Tuesday, June 5, 2012

အုတ်တွင်းမြို့နယ် ဥယျာဉ်တော်ကျေးရွာတွင် နာရီ ၃၀ အတွင်း ယာဉ်တိုက်မှုတစ်ခုနှင့် ယာဉ်လမ်းဘေးထိုးကျမှုနှစ်ခု ဖြစ်ပွား

ရွှေမြိုင်သူ ခရီးသည်တင်ယာဉ် ယာဉ်တိုက်မှုဖြစ်ပွားမှု မြင်ကွင်း
ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ် ဥယျာဉ်တော်ကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းမကြီး ဟောင်းမိုင်တိုင်အမှတ် ၁၆၉/၀ တွင် ဇွန်လ ၂ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်အချိန် ယာဉ်တိုက်မှုတစ်ခုနှင့် ဇွန်လ ၃ ရက်နေ့ နံနက် ၁၀ နာ ရီ ၂၅ မိနစ်အချိန် လမ်းဘေးထိုး ကျခြင်းနှင့် ယင်းနေ့ နံနက် ၁၁ နာရီခွဲအချိန်၌ပင် ကင်တာကားတစ်စီး တိုက်လော့နတ်ပြုတ်၍ လမ်းဘေး ထိုးကျမှုတို့ ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်များအနက် ယာဉ်တိုက်မှုဖြစ်စဉ်မှာ ဇွန်လ ၂ ရက်နေ့ နံနက် ၆ နာရီခွဲတွင်မှ ရန်ကုန်သို့ နန္ဒကျော်စွာ ၃၈ နှစ်(ဘ) ဦးမြစိန်မောင်းနှင်လာသော ရွှေမြိုင်သူ အစိမ်းရောင် မှန်လုံခရီးသည်တင်ယာဉ် အမှတ်၎ဂ/ ၁၇၅၃  ကားကြီးသည် တိုက်လော့ပြုတ်ပြီး စီယာတိုင် မထိန်းနိုင်ဘဲ လမ်း၏ ညာဘက်ခြမ်း၌ မြေသားပေါ်ရှိ လမ်းဘေးရပ်ထားသော ယာဉ်အမှတ် ၂ဂ/၅၆၄၈ နီဆန်းဒီဇယ် ၁၂ ဘီး အဖြူရောင်ယာဉ်အား နောက်မှဝင်တိုက်မိကာ မှန်လုံယာဉ်ဦးခေါင်းပိုင်းမှာ ကြေမွ သွားပြီး ၁၂ ဘီးကား၏ နောက်ပိုင်းသုံးပေခန့်မှာ မှန်လုံယာဉ်အတွင်း သို့ ၀င်သွားခဲ့သည်။
အဆိုပါဖြစ် စဉ်တွင်မှန်လုံယာဉ်၏ စပယ်ယာ ထိုင်ခုံအခြမ်းဖက်တွင် ယာဉ်နောက်လိုက်အဖြစ်လိုက်ပါသူ ၀င်းနိုင် (၄၃)နှစ်(ဘ)အမည် စုံစမ်းဆဲ ဘုရားကြီးကျေးရွာ ပဲခူးမြို့နယ်နေသူမှာ ကားခေါင်းအတွင်း ညှပ်မိသဖြင့် ခန္ဓာကိုယ်အပေါ်ပိုင်းနှင့် အောက် ပိုင်း ပြတ်ရှဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ယာဉ်ပေါ်ပါခရီးသည်များအနက် အမျိုးသမီးသုံးဦးမှာ ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကာ တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူခဲ့ရကြောင်း သိရှိရသည်။ ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ရွှေမြိုင် သူ ခရီးသည်တင် ကားမောင်းသူအား အုတ်တွင်းမြို့နယ်ရဲစခန်းမှ (ပ) ၁၈၇/၂၀၁၂၊ ပြစ်မှုပုဒ်မ ၃၀၄ က/ ၃၃၈ အရ အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

ယာဉ်လမ်းဘေး ထိုးကျမှုဖြစ်စဉ်နှစ်ခုမှာ ဇွန်လ ၃ ရက်နေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်အချိန် ဇော်လင်းအောင် (ဘ) ဦးမြင့်အောင် ၂၈ နှစ်၊ ယာဉ်နောက်လိုက် စိုးပြည့်အောင် (ဘ) ဦးပိန်လိုက်ပါလျက် ဖွဲနုအိတ် ၂၀၀ ကျော် တင်ဆောင်လာသော ခြောက်ဘီးကားယာဉ်အမှတ် ၇က/၈၉၉၃ သည် ဒိုက်ဦးမှ မန္တလေးသို့ မောင်းနှင်လာစဉ် ဥယျာဉ်တော်ကျေးရွာအနီး မိုင်တိုင်အမှတ် ၁၉၆ မိုင် လေးဖာလုံအရောက်တွင် စီယာတိုင်ဂျန်းမ်ဖြစ်ကာ အရှိန်မထိမ်းနိုင်ဘဲ လမ်းဘယ်ဘက်ချောက်ထဲသို့ ထိုးကျသွားခဲ့ပြီး ဒရိုင်ဘာနှင့်ယာဉ်နောက် လိုက်နှစ်ဦးလုံး ထိခိုက်ဒဏ်ရာ မရရှိ ကြောင်း သိရှိရသည်။
နောက်ထပ် တစ်နာရီမျှခြားပြီး ယင်းနေ့ နံနက် ၁၁ နာရီခွဲအချိန် ကိုထက်(ဘ) ဦးအောင်မြိုင်မောင်းနှင်လာသော ယာဉ်အမှတ် ၈ဇ/၅၂၉၉ ကားအဖြူသည် နေပြည်တော်မှ ရန်ကုန်သို့ မောင်းနှင်လာစဉ် ဥယျာဉ်တော်ကျေးရွာ အနီး မိုင်တိုင်အမှတ် ၁၆၉ မိုင် လေးဖာလုံအရောက်တွင်ပင် တိုက်လော့နတ်ပြုတ်၍ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ညာဘက်ချောက်ထဲသို့ ကားခေါင်းပိုင်း ထိုးကျသွားခဲ့ပြီး ယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာ ရရှိခြင်းမရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။