Saturday, December 1, 2012

လက်ပန်းတောင်းသပိတ် ဖြိုခွဲမှုကြောင့် သံဃာ ၇၉ပါး ဆေးရုံတင်




လက်ပန်းတောင်းတောင်အရေး ဆန္ဒပြဒေသခံတွေကို လုံထိန်း တပ်ဖွဲ့တွေက မနေ့က အကြမ်းဖက် ဖြိုခွဲခဲ့တဲ့အတွက် သံဃာ အပါး ၇ဝကျော်နဲ့ လူပုဂ္ဂိုလ် ၅ဝကျော် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး၊ မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးမှာ သံဃာ ၂၇ပါးနဲ့ သံဃာဆေးရုံကြီးမှာ ၅၂ပါး ဆေးကုသမှု ခံယူနေရကြောင်းသိရပါတယ်။

Photo: RFA
လက်ပန်းတောင်းသပိတ် ဖြိုခွဲမှုကြောင့် ဒဏ်ရာရထားတဲ့ သံဃာတော်များကို မုံရွာပြည်သူ့ဆေးရုံတွင် တွေ့ရစဉ်
ဒဏ်ရာရသံဃာတော်တွေကို မနေ့ညနေက ဒေါ်အောင်ဆန်းစုကြည် လာရောက်ဖူးမြော်အားပေးခဲ့သလို  သီတဂူဆရာတော် ဦးဥာဏိဿရ အပါအဝင် ဘာသာရေးခေါင်းဆောင်တွေနဲ့ အဖွဲ့အစည်းအမျိုးမျိုးက  လာရောက်ပြီး ဆေးဒါန၊ ဆွမ်းဒါန အစရှိတဲ့  ပစ္စည်းလေးပါးအတွက် လာရောက်လှူဒါန်းကြကြောင်း သိရပါတယ်။
မုံရွာမြို့က လက်ပန်းတောင်းတောင် ကာကွယ်ရေး ကော်မတီဝင်တွေက သပိတ်ဖြိုခွဲခံရပြီးတဲ့ မနေ့မနက် ကစပြီး အခုချိန်ထိ ငွေအား၊ လူအား အပြည့်အဝကူညီနေပါတယ်။
ဒဏ်ရာရသူတွေက သံဃာတော် ၂၈ ပါးနဲ့ ဝက်မှေးရွာသား ကိုကျော်စွာ တို့ဖြစ်ပါတယ်။ ခုချိန်ထိ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားသူတွေက ဆရာတော် အရှင်စန္ဒောဘာသနဲ့ ကိုရင် အရှင်သုဇနဖြစ်ပါတယ်။
အရှင်စန္ဒောဘာသဟာ ဘယ်ဖက်မျက်လုံးထိထားပြီး ခန္ဓာကိုယ်မှာလဲ နေရာအနှံ့မီးလောင်ခံထားရလို့ ခွဲစိပ်ကုသမှုခံထားရပါတယ်။ အရှင်သုဇနကတော့ ခါးအောက်ပိုင်းတခုလုံး မီးလောင်ခံထားရပါတယ်။ လက်ရှိမှာတော့ အသက်အန္တရာယ်စိုးရိမ်စရာ မရှိတော့တဲ့အကြောင်း ဒဏ်ရာရသူတွေကို ကူညီနေတဲ့ မုံရွာမြို့ခံတွေက ပြောပါတယ်။
သပိတ်ဖြိုခွဲမှုမှာ ဒဏ်ရာရပြီး မုံရွာဆေးရုံမှာ ကုသခံနေကြရတဲ့ သံဃာတော်တွေနဲ့ ပြည်သူတွေကို သီတဂူဆရာတော် အရှင်ဥာဏိဿရ ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ နာရေးကူညီမှုအသင်း ဥက္ကဌ  ဦးကျော်သူတို့က သွားရောက်တွေ့ဆုံအားပေးပြီး သူတို့လိုအပ်မယ့် ဆေးဝါးနဲ့ပစ္စည်းတွေ အကူအညီပေးခဲ့ကြတယ်လို့ သိရပါတယ်။
ဆရာတော် အရှင်ဥာဏိဿရက မုံရွာမြို့လက်ပန်းတောင်းတောင်ကာကွယ်ရေး ကော်မတီကနေတဆင့် ကျပ် ၂၅သိန်း လှူဒါန်းတယ်လို့ ကော်မတီဝင်တွေကပြောပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။