Saturday, December 1, 2012

သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ထိပ်တန်းအတွေးအခေါ်ရှင် ၁၀၀ စာရင်းတွင် နံပါတ်တစ် ပူးတွဲသတ်မှတ်ခံရ


ယခုနှစ် ဒီဇင်ဘာလအတွက်
ထုတ်ဝေမည့် အမေရိကန်၏
 နိုင်ငံခြားရေးပေါ်လစီမဂ္ဂဇင်းကြီး
 Foreign Policy ၏ ၂၀၁၂

အတွက် ထိပ်တန်းကမ္ဘာ့အတွေးအခေါ်ရှင် ၁၀၀ စာရင်းကို ထုတ်ပြန်ခဲ့ရာ မြန်မာနိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား နံပါတ်တစ်စာရင်းတွင် ပူးတွဲသတ်မှတ်ခံရကြောင်း ထည့်သွင်းထုတ်ပြန်လိုက်သည်။

၎င်းတို့နှစ်ဦး၏ ပူးတွဲပန်းချီပုံကို စာရင်းတွင် အမည်ထိုး၍ နံပါတ်တစ်အဖြစ် ဖော်ပြပြီးနောက် မဂ္ဂဇင်းက မှတ်ချက်အဖြစ် “ကမ္ဘာတွင် အဖိနှိပ်ဆုံး တိုင်းပြည်များထဲမှ တစ်ခု၌ပင် အပြောင်းအလဲကို နေရာတိုင်းတွင် ဖြစ်ပေါ်စေနိုင်အောင် ပြသနိုင်ခဲ့သောကြောင့်” (For showing that change can happen anywhere, even in one of the world's most repressive states.) ဟု မှတ်ချက်ပေး ဖော်ပြထားသည်။

ထို့နောက် ဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်နှင့် စပ်လျဉ်း၍ မဂ္ဂဇင်းက ၂၀၁၂ တွင် အာရပ်နွေဦးမှာ ဆီးရီးယားနိုင်ငံတွင် ပြည်တွင်းစစ်ပွဲအသွင်သို့ ပြောင်းလဲလျော့ကျသွားသကဲ့သို့ ကျန်ရှိသောနိုင်ငံများမှာလည်း ၎င်းတို့၏ အသစ်တွေ့ရှိထားသော လွတ်လပ်မှုကို ဒီမိုကရေစီစနစ်နှင့် ရှင်သန်အောင် ကြိုးစားရုန်းကန်နေခဲ့ရကြောင်း၊

 သို့သော် ယနေ့ခေတ်၏ မှတ်သားလောက်ဖွယ်အကောင်းဆုံး၊ မမျှော်လင့်သည့် နိုင်ငံရေးလမ်းကြောင်း ချိုးကွေ့မှုမှာ ကမ္ဘာ့တစ်ဖက်ခြမ်းရှိ အာဏာရှင်စနစ်၏ အဖိနှိပ်ဆုံး တိုင်းပြည်များထဲမှ တစ်နိုင်ငံဖြစ်သော မြန်မာတွင် ဖြစ်ပေါ်လာခဲ့ကြောင်း နိဒါန်းပျိုးရေးသားထားသည်။

ထို့နောက်မဂ္ဂဇင်းက သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့နှစ်ဦး၏ ခေါင်းဆောင်မှုအောက်တွင် အပြောင်းအလဲမှာ စတင်ခဲ့ကြောင်း ဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ်တွင် အရပ်သားအစိုးရဖြင့် အာဏာရလာချိန်မှစ၍ လွတ်လပ်စွာပြောဆိုခွင့်အပေါ် ကန့်သတ်ချက်များ ဖြေလျှော့ပေးခြင်း၊

တိုင်းပြည်၏ စီးပွားရေးအား ပွင့်လင်းအောင် ပြုလုပ်ခြင်းတို့အား ဆောင်ရွက်ခဲ့ပြီး ယခုနှစ် ၂၀၁၂ တွင်မူ အမေရိကန်နှင့် သံတမန်ဆက်ဆံရေးများ ပြန်လည်တည်ဆောက်နိုင်ခဲ့ကြောင်း၊

