Wednesday, June 6, 2012

ရန်ကုန်တိုင်း အထွေထွေအုပ်ချုပ်ရေးမှူးက ဗကသအမှုဆောင်များကို ခေါ်ယူ


ရန်ကုန်တိုင်း အထွေထွေအုပ်ချုပ်ရေးမှူးက ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် တရားဝင်ဖွဲ့စည်းရေးကိစ္စ ဆွေးနွေးဖို့ ဗကသများ အဖွဲ့ချုပ် အမှုဆောင်တွေကို မနက်ဖြန်နေ့လည် ၁ နာရီမှာ ဖိတ်ခေါ်ထားတယ်လို့ သတင်းရရှိပါတယ်။

ဒါကြောင့် တိုင်းအထွေထွေအုပ်ချုပ်ရေးမှူး ရုံးဆိုက်ရာ ရန်ကုန်မြို့က လွှတ်တော်ဟောင်း အဆောက်အဦကို လိုက်သွားရမယ်လို့ ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ပြောပါတယ်။

"ရန်ကုန်တိုင်း ဒေသကြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အုပ်ချုပ်ရေးမှူး ရုံးကို ဗကသများ အဖွဲ့ချုပ် တရားဝင်ဖွဲ့စည်းရေးကိစ္စနှင့် ပတ်သက်၍
ဆွေးနွေးရန်ရှိပါသဖြင့် မပျက်မကွက် တက်ရောက်ပါရန် အကြောင်းကြား ပါတယ်ဆိုပြီးတော့ ကျွန်တော်တို့ဆီကို အကြောင်းကြားစာ လာတယ်ဗျာ။ ရန်ကုန် အရင်တုန်းက လွှတ်တော် အဲဒီကို ၁ နာရီမှာ ဖိတ်ထားတယ်။"

ဒီနှစ်ဆန်းပိုင်းမှာ အကျဉ်းထောင်အသီးသီးက ပြန်လွတ်လာတဲ့
ကျောင်းသားခေါင်းဆောင် ၁၂ ဦးက ဗမာနိုင်ငံလုံးဆိုင်ရာ
ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗဟိုစည်းရုံးရေး ကော်မတီ အဖြစ် ပြန်လည် ဖွဲ့စည်းပြီး အနယ်နယ် အရပ်ရပ်မှာ ကျောင်းသား
သမဂ္ဂတွေ ပေါ်ပေါက်လာဖို့ ကြိုးပမ်းနေတာပါ။

အခုတော့ အဲဒီ ၁၂ ဦးစလုံး ဆွေးနွေးပွဲကို မပျက်မကွက် တက်နိုင်ဖို့ သက်ဆိုင်ရာမြို့နယ် အသီးသီးက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးတွေ
က တိုင်းရုံးကို ခေါ်သွားရမှာ ဖြစ်ပါတယ်။

ဒီအတောအတွင်းမှာပဲ ၁၉၇၄ ဇွန် ၆ အလုပ်သမား အရေးအခင်း
နှစ်ပတ်လည် အခန်းအနားကို အဲဒီတုန်းက ပါဝင်ခဲ့သူတွေက ရန်ကုန်မြို့
တော်ဝင်နှင်းဆီခန်းမမှာ မနက်ဖြန် ပြုလုပ်ဖို့ စီစဉ်ထားကြပြီး၊ ဗကသများ အဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကို အပါအဝင် အမှုဆောင်တွေ တက်ရောက်မယ်လို့ သိရပါတယ်။

RFA Burmese

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။