Wednesday, June 6, 2012

ရွေးကောက်ပွဲနိုင်ပြီး၍ မမြင်ရတော့သော အမတ်များ ရှိနေသည်ဟု ဦးသိန်းညွန့်ဆို

ရွေးကောက်ပွဲနိုင်ပြီးသည်နှင့် မမြင်ရတော့သော အမတ်များရှိနေသည်ဟု အမျိုးသားဒီမိုကရေစီပါတီသစ်ဥက္ကဋ္ဌ ဦးသိန်းညွန့်က ပြောပါသည်။ ယင်းနှင့်ပတ်သက်၍ ဦးသိန်းညွန့်က ဇွန်လ ၃ ရက်နေ့က သုဝဏ္ဏ ၂၄ ရပ်ကွက်တွင် ကျင်းပခဲ့သော အမျိုးသားဒီမိုကရေစီပါတီသစ်မှ လွှတ်တော်ကိုယ်စားလှယ်များ၏ လွှတ်တော်တွင်းအတွေ့အကြုံ ရှင်းလင်းပွဲနှင့် ပြည်သူ့အသံ နာခံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

''ရွေးကောက်ပွဲ နိုင်ပြီးတာနဲ့ မမြင်ရတော့တဲ့ အမတ်တွေ အများကြီးပဲ။ လွှတ်တော်မှာလည်း လူထုတာဝန်မကျေပွန်တဲ့ အမတ်တွေ အများကြီးရှိနေတယ်။ တကယ်ဆိုရင် လွှတ်တော်အမတ်တွေဆိုတာက လွှတ်တော်ပြီးတာနဲ့ ပြည်သူနဲ့ ထိတွေ့မှု ရှိနေရမယ်။ ပြည်သူနဲ့ ထိတွေ့နိုင်မယ့် နေ ရာတွေအတွက် အစိုးရဘက်က အကူအညီပေးရမယ်။ အဲဒီလို အခြေအနေမရှိရင်လည်း လွှတ်တော်အမတ်တွေဟာ လွှတ်တော်အတွေ့အကြုံ ရှင်းလင်းဖို့ မလွယ်ကူလှပါဘူး''ဟု ဦးသိန်းညွန့်က ပြောပါသည်။

ဆက်လက်၍ ဦးသိန်းညွန့်က ''ကျွန်တော်လွှတ်တော်ထဲမှာ စိတ်မကောင်းဖြစ်ရတဲ့ အချက်ကတော့ မီဒီယာတွေ အပါအ၀င် အားလုံးကို ခြောက်လှန့်ထားသလို ဖြစ်နေတဲ့ တရားရုံး မထီမဲ့မြင်ပြုမှု ဥပဒေကို ပြန်လည်သုံးသပ်ပေးဖို့တင်တာ ထောက်ခံမဲ နှစ်မဲပဲရတာနဲ့ နိုင်ငံရေးသမားတွေကို ထောင်ထဲကို အဓိကဆွဲထည့်နေတဲ့ အရေးပေါ်အက်ဥပဒေပုဒ်မ ၅(ည) ကို ပယ်ဖျက်ပေးဖို့တင်တာ ထောက်ခံမဲ ခုနစ်မဲသာ ရခဲ့တာပါပဲ။ မြန်မာပြည် တရားဥပဒေစိုးမိုးရေးအတွက် တတိယမဏ္ဍိုင်ဖြစ်တဲ့ ဥပဒေပြုရေး မဏ္ဍိုင်ကို မပြုပြင်ရင် လုံးဝမဖြစ်နိုင် ပါဘူး''ဟု ပြောပါသည်။

ယခုကဲ့သို့ အတွေ့အကြုံ ရှင်းလင်းပွဲများနှင့် ပြည်သူ့အသံ နာခံပွဲများကို အမျိုးသားဒီမိုကရေစီပါတီသစ်မှ သင်္ဃန်းကျွန်းမြို့နယ်အတွင်း အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။