Tuesday, June 5, 2012

 တာမွေမြို့နယ် အခွန်လွတ်ဈေးအနီးရှိ ရန်ကုန်မြို့တော် စည်ပင်ပိုင်မြေနေရာတွင် ဖွင့်လှစ်ထားသော ကားဘော်ဒီ၊ ရေဆေးဆိုင် ၁၃ ခုကို စည်ပင်ဥပဒေဖြင့် ဖျက်သိမ်းဖယ်ရှားခြင်း ပြုလုပ်



7353
ဆိုင်ခန်းများကို မေလ ၃၁ ရက်နေ့ နေ့လည်ပိုင်းက အရေးပေါ်ဖျက်သိမ်းမှု ပြုလုပ်နေစဉ်
ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ အခွန်လွတ်ဈေးအနီး Max စက်သုံးဆီ အရောင်းဆိုင်နဘေးရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီပိုင်မြေနေရာတွင် ဖွင့်လှစ်ထားသော ကားဘော်ဒီ၊ ကားရေဆေးနှင့် ဆေးမှုတ်လုပ်ငန်းဆိုင် ၁၃ခု ကို စည်ပင်ဥပဒေပုဒ်မ၄၇၊ ၄၈ အရ မေလ၃၁ရက်နေ့က ဖျက်သိမ်းဖယ်ရှားခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါနေရာကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဦးသိန်းဝင်းဆိုသူကို ကားရေဆေး၊ ဆီထိုးလုပ်ငန်းလုပ်ကိုင်ရန် အတွက် တစ်နှစ်တစ်ကြိမ် စာချုပ်ဖြင့် ငှားရမ်းခဲ့ခြင်း ဖြစ်ကြောင်း၊ ဦးသိန်း ၀င်းမှတစ်ဆင့် ယခုလုပ်ကိုင်နေသူများကို တစ်ဆင့်ပြန်ငှားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဦးသိန်းဝင်းအား ၂၀၁၂-၁၃ခုနှစ်တွင် အဆိုပါမြေနေရာအား ဆက်လက်ငှားရမ်းခြင်း မပြုတော့ဟုပြီးခဲ့သည့် ၂၀၁၁ ခုနှစ် နိုဝင်ဘာလတွင် မြို့တော်စည်ပင်မှ အသိပေး အကြောင်းကြားခဲ့ကြောင်း၊ ထို့နောက် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ၊ ယခုနှစ် ဇန်န၀ါရီလနှင့် ဖေဖော်ဝါရီလများတွင်လည်း လာမည့် မတ်လ ကုန်တွင် မြေနေရာအား ပြန်အပ်ပေးရန် အကြောင်းကြားခဲ့ကြောင်း သိရသည်။
ယခုနှစ် ဖေဖော်ဝါရီလတွင် ဦးသိန်းဝင်းက မြေနေရာအားမတ်လ အကုန်မီ ပြန်အပ်မည်ဟု အကြောင်းပြန်ခဲ့ကြောင်း၊ ထို့နောက် မြေနေရာတွင် သူအငှားချလုပ်ကိုင်သူများကိုပါ ဖယ်ရှားပေးခဲ့မည်ဟု ပြောခဲ့သော်လည်း အဆိုပါအချိန်တွင် ဦးသိန်းဝင်းနှင့်အတူ ဆိုင်ခန်း ၉ ခန်းသာ ဖယ်ရှားခဲ့ပြီး ကျန်ရှိသည့် ၁၃ ဆိုင် မှာဖယ်ရှားလို့ မရဘူးဟု အကြောင်းပြန်ခဲ့သည်ဟု သိရသည်။
မတ်လကုန်အထိ အဆိုပါဆိုင်များမှာ ဖယ်ရှားခြင်း မပြုသောကြောင့် ဖယ်ရှားရန် ပြောခဲ့သော်လည်း ယခု နေရာမှဖယ်ရှားပေးပါက အခြားနေရာတွင် လုပ်ကိုင်ရန်ေ မြနေရာပြန်ပေးပါရန်ဌာနသို့ စာတင်ခဲ့သည်ဟု သိရသည်။ ထို့နောက် ကလေးများ စာမေးပွဲဖြေဆိုချိန်ပြီး သည့်အထိ ထပ်မံလုပ်ကိုင်ခွင့်ပြုခဲ့ပြီး မေလ ၁၄ ရက်နေ့တွင် စည်ပင်သာယာမြေစီမံ ခန့်ခွဲမှုနည်းဥပဒေအရ ၁၅ ရက် အတွင်းဖယ်ရှားပေးပါရန် အသိပေးခဲ့ကြောင်း၊ သို့သော် ၁၅ ရက် ပြည့် သည့် မေလ ၂၉ ရက်နေ့အထိ ဖယ်ရှားခြင်း မပြုသောကြောင့်  မြို့တော် စည်ပင်မှကား ၁၃ စီးနှင့် လုပ်သား အင်အား ၁၀၀ကျော်အသုံးပြု ဖယ်ရှားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အဲဒီမြေနေရာမှာ လုပ်ကိုင်တဲ့ ဆိုင်တွေက မြို့တော်စည်ပင်က ပေးတဲ့ လုပ်ငန်းလိုင်စင်မရှိပါဘူး။ သတ်မှတ်ရက်အတွင်း ဖယ်ရှားခြင်းမပြုခဲ့တဲ့အတွက် ပထမအဆုံးအကြိမ် ရန်ကုန်မြို့တော် စည်ပင်သာယာ  ဥပဒေ နဲ့ဖယ်ရှားခြင်းဖြစ်ပါတယ်။ နောက်ပိုင်းလည်း စည်ပင်သာယာ ပိုင်မြေပေါ်တွေမှာ ဒီလိုတွေရှိလာရင်   ဥပဒေနဲ့ အညီ ဆောင်ရွက်မှာ ဖြစ်ပါတယ်”ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့သည်။
“ပစ္စည်းထားသို့ဖို့ နေရာ အခက်အခဲ၊ အခြားနေရာမှာလည်း ဆိုင်ခန်းငှားဖွင့်ဖို့ အခက်အခဲရှိတာနဲ့ ပြောင်းရွှေ့ဖို့ သတ်မှတ်ပေးခဲ့တဲ့ အချိန်အတွင်း မပြောင်းရွှေ့နိုင်ခဲ့တာပါ”ဟု ဖျက်သိမ်းခံခဲ့ရသော ကားဆေးမှုတ် ဆိုင်ပိုင်ရှင်က ပြောပြခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။