Wednesday, June 6, 2012

 ၂၀၁၁ ခုနှစ် ဇွန်လမှ ၂၀၁၂ ခုနှစ် ဇွန်လဆန်းအထိ တစ်နှစ်တာအတွင်း ကချင်ပြည်နယ်၌ တပ်မတော်နှင့် ကေအိုင်အေ အဖွဲ့တို့အကြား တိုက်ပွဲများ အကြိမ် ၂၀၀၀ ခန့်ဖြစ်ပွား၊ ကယ်ဆယ်ရေးစခန်းတွင် နေထိုင်သူ မြင့်တက်မှု၊ စီးပွားရေးလုပ်ငန်းများ နှောင့်နှေးမှုစသည့် သက်ရောက်မှုများရှိနေ


5102
၂၀၁၂ ခုနှစ်၊ မတ်လ အတွင်းက တရုတ်နိုင်ငံတွင်းရှိ ကယ်ဆယ်ရေး စခန်းတစ်ခုတွင် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးနေစဉ်
Photo: Dr.Sai Htwe

၂၀၁၁ ခုနှစ် ဇွန်လမှ ၂၀၁၂ ခုနှစ် ဇွန်လဆန်းအထိ တစ်နှစ်တာ ကာလအတွင်း တပ်မတော်နှင့် ကေအိုင်အေအဖွဲ့တို့အကြား တိုက်ပွဲများ အကြိမ် ၂၀၀၀ ၀န်းကျင် ဖြစ်ပွားခဲ့ပြီး ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်သူဦးရေ မြင့်တက်မှုနှင့် ပြည်နယ်တွင်း စီးပွားရေးပိုင်းဆိုင်ရာ နှောင့်နှေးမှုစသည့် သက်ရောက်မှုများ ကို တွေ့ကြုံ ခံစားနေကြရကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။

