Thursday, May 3, 2012

 ရေနေသယံဇာတများ ထိန်းသိမ်းနိုင်ရန် ငါးမျိုးပြုန်းတီးနိုင်သည့် ဖမ်းဆီးမှုပြုသူများအား အရေးယူခြင်းကို တိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး တရွတ်ဆွဲ ကမ်းဝေးငါးဖမ်းခြင်းကိုလည်း နှစ်အလိုက်လျှော့ချသွားမည်



557
မြိတ်မြို့ရှိ ငါးဖမ်းလှေများကိုတွေ့ရစဉ်
ရေနေသက်ရှိ သယံဇာတများ ထိန်းသိမ်းနိုင်ရန်၊ စဉ်ဆက်မပြတ် ရေရှည်ထုတ်ယူ သုံးစွဲနိုင်ရန်အတွက် ငါးမျိုးပြုန်းတီးနိုင်သည့် ဖမ်းဆီးနည်းများဖြင့် ဖမ်းဆီးမှုပြုသူများအား အရေးယူခြင်းကို တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ပြီး တရွတ်ဆွဲကမ်းဝေး ငါးဖမ်းခြင်းကိုလည်း နှစ်အလိုက် လျှော့ချသွားမည်ဖြစ်ကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

“သားငါးသယံဇာတ ထိန်းသိမ်းနိုင်ဖို့ ရည်ရွယ်ပြီး ကမ်းနီးငါးဖမ်းခြင်း လုပ်ငန်းတွေ မိရိုးဖလာ ငါးဖမ်းခြင်းနဲ့ တစ်နိုင်တစ်ပိုင် ငါးဖမ်းခြင်းလုပ်ငန်းတွေကို ပထမဦးစားပေး ဆောင်ရွက်သွားပါမယ်။ ဒုတိယအနေနဲ့ သဘာဝ သယံဇာတပြုန်းတီးခြင်း၊ ငါးမျိုးသုဉ်းခြင်းများကို အထူးအလေးထား ကာကွယ်နိုင်ဖို့ အဆိပ်ချငါးဖမ်းခြင်း၊ မိုင်းခွဲငါးဖမ်းခြင်း၊ လျှပ်စစ်ရှော့ခ်တိုက် ငါးဖမ်းခြင်း၊ ဂျမ်းတိုက်ငါးဖမ်းခြင်း၊ Baby Trawl ငါးဆွဲခြင်းများကို ထိရောက်သည့် အရေးယူမှုများတိုးမြှင့် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ခေတ်မီငါးဖမ်းနည်း စနစ်များဖြင့် ငါးဖမ်းခြင်းကို မပြုလုပ်စေဘဲ တရွတ်ဆွဲကမ်းဝေးငါးဖမ်းခြင်း ကိုလည်း စီမံကိန်းနှစ်အလိုက် လျှော့ချပြီး လုပ်ငန်းရှင်ငယ်များကိုသာ ဦးစားပေးပြီး ငါးဖမ်းဆီးခြင်းလုပ်ငန်း များကို စီမံဆောင်ရွက်သွားမှာ ဖြစ်တယ်ဆိုတာ ကြိုတင်အသိပေး ပြောကြားလိုပါတယ်”ဟု မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်က မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်၏ နှစ်ပတ်လည် အခမ်းအနားတွင် ပြောကြားခဲ့သည်။
မြန်မာ့ပင်လယ်ပြင်အတွင်း ငါးသယံဇာတတည်ရှိမှုနှင့် သယံဇာတ ထိန်းသိမ်းမှုများကို ထိထိရောက်ရောက် ပြုလုပ်နိုင်ရန်အတွက် အမြင့်ဆုံးထုတ်လုပ်နိုင်သည့် ငါးသယံဇာတ ပမာဏ(Maximum Sustainable  Yeild-MSY)ကို ပြန်လည်တိုင်းတာရန် လိုအပ်နေပြီဖြစ်ကြောင်း ရေလုပ်ငန်းပညာရှင်အချို့က သုံးသပ်ခဲ့ကြသည်။
