Tuesday, June 5, 2012

ကိုယ့်နိုင်ငံပြန်နေနိုင်အောင်ကူညီပေးသွားမယ်ဟု မဲဆောက်ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြား’

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဥက္ကဌဒေါ်အောင်ဆန်းစုကြည်၏ ထိုင်းနိုင်ငံ-မဲဆောက်သို့သွားရောက်ခဲ့ သော  ခရီးစဉ်အပေါ်တွင် မဲဆောက်ဒေသခံပြည်သူများအနေဖြင့်  ၀မ်းသာပီတိနှင့်အတူစိတ်မကောင်း ဖြစ်နေ ကြကြောင်း သိရှိရသည်။
 
 
မဲဆောက်ခရီးစဉ်၌ ဒေါ်အောင်ဆန်းစုကြည်က ကိုယ့်နိုင်ငံကို ပြန်နေနိုင်အောင် ကူညီပေးသွားမယ်ဟု မယ်လဒုက္ခသည်စခန်းတွင်   ပြောကြားခဲ့ကြောင်းကိုလည်း သိရှိရသည်။
 
မဲဆောက်မြို့ရှိ ရွေ့ပြောင်းအလုပ်သမားအဖွဲ့များ၊ ကျောင်းများ၊ အလုပ်သမားများ၊ နိုင်ပိုင်ငံရေးအဖွဲ့အစည်း များနှင့် ပြည်တွင်းပြည်ပ သတင်းဌာနမှ လူထုပရိဿတ် တစ်သောင်းကျော်က ဒေါ်အောင်ဆန်းစုကြည်အလာ ကို ယနေ့နံနက် (၇)နာရီအချိန်မှစပြီး   ဒေါ်အောင်ဆန်းစုကြည်ကိုကြိုဆိုသည့်ဆိုင်းဘုတ်များဖြင့် စောင့်ကြိုနေခဲ့ ကြသည်။
 
 
ဒေါ်အောင်ဆန်းစုကြည်က ယနေ့နံနက် (၉)နာရီ(၄၅)မိနစ်အချိန်တွင် ဘန်ကောက်မှ မဲဆောက်လေဆိပ်သို့ ရောက်ရှိခဲ့ပြီး နံနက် (၁၀)နာရီ အချိန်မယ်လဒုက္ခသည်စခန်းသို့ ဆက်လက် ထွက်ခွာသည်။
 
ဒေါ်အောင်ဆန်းစုကြည် မဲဆောက်သို့လာရောက်ခဲ့ခြင်းအပေါ်တွင် ၀မ်းသာမိကြောင်း Map ရေဒီယိုဌာနကတာဝန်ရှိသူတစ်ဦးက ဆိုသည်။
 
 
 “၂၄နှစ်အတွင်းသူ့ရဲ့ပထမဦးဆုံး ပြည်ပခရီးစဉ်အဖြစ်  ထိုင်းကိုလာတဲ့အတွက် ၀မ်းသာတယ်။ မဟာချိုင်မှာ ပြောနိုင်သလို ဒီမှာလည်းပြောနိုင်ပါစေလို့ ဆုတောင်းခဲ့တယ်။ဘာပဲဖြစ်ဖြစ်သူရဲ့စွန့်လွှတ် အနစ်နာခံမှုကိုတော့ ဂုဏ်ယူပါတယ်” ဟု ကိုဆိုင်းနောင်က ပြောသည်။
 
 
တဆက်တည်းမှာပင် “ကျမတို့အနေနဲ့လည်းအမေစုကိုအရမ်းတွေ့ချင်တယ်။သူနဲ့တွေ့ရင်လည်းကျမတို့တွေ ကိုယ်အိမ်ကိုယ်ပြန်နေ လို့ရအောင်   ကူညီပေးဖို့ပြောမယ်လို့ရည်ရွယ်ထားတာ၊အခုတော့ တွေ့ခွင့်လုံးဝမရတဲ့ အတွက် တော်တော်လေး ကိုဝမ်းနည်းတယ်"ဟု မဲဆောက်မြို့ရှိ ပြည်ချစ်ကျောင်းမှ ဆရာမတစ်ဦးက ပြောသည်။
 
မယ်လစခန်းသို့ (၁၁)နာရီကျော်တွင် ရောက်ရှိသွားကာ စခန်းကော်မတီဝင်များနှင့် တွေ့ဆုံခဲ့ပြီး စခန်းတွင်းရှိ ဒုက္ခသည်များအား   ဒေါ်စုက သွားရောက်နှုတ်ဆက်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မယ်လဒုက္ခသည် စခန်းအတွင်းရှိ AMI ဆေးရုံသို့ သွားရောက်ကြည့်   ရှု့ခဲ့ကြောင်းကိုလည်း သိရသည်။
 
 
“အားလုံးကိုလည်း စိတ်ဓါတ်မကျဖို့နဲ့ ကိုယ့်နိုင်ငံမှာပြန်နေနိုင်အောင် သူအနေနဲ့ကူညီပေးသွားမယ်၊ဒုက္ခသည် တွေအနေနဲ့ကလည်း ဒီမှာရှိနေလည်းပဲ အတက်ပညာတွေကို ကြိုးစားသင်ယူကြ၊ကြိုးစားကြပါ လို့ပဲပြောသွားပါ တယ်” မယ်လဒုက္ခသည်စခန်းသို့ သတင်းသွားယူနေသူတစ်ဦးကဒေါ်အောင်ဆန်းစုကြည်၏ ပြောစကားကို ယခုလိုပြန်လည် ပြောဆိုခဲ့သည်။
 
 
ဒေါ်အောင်ဆန်းစုကြည်သည် မယ်လမှတဆင့် နေ့လည် ၂ နာရီခန့်တွင်မဲဆောက်သို့   ပြန်လည်  ရောက်ရှိလာပြီး မယ်တော်ဆေးခန်း သို့မသွားရောက်တော့ပဲနောက်ထပ် နာရီဝက်ကျော်ကျော်တွင် လေယာဉ် ဖြင့် ဘန်ကောက်မြို့သို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။
 
ပြီးခဲ့သည့် မေလ(၃၀)ရက်နေ့တွင် ထိုင်းနိုင်ငံ-စမွတ်စခွန်ခရိုင် ဘန်ကောက်မြို့ရှိမဟာချိုင်ဒေသတွင်   ရွေ့ပြောင်း   မြန်မာအလုပ်သမားတစ်သောင်းခန့်အား ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။