 နိုင်ငံရေးအကျဉ်းသားများ ရာချီ၍ ပြန်လွှတ်ပေးခြင်း၊ မီဒီယာဆင်ဆာ ဖျက်သိမ်းခြင်းတို့ဖြင့် နိုင်ငံအပေါ် ပြည်ပမှ စီးပွားရေးပိတ်ဆို့မှုများကို ဖြေလျှော့စေခဲ့ကြောင်း ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်၍လည်း မဂ္ဂဇင်းက ဒေါ်စုသည် ဦးသိန်းစိန်အတွက် သိသာထင်ရှားသည့် မိတ်ဖက်နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်တစ်ဦးအသွင် မမြင်ရသော်လည်း သူမကဲ့သို့သော နာမည်ကျော် နိုင်ငံရေးသမားများ အနည်းငယ်ခန့်သာ လုပ်နိုင်သော လက်တွေ့ကျသည့် နိုင်ငံရေးအလုပ်ကို ဖက်တွယ်လုပ်ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

မဂ္ဂဇင်းက မြန်မာကဲ့သို့ ကမ္ဘာ့အထီးကျန်ဆုံး နိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်ကြီးဟောင်း သမ္မတဦးသိန်းစိန်တို့နှစ်ဦး၏ ကာလတို သဘောတူညီမှုရအောင် ကြိုးစားခဲ့မှုနှင့် ကာလရှည် ပေါင်းစည်းညီညွတ်ရေးကိုပါ ရရှိအောင် ဆန္ဒပြင်းပြမှုသည် ဂုဏ်ပြုစရာပင်ဖြစ်ကြောင်း သုံးသပ်ခဲ့သည်။

ထို့အပြင် မဂ္ဂဇင်းကြီးက ဒေါ်စုနှင့် ဦးသိန်းစိန်တို့၏ အပြောင်းအလဲဖြစ်ပေါ်အောင် ကြိုးပမ်းခဲ့မှုကိုလည်း ဒေါ်စု၏ နိုဗယ်ဆုလက်ခံမိန့်ခွန်းပါ စာသားအချို့ကို ကိုးကား၍ နိဂုံးချုပ်တင်ပြထားသည်။ ဒေါ်စု၏မိန့်ခွန်း၌ ပါခဲ့သော “အမေ့ခံရတာဟာ နည်းနည်းချင်းသေဆုံးရတာပါပဲ။

 လူသားထုကြီးတစ်ရပ်လုံးနဲ့ ကျွန်မတို့ဆီ ဆက်သွယ်ထားတဲ့ အချိတ်အဆက်အချို့ ဆုံးရှုံးရတာပါပဲ”ဟူသော စကားကိုကိုးကား၍ ဤအချက်မှာ အလက်ပိုမှသည် ဟာဗားနား၊ ပြုံယမ်းမှသည် တီဟီရန်အထိ ခံစားနိုင်စွမ်းရှိသော ခံစားမှုပင် ဖြစ်နေဆဲဖြစ်ပြီး၊

ယင်းကို ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့က ပြသခဲ့ကြောင်း နိဂုံးချုပ်ဖော်ပြထားသည်။

ယခုနှစ် ၂၀၁၂ အတွက် နိုင်ငံခြားရေးရာမဂ္ဂဇင်းကြီး၏ ကမ္ဘာ့တွေးခေါ်ရှင် ၁၀၀ စာရင်းတွင် နံပါတ်တစ်နေရာ၌ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန် (ပူးတွဲ)၊ နံပါတ်နှစ်နေရာ၌ အာရပ်နွေဦးအယူအဆများ ရှင်သန်အောင် ထိန်းသိမ်းနေသူ တူနီးရှားသမ္မတ မွန်ဆက်ဖ်မာဇော်ကီ၊ နံပါတ်သုံးနေရာတွင် ဘီလ်ကလင်တန်(ကန်သမ္မတဟောင်း)နှင့် ဟီလာရီကလင်တန်(ကန်နိုင်ငံခြားရေးဝန်ကြီး)တို့ ဇနီးမောင်နှံ၊

 နံပါတ်လေးနေရာတွင် ဂူးဂဲလ်နှင့်ပူးပေါင်း၍ မောင်းသူမဲ့ကားတီထွင်သူ စတန်းဖို့ဒ်တက္ကသိုလ်မှ ကွန်ပျူတာပညာရှင် ဆီဘတ်စတီယန်ထရန်၊ နံပါတ်ငါးနေရာတွင် ဘီလ်ဂိတ်နှင့် မယ်လင်ဒါဂိတ် ဇနီးမောင်နှံ၊

နံပါတ်ခြောက်နေရာတွင် ပါကစ္စတန်မှ အသက် ၁၅ နှစ်အရွယ် ကလေးသူငယ်ပညာသင်ကြားရေးနှင့် အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူ မာလာလာယူဆတ်ဗ်ဇိုင်၊ နံပါတ်ခုနစ်နေရာတွင် ကန်သမ္မတ အိုဘားမားတို့အား ပေးအပ်ထားခဲ့သည်။


7 Day News

—Ref: Foreign Policy



No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။