
မေလတွင် ထီဈေးကွက်အတွင်း ထီအက္ခရာ ၂၈ လုံးဖြင့် ဧပြီလထက် ထီစောင်ရေ ၂၇ သိန်း ပိုမိုရောင်းချ သွားမည်ဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနခွဲမှ သိရှိရသည်။
ပြီးခဲ့သည့် ဧပြီလအတွင်း ရောင်းချမည့် ထီများကို ထီအက္ခရာ ၂၅ လုံးဖြင့်ထုတ်ခဲ့ပြီး မေလတွင် ထီအက္ခရာ ၂၈လုံးဖြင့် ထုတ်သွားမည် ဖြစ်သောကြောင့် ပြီးခဲ့သည့်လထက် သုံးလုံးပိုမည်ဖြစ်ကြောင်း၊ ထီအက္ခရာတစ်လုံးလျှင် ထီအစောင်ရေ ကိုးသိန်းရှိမည် ဖြစ်သောကြောင့် ထီအက္ခရာသုံးလုံးလျှင် ထီအစောင်ရေ ၂၇ သိန်း ပိုမိုမည်ဖြစ်ကြောင်း၊ ပြီးခဲ့သည့် မတ်လအတွင်းကမူ ထီအက္ခရာ ၂၉ လုံးဖြင့်ထုတ်၍ ရောင်းချခဲ့ကြောင်း သိရသည်။
“ပြီးခဲ့တဲ့မတ်လက ထီအက္ခရာ ၂၉ လုံးနဲ့ ထုတ်ခဲ့တယ်။ ဧပြီလ ရောက်တော့ သင်္ကြန်ပိတ်ရက်တွေ များလို့ ထီအက္ခရာကို ၂၅ လုံးနဲ့ပဲ ထုတ်ခဲ့တယ်။ မေလမှာတော့ ထီအက္ခရာ ၂၈ လုံးနဲ့ ထုတ်မယ်။ မေလက မိုးရွာနိုင်တဲ့လဖြစ်နေတော့ မတ်လထက် ၁ လုံးလျှော့ထုတ်ထားတယ်။ ထီအက္ခရာ ၂၈ လုံးနဲ့ ထုတ်မှာဖြစ်တဲ့အတွက် အက္ခရာနဲ့လိုက်လျောညီထွေဖြစ်မယ့် ထီဆုမဲတွေ ပေးအပ်သွားမှာဖြစ်ပါတယ်” ဟု အောင်ဘာလေသိန်းဆုဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ပါသည်။
ထီဈေးကွက်အတွင်း ဧပြီလ၌ သင်္ကြန်ပိတ်ရက်များသောကြောင့် ထီအရောင်းအ၀ယ် အခြေအနေ လျော့နည်းမည်ဟု ခန့်မှန်းထားခဲ့ သော်လည်း ပုံမှန်ရှိခဲ့ကြောင်း၊ ထီ ထိုးအားပုံမှန်ရှိသောကြောင့် ဧပြီ လကုန်ပိုင်း ထီဈေးနှုန်းများမှာ ထီတစ်စောင်လျှင် ကျပ် ၂၈၀၊ ကျပ် ၃၀၀ နှင့် အချို့နေရာများတွင် ကျပ် ၃၅၀ အထိဖြစ်ခဲ့ကြောင်း သိရှိရပါ သည်။
ကျပ်သိန်း ၁၅၀၀ စတင် ပေးအပ်ပြီးသည့် နောက်ပိုင်း ထီထိုးအားတက်လာသည်နှင့် အတူ ထီဈေးနှုန်းများ ကစားလို့မရနိုင်အောင် ထီအက္ခရာများကို တိုးထုတ်ခဲ့သော်လည်း ဈေးကွက်အတွင်း ထီဈေးနှုန်း များမှာမူ ကျဆင်းခြင်းမရှိကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
လစဉ်ထီရောင်းရငွေ အားလုံး ၏ ၆၀ ရာခိုင်နှုန်းကို ထီဆုမဲများ ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ကျန်ရှိသည့် ၄၀ ရာခိုင်နှုန်းကို နိုင်ငံတော်၏ အခွန်ငွေအဖြစ် ပေးသွင်းခြင်းဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment
စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။