သူတွေကိုတော့ ကင်းလွတ် နယ်မြေအဖြစ်နဲ့ သတ်မှတ်ထားပါတယ်။ (A) အဆင့်ကို အလယ်အလတ်(B)အဆင့်ထက် မနည်း တဲ့ လစာကို မျိုးဖြစ်ရမယ်။ သူတို့ စက်ရုံက အားထားရတဲ့ လူမျိုးဖြစ်တယ်။ သူတို့အနေနဲ့ လုပ်ငန်းရှင်တွေ အနေနဲ့ ညှိနိုင်းတဲ့ လုပ်ခလစာမျိုးနဲ့ လုပ်လို့ရတယ်” ဟု ၄င်းက ဆက်ပြောသည်။
 
 
စက်ရုံအလုပ်ရုံများသည် အမျိုးမျိုးကွဲလွဲခြင်းကြောင့် လုပ်ငန်းရှင်တစ်ဦးပေးနိုင်သော လုပ်ခလစာနူန်းသည် အခြားလုပ်ငန်းရှင်တစ်ဦးပေးနိုင်သော လုပ်ခလစာနူန်းဖြင့် မတူညီနိုင်ပဲ အလုပ်သမားကိုယ်စားလှယ်များနှင့် လုပ်ငန်းရှင်ကိုယ်စားများ ညှိနိုင်းဆွေးနွေးခြင်းဖြင့် ပြေလည်မှုရရှိနိုင်ကြောင်း ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက ပြောသည်။
 
“အခုလုပ်ငန်းရှင်တွေ ပေးနိုင်တဲ့ လုပ်ခလစာနူန်းကို ဦးစိုးမြင့်က ယာယီညှိနိုင်း ပေးထားတာတွေ့ရတယ်။ ဒါပေမယ့် အဲ့နူန်းတွေက ကိုယ်တိုင်ကြုံတွေနေရတဲ့ အလုပ်သမားတွေ ဆုံးဖြတ်ရမှာပါ။ အဲဒါအပြင် အလုပ် သမားတွေနဲ့ အလုပ်ငန်းရှင်တွေ့ဆုံပြီး ညှိနိုင်းကြတာ ကောင်းပါတယ်။ အဆင်ပြေမှုတွေ ရှိလာနိုင်ပါတယ်” ဟု၎င်းက ဆက်လက်ပြောသည်။
 
အလုပ်သမားအများ၏ လုပ်ခလစာတိုးမြှင့်ရေးကိစ္စများနှင့်ပတ်သက်၍ အလုပ်သမားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမြင့်သိန်း၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးညွှန်ကြား ရေမှူးချုပ် ဦးဝင်းရှိန်၊ အလုပ်သမား ညွှန် ကြားရေးဦးစီးဌာန ညွှန်ကြားချုပ်ဦးမျိုးအောင် နှင့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ကိုကိုကြီးတို့မှ ဆက်လက်ဆွေးနွေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။