Thursday, May 3, 2012

EVDO အင်တာနက်စနစ်အား နယ်မြို့များပါ အသုံးပြုနိုင်ရန်ဆောင်ရွက်နေ

မြို့ကြီး(၉)မြို့တွင်သာ အသုံးပြုနိုင်သေးသော EVDO အင်တာနက်စနစ်ကို နယ်မြို့များတွင်ပါ အသုံးပြုနိုင်ရန်ဆောင်ရွက်လျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးအသိုင်းအ၀ိုင်းက သိရသည်။

 
“ပထမဆုံးအနေနဲ့ မြို့ကြီးတွေမှာ အသုံးပြုနိုင်အောင်ဆောင်ရွက်ပေးခဲ့ပြီးပါပြီ။ အခု ထပ်မံပြီးတော့ နယ်မြို့တွေကိုပါ အင်တာနက်စနစ်အသုံးပြုနိုင်ဖို့ ဆောင်ရွက်နေပါတယ်။”ဟု မြန်မာ့ဆက်သွယ်ရေး အင်ဂျင်နီယာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
 
အဆိုပါ CDMA 800 MHz ဖုန်းများကို နယ်မြို့များတွင်ပါ အင်တာနက်စနစ်အသုံးပြုနိုင်အောင် စီစဉ် ပေးမှုသည် နယ်မြို့များမှ ဒေသခံတို့ ဆက်သွယ်အသုံးပြုမှု အဆင်ပြေစေရန် ရည်ရွယ်၍ ဆောင်ရွက် ပေးခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။
 
“ကျွန်တော်တို့ ဆီမှာ အင်တာနက်ဆိုင်မရှိတဲ့အတွက် အခုလို ဖုန်းတွေကနေတဆင့် အင်တာနက် အသုံးပြုနိုင် မယ်ဆိုရင် လူငယ်တွေအနေနဲ့ စာပေဗဟုသုတဘက်မှာရော ပညာရေးပိုင်းမှာပါ ပိုမိုအမြင်ကျယ်လာနိုင်ပြီး၊ အလုပ်အကိုင်တွေလည်း ပိုမိုတွင်ကျယ်လာမှာ သေချာပါတယ်။”ဟု မော်ကျွန်းမြို့နယ်မှ ကိုနေမျိုးအောင်က ပြောသည်။
 
နယ်မြို့များတွင် EVDO အင်တာနက်စနစ် အသုံးပြုနိုင်ရန်အတွက် သက်ဆိုင်ရာမြို့နယ်အလိုက် တာဝါတိုင်များ ဆောက်လုပ်ခြင်း၊ လိုအပ်သည့် စက်ပစ္စည်းများ တပ်ဆင်ခြင်းများကို စတင်ပြုလုပ် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း နှင့်  တာဝါတိုင်များအတွက် လျှပ်စစ်မီးမလွယ်ကူသော ဒေသများ၌ ဆိုလာစနစ်များကို အသုံးပြုမည်ဟု သိရသည်။
 
လက်ရှိတွင် CDMA 800MHz ဖုန်းများ အင်တာနက်အသုံးပြုမှုကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ ပဲခူး၊ ဘားအံ၊ ပြည်၊ ပြင်ဦးလွင်မြို့များ၌ အသုံးပြုလျက်ရှိကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။