ကချင်ပြည်နယ်တွင်း တပ်မတော်နှင့် ကေအိုင်အေအဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားမှုသည် ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်နေ့မှစတင်ခဲ့ကာ စတင် ဖြစ်ပွားရာဒေသသည် ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်တွင် ဖြစ်သည်။
“တိုက်ပွဲအကြိမ်ရေကတော့ ၂၀၀၀ လောက်မှာလို့ပဲ လတ်တလောပြောလို့ရတယ်။ ဘယ်ကရတဲ့ အချက်အလက်လဲ ဆိုရင်တော့ ဒီ ကြားထဲ မီဒီယာတွေမှာ ဖော်ပြခဲ့သမျှ အချက်အလက်တွေ ကေအိုင်အေ က မီဒီယာမှာပြောခဲ့တာတွေ၊ နောက်ပြီး ဒေသက သတင်းရသမျှ အချက်အလက်တွေကို စုစည်းခဲ့တာ ဖြစ်ပါတယ်”ဟု ကချင်ပြည်နယ်ရှိ ကယ်ဆယ်ရေးစခန်းများနှင့် ချိတ်ဆက်လျက် လူမှုရေးဆောင်ရွက်နေသူ ကချင်တိုင်းရင်းသူတစ်ဦးက ဇွန်လ ၄ ရက်နေ့က ပြောပြသည်။
တိုက်ပွဲများဖြစ်ပွားမှုသည် မိုး မောက်၊ ဗန်းမော်၊ မန်စီ၊ ၀ိုင်းမော်၊ မြစ်ကြီးနားမြို့နယ်များအထိ သက်ရောက်မှု ရှိလာခဲ့သည့်အတွက် ၂၀၁၁ ခုနှစ် ဇွန်၊ ဇူလိုင်လများမှ စတင်ကာ ဒေသခံများသည် နေထိုင်ရာကျေးရွာများကို စွန့်ခွာမှုများရှိလာခဲ့သည်။
မြို့ပေါ် ကယ်ဆယ်ရေးစခန်း များ၊ ကျေးရွာများရှိ သာသနိက အဆောက်အအုံများတွင် ဖွင့်လှစ်သော ကယ်ဆယ်ရေးစခန်းများတွင် ခိုလှုံမှုများအပြင် တောတွင်းကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိခိုလှုံသူ များလည်း ရှိလာခဲ့သည်။ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ပထမပတ်အတွင်းတွင် ဖားကန့်မြို့နယ်သို့ပါ သက်ရောက်ခြင်းများ ရှိလာခဲ့သည်ဟု သိရသည်။
စခန်းအလိုက် ရရှိသော အချက်အလက်များအရ လူဦးရေသည်၂၀၁၁ ခုနှစ်နှစ်ကုန်ပိုင်းတွင် ၅၀၀၀၀ ကျော် ရှိခဲ့ရာမှ ၂၀၁၂ ခုနှစ်တွင်မူ လူဦးရေ တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး လက်ရှိ၌ လူဦးရေ ၈၀၀၀၀ ကျော်မှာ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်နေရဆဲဖြစ်သည်ဟု သိရသည်။
“အခုဆို မိုးတွေရွာလာပြီ။ မိုးကာလဆို ကချင်ပြည်နယ်မှာ ရာသီဥတု တော်တော်ဆိုးပါတယ်။ မိုးကရွာပြီဆို ရက်ဆက်ရွာတယ်။ တောထဲမှာဆို လေရော မိုးရော တော်တော် ဆိုးတယ်။ အခု ကယ်ဆယ်ရေးစခန်း တွေမှာက အမိုးအကာတောင် မလုံကြဘူး။ မိုးတွင်းမှာ အစားအသောက်ပိုင်း၊ နေစရာပိုင်း ခက်ခဲနိုင်သလို ကျန်းမာရေးပိုင်းကလည်း စိုးရိမ်စရာတွေရှိပါတယ်”ဟု ကချင်ပြည်နယ် ဗန်းမော်မြို့နယ်မှ လူမှုကူညီရေး လုပ်ကိုင်သူတစ်ဦးက ပြောပါသည်။
လက်ရှိတွင် ကယ်ဆယ်ရေး စခန်းများသည် မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဗန်းမော်၊ မိုးမောက် စသည့် မြို့နယ်များ၊ နယ်စပ်ဒေသများ၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ်နိုင်ငံတွင်းတွင် တည်ရှိနေသည်။
“ကယ်ဆယ်ရေးစခန်းမှာ ခိုလှုံနေရသူတွေရဲ့ ကျန်းမာရေးဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပါတယ်။ ဆေးမလုံလောက်ဘူး။ ဓာတ်ခွဲစမ်း သပ်မှုပစ္စည်းတွေ လုံလောက်မှုမရှိဘူး။ ကျန်းမာရေးစောင့်ရှောက်မှုပေး သူမလုံလောက်ဘူး။ ကျန်းမာရေး စောင့်ရှောက်မှုပေးသူတွေကို သင် တန်းပေးဖို့လည်းလိုနေတယ်။ ကိရိယာတွေလည်း လိုအပ်မှုရှိနေပါတယ်” ဟု မတ်လနှင့် ဧပြီလအတွင်းက တရုတ်နိုင်ငံရှိ ကယ်ဆယ်ရေးစခန်း ငါးခုနှင့် ကချင်ပြည်နယ်ရှိ စခန်း ၁၈ ခုသို့ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ရန် သွားရောက်ခဲ့သည့် Shan Missions  မှ ဒေါက်တာစိုင်းထွေးက ပြောကြားသည်။
“ကလေးတွေမှာ အရေပြားဆိုင် ရာရောဂါတွေ၊ ၀မ်းလျှော၊ အာဟာရချို့တဲ့မှုတွေ ဖြစ်တာတွေ့ရတယ်။ လူငယ်၊ လူလတ်ပိုင်းကတော့ သွေးတိုး၊ နှလုံး၊ အသည်းနဲ့ ကျောက်ကပ်ရောဂါ၊ စိတ်ပိုင်းဆိုင်ရာ ပြဿနာ တွေတွေ့ရတယ်”ဟု ၎င်းက ဆက်လက်ပြောပြသည်။
ကချင်ပြည်နယ်အတွင်း၌ ၂၀၁၁ ခုနှစ်အတွင်းက တောင်ယာစိုက်ပျိုးမှု များ ပြီးဆုံးအောင် မပြုလုပ်နိုင်ခဲ့ခြင်း၊ လယ်ယာ စိုက်ပျိုးခဲ့ကြသူများသည်လည်း ပွင့်လင်းရာသီ၌ မရိတ်သိမ်းနိုင်မီ နေရပ်မှစွန့်ခွာရခြင်း၊ ၂၀၁၂ ခုနှစ် နွေရာသီတွင်လည်း တောင်ယာစိုက်ပျိုးရန် ပြင်ဆင်မှုများ မပြုလုပ်နိုင်ခြင်း စသည်တို့ကြောင့် စားနပ်ရိက္ခာ အခက်အခဲများကိုလည်း ယခုနှစ်နှင့် လာမည့်နှစ်တွင် ရင်ဆိုင်ရဖွယ်ရှိနေပါသည်။
ကချင်ပြည်နယ်သည် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြားတွင် နယ်စပ်ကုန်သွယ်မှုများ ပြုလုပ်ရာ၌ အဓိကဒေသတစ်ခုဖြစ်ပြီး လွယ်ဂျယ်၊ ကန်ပိုက်တီးစသော လမ်းကြောင်းများမှ ကုန်သွယ်မှုများ ပြုလုပ်ခြင်း ဖြစ်ကာ တိုက်ပွဲများဖြစ်ပွားသည့် တစ်နှစ်တာအတွင်း ကုန်သွယ်ရေး လမ်းကြောင်းရပ်နားရမှုများ၊ နှောင့်နှေးမှုများလည်းရှိခဲ့သည်။ လက်ရှိ တွင်လည်း မြန်မာ-တရုတ် အဓိက ကုန်သွယ်လမ်းကြောင်းဖြစ်သည့် မူ ဆယ်၌လည်း ပစ်ခတ်မှုများကြောင့် ကုန်သွယ်ရေး နှောင့်နှေးမှုများဖြစ်ပေါ်နေသည်ဟု သိရှိရသည်။
“ကချင်ပြည်နယ်က စိုက်ပျိုးရေးနဲ့ နယ်စပ်နဲ့ဆက်စပ်တဲ့ ကုန်စည်သယ်ယူ ပို့ဆောင်တာကို အများစုလုပ်ကြတယ်။ ပြီးခဲ့တဲ့နှစ်က ကျေးလက်အတော်များများမှာ စိုက်ပျိုး ရေးလုပ်ငန်းကို ကောင်းကောင်း မလုပ်နိုင်ခဲ့သလို ကုန်ရောင်းကုန်ဝယ် အလုပ်ကလည်းပဲ နှောင့်နှေးမှုတွေ ရှိခဲ့တယ်။ အရောင်းအ၀ယ်လုပ်ငန်း တွေလည်း ကျဆင်းနေပါတယ်”ဟု မြစ်ကြီးနားမြို့မှ စီးပွားရေးလုပ်ကိုင်သူ တစ်ဦးက ပြောပြခဲ့သည်။
ကချင်ပြည်နယ်တွင်း စစ်ဖြစ်ပွားမှုသည် ဇွန်လ ၉ ရက်နေ့တွင် တစ်နှစ်ပြည့်မြောက်ပြီ ဖြစ်သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။