Thursday, May 3, 2012

 ဧပြီလ၃၀ရက်နေ့ ညနေပိုင်းအချိန်က ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် မန္တလေးမရမ်းခြံ ဆိပ်ကမ်းတွင် မော်တော်ရေယာဉ်အစီး၂၀ ကျော် နစ်မြုပ်ခဲ့


558
မန္တလေးမြို့တွင် ဧပြီလ ၃၀ ရက်နေ့ ညနေပိုင်းအချိန်က ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် ဧရာဝတီမြစ်ကမ်းဘေးရှိ  ရေယာဉ် အစီး ၂၀ ကျော်နစ်မြုပ်မျောပါပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

အဆိုပါ လေပြင်းတိုက်ခတ်မှု မှာ တစ်နာရီလျှင် လေတိုက်နှုန်း ၂၅ မိုင်နှုန်းကျော်ရှိကြောင်း သိရပြီး မရမ်းခြံဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ပွက်ရည်တင်ရေယာဉ်ငါးစင်း၊ ပဲမျိုးစုံတင် မော်တော်သုံးစင်း၊ ထင်း တင်စက်လှေငါးစင်း၊ မင်းကွန်းဆိပ်ခံ မော်တော်တစ်စင်း၊ နိုင်ငံခြားသား ခရီးသည်ပို့ဆောင်ရေး ရေယာဉ် သုံးစင်း ဘိလပ်မြေ၊ ထုံးတင်ရေ ယာဉ်နှစ်စင်း မျောပါနစ်မြုပ်ပျက်စီးခဲ့ကြောင်း သိရသည်။
“ကမ်းနားမှာမိုးမရွာဘဲ လေ တိုက်သွားတာ။ လေကတော်တော် လေးပြင်းတယ်။ လေဒဏ်ထက် လှိုင်းဒဏ်ကိုခံလိုက်ရတာ။ ရေစီးအား သန်တဲ့အချိန် လေတိုက်တော့ လှိုင်း လုံးကြီးတွေက တစ်ခါတစ်ရံ စက် လှေအမိုးကိုကျော်သွားတယ်။ လှိုင်းလုံးအမြင့်က ခြောက်ပေကျော် ခုနစ် ပေလောက်ရှိမယ်။ မော်တော်ကို ကျားကန်ထားတဲ့ မျောတိုင်အကြီး ကြီးတွေလည်း ကျိုးကုန်တယ်။ မော်တော်ကမ်း ကပ်တဲ့အခါ အသုံးပြုတဲ့ တစ်မတ်လုံးကျော် စတီးကြိုးတွေ တောင်ပြတ်ထွက်ကုန်ပြီး မော်တော် အချင်းချင်း တိုက်မိကုန်တယ်”ဟု မရမ်းခြံဆိပ်ရှိ မော်တော်ပိုင်ရှင် တစ်ဦးက ပြောပါသည်။
“အသက် ၅၃ နှစ်ရှိပြီ၊ အခုလို လေပြင်းတိုက်ခတ်တာမျိုး ကြုံဖူးပါ တယ်။ ဒါပေမယ့် ဒီလောက်လှိုင်း ကြီးတာမျိုး တစ်ခါမှ မကြုံဖူးဘူး။ တချို့ကုန်သည်တွေဆို စက်လှေငှား ပြီးကုန်ကူးကြတယ်။ အခုတိုက်လိုက် တဲ့လေပြင်းကြောင့် စက်လှေပျက်စီး နစ်မြုပ်သွားတဲ့ အပြင်ကုန်တွေပါ ဆုံးရှုံးသွားတယ်”ဟု စက်လှေပိုင်ရှင် တစ်ဦးက ပြောပါသည်။
“လေပြင်းတိုက်တော့ လှိုင်းဒဏ်ကြောင့် ပွက်ရည်တင်မော်တော် သုံးစင်းမြုပ်သွားပြီး ပွက်ရည်တင် မော်တော်နှစ်စင်း မျောပါသွားတယ်။ လေကတိုက်တော့ ကုန်တင်သင်္ဘောကြီးတစ်စင်းက စက်မောင်းပြီး လေဒဏ်၊ လှိုင်းဒဏ်ကို ကျားကန်ပေးထားသေးတယ်။ နောက်ဆုံးလေနဲ့ လှိုင်းဒဏ်ကိုမခံနိုင်တော့ လက်လျှော့ လိုက်ရတယ်” ဟု ပွက်ရည်တင် မော်တော်အလုပ်သမား တစ်ဦးက ပြောကြားသည်။
“လေတိုက်တဲ့အချိန်က နေ့လယ်ခင်း ခရီးစဉ်ပြေးဆွဲနေတဲ့ အချိန် မဟုတ်လို့တော်သေးတယ်။ မဟုတ် ရင်တော့ မတွေးရဲစရာပဲ”ဟု နိုင်ငံခြားသားများ ပို့ဆောင်ရေးရေယာဉ် အသင်းမှ တာဝန်ရှိသူတစ်ဦးကပြော  ကြားပါသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ဧရာဝတီမြစ်ကမ်းတစ်လျှောက်ရှိ ဂေါဝိန်ဆိပ်ကမ်း၊ ဥသျှစ် ကုန်း၊ မရမ်းခြံ၊ ထင်းဝင်းစသည့် ဆိပ်ကမ်းများအနက် မရမ်းခြံဆိပ်ကမ်းတွင်ဆိုက်ကပ်ရပ်နားထားသော စက်လှေ၊ မော်တော်နှင့် သင်္ဘောအချို့သာ ထိခိုက်ပျက်စီးမှု များပြားခဲ့ ကြောင်း၊ ဧပြီလ ၃၀ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်တွင် မန္တလေးမြို့တွင် လေပြင်းတိုက်ခတ်ခဲ့ပြီးနောက် မိုးသည်းထန်စွာ ရွာသွန်းခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။