Thursday, May 3, 2012

ဒေသဖွံ့ဖြိုးရေးအတွက် တိုင်းရင်းသားပါတီများနှင့် NLD ဆွေးနွေးလို

ချင်းမိုင် (မဇ္ဈိမ) ။        ။ တိုင်းရင်းသားဒေသများ ဖွံ့ဖြိုးရေးအတွက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အနေနှင့် တိုင်းရင်းသားပါတီများ ဆွေးနွေးလုပ်ဆောင်သွားရန် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဗုဒ္ဓဟူးနေ့တွင် ပြောဆို ခဲ့သည်ဟု ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ ဒေါက်တာအေးမောင်က မဇ္ဈိမကို ပြောသည်။

“တိုင်းရင်းသား ဒေသတွေမှာ ဖွံ့ဖြိုးရေးတွေ လုပ်ဖို့ ညှိနှိုင်း တိုင်ပင်ချင်ပါတယ်။ ဟိုဒေသ ဒီဒေသ အကုန်လုံးပေါ့။ အဲဒါကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဆွေးနွေးတိုင်ပင်သွားလိုပါတယ်။ ပူးပေါင်း ဆောင်ရွက်ပြီးမှ ဖွံ့ဖြိုးမှု အဆင့်တခုခုကို ရောက်အောင်သွားနိုင်ဖို့ တိုင်ပင်ချင်တယ်။ ဆွေးနွေးချင်တယ်လို့ ပြောပါတယ်” ဟု ဒေါက်တာ
အေးမောင်က မဇ္ဈိမကို ပြောသည်။

NLD အမတ်များ လွှတ်တော်အတွင်း ဝင်ရောက်ရေးအတွက် မေတ္တာရပ်ခံ ပန်ကြားခဲ့ကြသည့် တိုင်းရင်းသားပါတီများမှ လွှတ်တော်အမတ်များကို NLD မှ နံနက်စာဖြင့် ဧည့်ခံစဉ် NLD ဥက္ကဋ္ဌက ပြောကြားသွားခြင်းဖြစ်သည်ဟု ဒေါက်တာ
အေးမောင်က ပြောသည်။

NLD-candidates-attend-the-first-time-for-Parliament-6
မေလ ၂ ရက်နေ့ ပြည်သူ့လွှတ်တော်အစည်းအဝေးအပြီး လွှတ်တော်ခန်းမအတွင်းမှ ပြန်လည်ထွက်ခွာလာသည့် ဒေါ်အောင်ဆန်းစုကြည်အား တွေ့ရစဉ်။ (ဓါတ်ပုံ - လင်းဘိုဘို၊ မဇ္ဈိမ)

ဧည့်ခံပွဲသို့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ပအိုဝ့် အမျိုးသား အဖွဲ့ချုပ်၊ တအာင်း အမျိုးသားပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ဖလုံစဝေါ်ပါတီ၊ ကရင်ပြည်နယ် ဒီမိုကရေစီနှင့် ဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ တို့မှ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် အမတ် ၇ဝ ဦးခန့် တက်ရောက်ခဲ့ကြသည်။

“NLD နဲ့ တိုင်းရင်းသားပါတီတွေ ရှေ့ဆက်ပြီးတော့ လက်တွဲသွားကြပါမယ်။ ရှေ့ဆက်ပြီး ပူးပေါင်းသွားဖို့ တိုင်းရင်းသား ပါတီတွေက အဆင်သင့် ဖြစ်နေကြလောက်ပါပြီ။ ကျနော်တို့ လက်တွဲ ခိုင်ခိုင်တွဲနိုင်မယ်ဆိုရင် ကျနော်တို့ မဟာမိတ်
ပြုမှုဟာ သမိုင်းမှာ တွင်ကျန်ရစ်ခဲ့မှာပါ” ဟုလည်း ဒေါက်တာအေးမောင် က ပြောသည်။

NLD သည် “တိုင်းရင်းသား ညီအစ်ကိုများ၏ မေတတ္တာရပ်ခံချက်ကို လေးစားတန်ဖိုးထား တုန့်ပြန်လိုသောကြောင့် လွှတ်တော်သို့ တက်ရောက်ရန် ဆုံးဖြတ်ခြင်း ဖြစ်ပါသည်” ဟု ဧပြီလ ၃ဝ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

