Tuesday, June 5, 2012

ကြေးနီစီမံကိန်း ဆန္ဒပြ လယ်သမားများ တောင်းဆိုချက် အချို့ရရှိ

နယူးဒေလီ (မဇ္ဈိမ) ။       ။ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းမှ လယ်သိမ်းခံ လယ်သမား ၂၀၀ ခန့် သုံးရက်ကြာ ဆန္ဒပြအပြီး တနင်္လာနေ့ ညနေတွင် တောင်းဆိုချက်အချို့ ရရှိပြီး လူစုခွဲခဲ့ကြ
ကြောင်း သိရသည်။

ဇွန် ၂ ရက်နေ့မှစ၍ ဆားလင်းကြီးမြို့နယ် ပုသိမ်-မုံရွာ လမ်းခွဲတွင် လယ်သမားများက ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး
တောင်းဆိုချက်များထဲမှ ရွှေ့ပြောင်းရမည့် ဝက်မှေးရွာမှ ကျန်ရှိအိမ်ခြေ ၄၈ အိမ်အား ဆက်လက်၍ ယာယီနေထိုင်ခွင့်
ပြုလိုက်ခြင်းနှင့် လယ်မြေများပေါ်သို့ မြေစာများ လာရောက်ပုံခြင်း မပြုတော့ကြောင်း ကတိကဝတ်ကို စီမံကိန်း တာဝန်ရှိသူများက ပေးခဲ့ကြောင်း အလွတ်သတင်းထောက်တဦးက ပြောသည်။

“ဒီနေ့ ၄ နာရီမှာ လူစုကွဲသွားတယ်။ သူတို့ တောင်းဆိုချက်ထဲက မြေ မပုံတော့ဘူးဆိုတဲ့ အချက်ရယ်၊ ဝက်မှေးရွာက ၄၈ အိမ်ကို မပြောင်းရွေ့ဘဲ ယာယီနေခွင့် ပေးမယ် ဆိုတဲ့ နှစ်ချက်ပဲ ပါတယ်။ ဘုန်းကြီးကျောင်း ပြန်ဖွင့်ပေးဖို့နဲ့ စာသင်ကျောင်း ပြန်ဆောက်ပေးမယ် ဆိုတဲ့အချက် မပါသေးဘူးဗျ” ဟု မဇ္ဈိမကို ပြောသည်။

စီမံကိန်းအရ တူးဖော်ရာမှ ထွက်ရှိသည့် မြေစာများ လယ်မြေများပေါ်သို့ ပုံထားသည့် အတွက် ယခုနှစ် စိုက်ပျိုးရာသီ တွင် လယ်မြေများ ပျက်စီးကုန်ရခြင်း ဖြစ်သည်။

၂ဝ၁၁ ခုနှစ် ဖေဖေါ်ဝါရီလက ဝက်မှေးရွာ စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းကို ချိတ်ပိတ်သွားခဲ့ပြီး အိမ်ခြေ ၆၀ ခန့် ပြောင်းရွှေ့ပေးခဲ့ရသည်။ ထို့ပြင် စီမံကိန်းအရ ဝက်မှေးရွာအပြင် ကျော်ရွာ၊ ဆယ်တည်း၊ တောင်သာနှင့် ဆီးတောရွာများလည်း ပြောင်းရွှေ့ပေးကြရမည် ဖြစ်သည်။

တရုတ်လူမျိုးပိုင် မြန်မာဝမ်ဘိုကုမ္ပဏီနှင့် မြန်မာ့ဦးပိုင်လီမိတက်တို့် ဖက်စပ်လုပ်ကိုင်သည့် အဆိုပါ ကြေးနီ စီမံကိန်း အတွက် မြေဧက ၇,၈ဝဝ ကျော်အား သိမ်းယူခဲ့ရာတွင် အဓိပ္ပါယ် ရှင်းလင်းတိကျမှု မရှိသည့် လျော်ကြေးငွေ အချို့အား လယ်သမားထံ ပေးခဲ့ကြောင်း သူက ဆက်ပြောသည်။

“သီးနှံလျော်ကြေး ဆိုပြီး ၃ နှစ်စာ ၅ သိန်း ၂ သောင်း ပေးတာ ရှိတယ်ဗျ။ လယ်မြေ တန်ဖိုး ဆိုပြီး ပေးတာ မရှိဘူးဗျ။ ရွာသားတွေ နားလည်တာက သူတို့လယ်မြေ စိုက်ပျိုးတဲ့ အချိန် လယ်ကွင်းထဲ ဖြတ်မောင်းတာတို့ ဘာတို့၊ အဲလို
ကြောင့်မို့ပဲ ပေးတယ်ဆိုပြီး ယူလိုက်ကြတာ။ အခုကျတော့ အဲလိုပုံစံမဟုတ်ဘဲနှဲ့ သိမ်းတဲ့ပုံစံမျိုးကြီး ဖြစ်နေတာဗျ။ အဲဒါကြောင့် ဆန္ဒပြတာ” ဟု ဆိုသည်။

အသိမ်းခံ လယ်ယာမြေများ ပြန်လည်ရရှိရေးနှင့်ပါတ်သက်၍ ဖြေရှင်းမှုမရှိသေးကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။