မြန်မာ့ပင်လယ်ငါးလုပ်ငန်း ရေပြင်အတွင်း ငါးဖမ်းဆီးနိုင်မှု ပမာဏ တိုင်းတာခြင်းကို ၁၉၈၃ ခုနှစ်၊ ၂၀၀၆ ခုနှစ်များတွင် ပြုလုပ်နိုင်ခဲ့သော်လည်း ယင်းနောက်ပိုင်းတွင် အကုန်အကျ များသဖြင့် လုပ်ဆောင်နိုင်ခြင်းမရှိကြောင်း သိရသည်။
“၁၉၈၃ ခုနှစ်က ပင်လယ်ပြင်မှာ တိုင်းတာခဲ့တုန်းက တစ်နာရီကို အထိအမိက ကီလို ၃၆၀ လောက်ရှိ တဲ့အနေအထားက ၂၀၀၆မှာ ၈၉ ကီ လိုပဲရှိတော့တယ်။ အခုဆို ပိုတောင်ကျဦးမယ်။ ပင်လယ်ငါးဖမ်းအသင်းက လည်း ငါးအထိအမိ ကျဆင်းတယ် ဆိုတာ တရားဝင်ပြောပါတယ်။ အခု က ပင်လယ်မှာ survey မလုပ်နိုင်ပေမယ့် indicator  တွေက အထိအမိကျ ဆင်းနေတယ်ဆိုတာ အများကြီးပြနေပါတယ်။ ငါးအထိအမိကျတယ်။ အရွယ်အစားသေးတယ်။ ဒါတွေကို ရေရှည်ထုတ်ယူ သုံးစွဲနိုင်အောင် ထိန်းသိမ်းဖို့လိုပါတယ်”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အမှုဆောင် ဒုတိယ ဥက္ကဋ္ဌ ဦးဟန်ထွန်းက ပြောကြားခဲ့သည်။
ငါးပုစွန်ဖမ်းဆီးရာတွင် အထိ အမိကျဆင်းလာခြင်းနှင့် ပင်လယ်ပြင်ရှိ သယံဇာတ လျော့ကျလာမှုတို့ နှင့်ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲရလဒ်များလည်း ထွက်ပေါ်ခဲ့ကာ အဆိုပါ ရလဒ်များကို ဆက်လက် ဆောင်ရွက်နေကြောင်းလည်း သိရှိရသည်။
ရာသီဥတုဖောက်ပြန်မှု အပြင် အဆင့်မြင့်ငါးဖမ်းစနစ်များ အသုံးပြု ဖမ်းဆီးလာခြင်းနှင့် ပြည်တွင်း တိုင်းရင်းသားအမည်ခံ ငါးဖမ်းသင်္ဘောများမှ မြန်မာ့ရေပြင်တွင် ၀င်ရောက် ဖမ်းဆီးနေမှုများ၊ ငါးမျိုးပြုန်းတီးနိုင် သည့် တရွတ်ဆွဲငါးဖမ်းလုပ်ငန်းများ ကလည်း ပင်လယ်ပြင် ငါးသယံဇာတ လျော့ကျမှုကို ဖြစ်လာစေကြောင်း ရေ လုပ်ငန်းပညာရှင်များ၏ သုံးသပ်မှုများအရ သိရသည်။
ရေချိုငါးလုပ်ငန်းဥပဒေအရ တရားမ၀င် ငါးဖမ်းနည်းများဖြင့် ဖမ်းဆီးပါက ပုဒ်မ ၄၄အရ ဒဏ်ငွေကျပ် နှစ်သိန်း၊ ထောင်ဒဏ်သုံးနှစ်(သို့မ ဟုတ်) ပြစ်ဒဏ်နှစ်ရပ်လုံးလည်း ကျခံရမည်ဖြစ်ကာ တရားမ၀င်ငါးဖမ်း ဆီးပါကလည်း ပင်လယ်ပြင်ဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။