“ကျနော်တို့လည်း ကြိုဆိုပါတယ်၊ နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။ ကျနော်တို့ ကိုယ်၌ကိုက အင်အားတခု ရလာ သလိုပဲ။ ကျနော်တို့ ခန္ဓာကိုယ်မှာ အနွေးထည်ကြီးတခုကို စွတ်လိုက်ရသလိုပဲ ကျနော်တို့ နွေးထွေးသွားပါတယ်။ အင်မတန်မှလည်း အားရှိပါတယ်” ဟုလည်း ဒေါက်တာ အေးမောင်က မဇ္ဈိမကိုပြောသည်။

မေတ္တာရပ်ခံရာတွင် ပါဝင်ခဲ့သူတဦးဖြစ်သည့် အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၏ လွှတ်တော်အမတ် ဦးခိုင်မောင်ရည်က “ကျနော်တို့က ဘာပဲပြောပြော NLD ကို မျှော်နေတာ။ ပထမအဆင့် လုပ်ငန်းတခုကတော့
အောင်မြင်သွားပြီပေါ့” ဟု မဇ္ဈိမကို ပြောသည်။

ဇူလိုင်လအတွင်း ပြန်လည်ကျင်းပရန်ရှိသည့် လွှတ်တော်အစည်းအဝေးတွင် NLD အမတ်များကို ကြိုဆိုပွဲလုပ်ရန် ဦးခိုင်မောင်ရည်တို့က စီစဉ်ထားမှုကို ဒေါ်အောင်ဆန်းစုကြည်ကို အသိပေးရာ ထိုဧည့်ခံပွဲသို့ တပ်မတော်သား အမတ်များကိုလည်း ဖိတ်ကြားစေလိုကြောင်း ပြောသည်ဟုဆိုသည်။

“ဒေါ်အောင်ဆန်းစုကြည်က ရယ်စရာအဖြစ် ပြောလိုက်ပေမယ့် အဲဒီစကားလေးက တော်တော်လေး ကောင်းတဲ့ စကားလေးတခုပါ။ သူက အဲဒီလိုဆိုရင် တပ်မတော်သား ကိုယ်စားလှယ်တွေလည်း ရအောင် ဖိတ်ပေးလေတဲ့။ သူ တပ်မတော်သား ကိုယ်စားလှယ်တွေကို တကယ်ပဲ လှိုက်လှိုက်လှဲလှဲ ခင်ခင်မင်မင်နဲ့ ရင်းရင်းနှီးနှီး ဆက်ဆံလိုတဲ့ ဆန္ဒရှိတယ်ဆိုတာ ငြင်းစရာ မရှိပါဘူး” ဟု ဦးခိုင်မောင်ရည်က ပြောသည်။

ဗုဒ္ဓဟူးနေ့တွင် ပြည်သူ့လွှတ်တော်သို့ တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်အား ကြံ့ခိုင်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဦးဋ္ဌေးဦးက တွေ့ဆုံနှုတ်ဆက်ခဲ့သေးသည်။

“ရွေးကောက်ပွဲလမ်းကြောင်းအရကော လွှတ်တော်လမ်းကြောင်းအရကော ပါဝင်လာတဲ့သူတွေ အားလုံးကို ကျနော် ကြိုဆိုမှာပဲ။ ဒေါ်အောင်ဆန်းစုကြည်လည်း ကျနော် ကြိုဆိုတယ်။ တခြားလူတွေလည်း ကျနော် ကြိုဆိုတယ်။ ဒီနေ့ လည်း သူတို့ ဝင်ရောက်လာတာ ဖြစ်တဲ့အတွက် ကျနော်ကိုယ်တိုင်ပဲ ဒေါ်အောင်ဆန်းစုကြည်ကို သွားပြီး
နှုတ်ဆက်ပါတယ်။ ဒီကို ရောက်လာတဲ့အတွက် ကြိုဆိုပါတယ်” ဟု ဦးဋ္ဌေးဦး က ပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။