Saturday, December 1, 2012

အမေရိကန် တက္ကသိုလ်ကိုးခု မြန်မာ တက္ကသိုလ် များနှင့် ပူးပေါင်း ဆောင်ရွက်မည်


အမေရိကန် သမ္မတ အိုဘားမား၏ သမိုင်းဝင်မြန်မာ ခရီးစဉ် အပြီးတွင် အမေရိကန်
တက္ကသိုလ် ကိုးခုသည် မြန်မာ တက္ကသိုလ်များနှင့် ပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ပြီး မြန်မာ့ အဆင့်မြင့် ပညာရေး ပြန်လည် တည်ဆောက်ရာ၌ ကူညီထောက်ပံ့သွားမည်ဖြစ်ကြောင်း Institute of International Education (IIE) က သတင်းထုတ်ပြန်သည်။



အမေရိကန်တက္ကသိုလ်၊ အရီဇိုးနားပြည်နယ်တက္ကသိုလ်၊ ဘောပြည်နယ်တက္ကသိုလ်၊ ဟာဝိုင်အီ ပစိဖိတ်တက္ကသိုလ်၊ နောသစ် အီလင်နွိုက် တက္ကသိုလ်၊ နောသစ် အရီဇိုးနားတက္ကသိုလ်၊ ဆန်ဖို့တက္ကသိုလ်၊ မက်ဆာချူးဆက်တက္ကသိုလ် (လိုဝယ်)နှင့် ၀ါရှင်တန် တက္ကသိုလ်တို့ သည် မြန်မာ တက္ကသိုလ်များနှင့် ပူးပေါင်း ဆောင်ရွက်မည်ဖြစ်သည်။
ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် ဒီဇင်ဘာလ အတွင်း မြန်မာ့ အဆင့်မြင့်ပညာရေး အကြောင်းကို နှစ်နိုင်ငံပူးတွဲအစည်းအဝေးများ အစဉ်လိုက်ကျင်းပသွားမည်ဖြစ်ပြီး အမေရိကန်ပညာရေး ကိုယ်စားလှယ်အဖွဲ့အနေဖြင့် ၂၀၁၃ ဖေဖော်ဝါရီလတွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်သည်။
အမေရိကန်ပညာရေးကိုယ် စားလှယ်အဖွဲ့ လာရောက်စဉ်တွင် ရန်ကုန်နှင့်မန္တလေးမြို့တို့၌ စိတ်ဝင်စားသူ မည်သူမဆို တက် ရောက်နိုင်မည့် အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်သွားမည်ဖြစ်ပြီး ပညာရေးအသိအမှတ်ပြုမှု၊ အရည်အသွေးထိန်းကွပ်မှု၊ သင်ကြားရေးဌာန ဖွံ့ဖြိုးမှု၊ ကျောင်းသားလေ့လာသင်ယူမှု၊ ပူးပေါင်းဆောင်ရွက်မှုနှင့် အခြားအကြောင်းအရာများကို ဆွေးနွေးဟောပြောသွားမည်ဖြစ်သည်။
အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာတက္ကသိုလ်များမှ တာဝန်ရှိသူများအနေဖြင့် ၎င်းတို့၏ အဓိကလိုအပ်ချက်နှင့် ဦးစားပေးဆောင်ရွက်ရန် ကိစ္စများကို အမေရိကန်ပညာရေးကိုယ်စားလှယ်အဖွဲ့နှင့် ဆွေးနွေးနိုင်မည်ဖြစ်ကြောင်း IIE က ကြေညာထားသည်။ IIE ၏ နှစ်စဉ်ထုတ်ပြန်မှုစစ်တမ်းအရ ၂၀၁၀-၂၀၁၁ ပညာသင်နှစ်တွင် မြန်မာကျောင်းသား ၇၉၆ ဦးသည် အမေရိကန်နိုင်ငံ၌ ပညာသင်ယူလျက်ရှိပြီး ယင်းမှာ ယခင်နှစ်ထက် ၁၄ ဒသမ ၅ ရာခိုင်နှုန်း မြင့်တက်လာခြင်းဖြစ်ကြောင်း၊ တိုင်းပြည်၏ ပွင့်လင်းလာမှုအခြေအနေများကြောင့် ကျောင်းသားဦးရေ ထပ်မံမြင့်တက်ဖွယ်ရှိကြောင်း ယင်းအဖွဲ့က သုံးသပ်ထားသည်။  

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။