Thursday, May 3, 2012

မြန်မာနိုင်ငံ ဆရာဝန်အသင်း၏ ဦးဆောင်မှုဖြင့် အရေးပေါ် လူနာတင်ယာဉ် ပို့ဆောင်ရေး ဖောင်ဒေးရှင်း တည်ထောင်ရန် စီစဉ်လျက်ရှိ



556
လူနာ သယ်ဆောင်လာသည့် အရေးပေါ် လူနာတင်ယာဉ် တစ်စီးကို တွေ့ရစဉ်
မြန်မာနိုင်ငံဆရာဝန်အသင်း ဦးဆောင်မှုဖြင့် အရေးပေါ်လူနာတင်ယာဉ် ပို့ဆောင်ရေး ဖောင်ဒေးရှင်း (Emergency Ambulance Foundation) တည်ထောင်ရန်စီစဉ်လျက် ရှိကြောင်း သိရှိရသည်။

ထိခိုက်ဒဏ်ရာရရှိသူများအား ယင်းဖောင်ဒေးရှင်းမှ (ယာဉ်တိုက်မှု အပါအ၀င်) ပြုစုကုသ စောင့်ရှောက်မှုပေး၍ ဆေးရုံသို့  သယ်ယူပို့ဆောင်ပေးခြင်း၊ အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သော ရောဂါဝေဒနာ ခံစားနေရသည့် ပုဂ္ဂိုလ်များကို ဆေးရုံသို့ သယ်ယူပို့ဆောင်ပေးခြင်း စသည်တို့ကို လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အရေးပေါ် လူနာတင်ယာဉ် ပို့ဆောင်ရေး ၀န်ဆောင်မှုပေးခြင်းကို ယခုနှစ်အတွင်း စတင်လုပ်ဆောင်သွားရန် စီစဉ်လျက်ရှိကြောင်းနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ၂၄ နာရီပိတ်ရက် မရှိ ၀န်ဆောင်မှု ပေးသွားမည်ဖြစ်ပြီး အရေးပေါ် ထိခိုက်ဒဏ်ရာရရှိသူများ နှင့် ၀င်ငွေနည်းပါးသူများအတွက်ကိုမူ အခမဲ့ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
“လာမယ့်ခြောက်လအတွင်း စလုပ်နိုင်အောင် ပြင်ဆင်နေပါတယ်။ ကားတွေကိုလည်း မှာထားပြီးပါပြီ။ ဒီဖောင်ဒေးရှင်းက မြန်မာနိုင်ငံဆရာဝန်အသင်းက ဦးဆောင်ပြီး အများစုပေါင်း ထည့်ဝင်ငွေနဲ့ တည်ထောင်ထားတာ ဖြစ်ပါတယ်။ သဘာဝဘေးအန္တရာယ်ဖြစ်လို့ ထိခိုက်တာ၊ ယာဉ်တိုက်မှုတွေလို အရေးပေါ်အခြေအနေတွေ ဆိုရင် အကြောင်းကြားတာနဲ့ချက်ချင်းသွားခေါ်မယ်။ ဒီအတွက် အခကြေး ငွေပေးစရာမလိုပါဘူး။ ကားပေါ်မှာ အရေးပေါ် ကုသရေးလုပ်ငန်းတွေကိုလည်း ဆေးရုံမရောက်မီ ကုသပေးသွားမှာပါ။ နှလုံးရောဂါဖြစ်ပြီး အောင့်နေတဲ့သူလိုမျိုး၊ ကလေးမွေးခါနီးလိုလူ တွေလူနာတင်ယာဉ် လိုအပ်နေတယ် ဆိုရင် သွားပေးပါမယ်။ အဲဒီလို လာပေးရတဲ့အတွက် စေတနာရှိသလောက် အလှူငွေ ထည့်ဝင်နိုင်ပါတယ်။ သူ တို့ကို ဘယ်လောက်ပေးပါလို့တော့ တောင်းခံမှာမဟုတ်ပါဘူး။ ကြိုတင်ရက်ချိန်း ယူထားတဲ့ သူတွေဆိုရင်တော့ သတ်မှတ်ထားတဲ့ အခကြေးငွေ ပေးဆောင်ရမှာ ဖြစ်ပါတယ်” ဟု အရေးပေါ်လူနာတင်ယာဉ် ပို့ဆောင်ရေး ဖောင်ဒေးရှင်း (Emergency Ambulance Foundation)မှ အထွေထွေမန်နေဂျာ ဒေါက်တာအောင်လင်းက ပြောပြခဲ့ပါသည်။
အစီအစဉ် စတင်နိုင်ရန်အတွက် မြန်မာနိုင်ငံဆရာဝန်အသင်းမှ ဦးဆောင်၍ ဆရာဝန်စုစုပေါင်း ၁၀၀ ကျော်အား သင်တန်းများ ပေးထားပြီးဖြစ်ကြောင်း၊ ယင်းတို့အနက်မှ အချို့ကို ရွေးချယ်၍ ပထမအဆင့် စေတနာ့ ၀န်ထမ်းအဖြစ် ခေါ်ယူသွားမည်ဖြစ်ပြီး နောက်ပိုင်းတွင် အမြဲတမ်းဝန်ထမ်းအဖြစ် အခကြေးငွေပေးပြီး ခန့်အပ်သွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
၂၀၀၃ ခုနှစ်က ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ လာရောက်သည့် အရေးပေါ်လူနာများ၏ ပို့ဆောင်ဆက်သွယ် ရေးနည်းလမ်းများကို ကောက်ယူခဲ့သည့် စစ်တမ်းများအရ လူနာတင်ယာဉ်ဖြင့် လာရောက်မှုသည် ၁ ဒသမ ၃ ရာခိုင်နှုန်း၊ အငှားယာဉ်ဖြင့် လာရောက်မှုသည် ၉၁ ဒသမ ၉ ရာခိုင်နှုန်း၊ ဆိုက်ကားဖြင့် လာရောက်မှုသည် ၀ ဒသမ ၇ ရာခိုင်နှုန်း၊ ဘတ်စကားဖြင့် လာရောက်မှုသည် ၁ ဒသမ ၈ ရာခိုင်နှုန်းတို့ အသီးသီးရှိ ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။