Saturday, December 1, 2012

ထိုင်းနိုင်ငံ 5Stars အဆင့်ဝင် ဘန်ဂလိုတွင် မြန်မာနိုင်ငံသား ၁၀၀ ခန့် လစာများ ဖြတ်တောက်ခံနေရ


ထိုင်းနိုင်ငံ တောင်ပိုင်း စူရဌါနီ ခရိုင်၊
 ကော့ပကမ်း (Koh Phagan ) ကျွန်းတွင်
 5 stars Hotels အဆင့်တွင် ပါဝင်သော
 Salad Beach Resortနှင့် Salad Buri
 Resort တွင် အလုပ်လုပ်နေကြသော
မြန်မာနိုင်ငံသား ၁၀၀ခန့်ကို သူဌေး ဖိဒမ်နှင့် သူဌေးမ ဖိဂါဝီ မှ အလုပ်ချိန်များကို အပိုဆင်းခိုင်းခြင်း၊ အလုပ်ကြမ်းများ ခိုင်းပြီး လစာများကို အကြောင်းအမျိုးမျိုးပြပြီး ဖြတ်တောက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

အလုပ်ချိန်များမှာ အပိုဆင်းနေရပြီး နေမကောင်းသဖြင့် ခွင့်ယူလျှင် လစာများ ဖြတ်တောက်ခံရခြင်းနှင့် အလုပ်သမားများအား အတင်းအားဓမ္မ အလုပ်လုပ်ခိုင်းခံနေရပုံကို အလုပ်သမား တစ်ဦးက " ကျွန်တော်တို့ အလုပ်ချိန်က မနက် ၆ နာရီခွဲကနေ ည (၁၂)နာရီကျော်ထိ အလုပ်ဆင်းရပါတယ်။

လွန်ခဲ့တဲ့ ၃ လလောက်က ထိုင်းအစိုးရအဖွဲ့ လာစစ်ဆေးတုန်းက အလုပ်ချိန်များနေတာကို လျှော့ဖို့ ပြောခဲ့တယ်။ တကယ်လို့ မလျှော့ဘူးဆိုရင် တစ်လကို အချိန်ပိုကြေးအနေနဲ့ အလုပ်သမား တစ်ယောက်ကို ပိုက်ဆံ ၁၅၀၀ ပေးရမယ်ဆိုပြီး စာချုပ် ချုပ်ထားတာ ရှိပါတယ်လို့ ကြားရပါတယ်။ အဲဒါကိုလည်း သူဌေးနှင့် သူဌေးမက ကျွန်တော်တို့ကို မပြောပါဘူး။ သူတို့မှာ ဘန်ဂလိုက နှစ်ခုရှိပါတယ်။

ပထမ တစ်ခုက Salad Beach ဘန်ဂလို ဖြစ်ပါတယ်။ နောက်တစ်ခု အသစ်ဆောက်ထားတာက Salad Buri ဘန်ဂလိုက ၄ နှစ်လောက်ပဲ ရှိပါသေးတယ်။

 အခု Salad Beach ဘန်ဂလိုမှာ လုပ်နေတဲ့ အလုပ်သမားတွေကို ဘန်ဂလို အလုပ် တစ်ခုတည်း မဟုတ်ပဲနဲ့ သူတို့ ဆောက်လုပ်နေတဲ့ အဆောက်အဦးလုပ်ငန်းတွေကို မိုးရေထဲမှာ ခိုင်းနေတာ ဖြစ်ပါတယ်။ သူဌေးမက စားပွဲထိုးတွေကိုလည်း တောင်တွေပေါ် တက်ခိုင်းပြီး ကျောက်တွေ ထမ်းခိုင်း၊ မြေတွေကို တူးခိုင်းတယ်။

 အလုပ်သမားတွေ အကုန်လုံးသွားရပါတယ်။ အလုပ်လုပ်ခိုင်း တာက နွားတွေကို ခိုင်းသလိုပဲ ခိုင်းပါတယ်။ ရိုက်နှက်ပြီးတော့ ခိုင်းတာတွေလည်း ရှိပါတယ်။

 အလုပ်ပင်ပန်းလို့ နေမကောင်း ဖြစ်သွားရင်လည်း (၄)ရက် နားခွင့်ပဲပေးပြီးတော့ တစ်ရက်ကို ၅၀၀ ဖြတ်ပါ တယ်။ အဲဒီနားတဲ့ ရက်ကိုလည်း ပိုက်ဆံမပေးတော့ပါဘူး။ အချိန်ပိုကြေးအဖြစ် သတ်မှတ်ထား တဲ့ ၁၅၀၀ ကိုလည်း မပေးဘူး။ ဆေးခန်းကို လည်း လိုက်မပို့ပါဘူး။

 တစ်နေ့ကို ဘတ် ၁၅၀ ကျော်ပဲ ရပါတယ်။ ဘန်ဂလို နှစ်ခုပေါင်း ဆိုရင် မြန်မာအလုပ် သမား ၁၀၀ နီးပါးခန့်လောက် ရှိပါတယ်။ လကုန်ပြီးလို့ နောက်လ ၁၁ ရက်မှ လစာထုတ်ပေးတယ်။ လစာထုတ်ခါနီးပြီဆိုရင် ပိုက်ဆံတွေကို အကြောင်းအမျိုးမျိုးပြပြီး ဖြတ်ပါတယ်။ ကျွန်တော်တို့နဲ့ အလုပ်အတူလုပ်တဲ့ မျိုးမင်းထွန်းကိုလည်း တောင်ပေါ်မှာ အလုပ်ကြမ်းတွေ လုပ်ခိုင်းတယ်။

မလုပ်နိုင်ဘူးပြောတော့ ပါးကိုရိုက်တော့ လစာလည်း မရပဲနဲ့ အလုပ်ထွက်သွားရပါတယ်။ ထားဝယ်က ကောင်လေးတစ်ယောက်ဆိုရင်လည်း မိုးရေထဲမှာ အလုပ်ကြမ်းတွေကို အနားမပေးပဲ ခိုင်းခံနေရပါတယ်။ အလုပ်သမားတွေက မကျေနပ်ပေမဲ့လည်း ပြန်မပြောရဲ ဖြစ်နေကြပါတယ်။

 ထိုင်းစကားကလည်း မပြောတတ်ကြ၊ သွားလာဖို့ကလည်း ပတ်စပို့စ်က မရှိဆိုတော့ အရမ်းဒုက္ခ ရောက်နေကြပါတယ်။

 ပြီးတော့ သူဌေးမက ဗမာလူမျိုးတွေကို မုန်းတဲ့ စိတ်၊ နှိမ်ချဆက်ဆံတဲ့ စိတ်ကရှိနေလို့ ဒီလိုဆက်ဆံတာလို့ ကျွန်တော် ထင်ပါတယ်။ " ဟု ပြောသည်။

မြန်မာနိုင်ငံတွင် အလုပ်အကိုင်များ ရှားပါးပြီး စားဝတ်နေရေး အဆင်မပြေသောကြောင့် ထိုင်းနိုင်ငံကို အလုပ်လုပ်ရန် ရောက်ရှိနေကြသော မြန်မာနိုင်ငံသားများသည် ထိုင်းအလုပ်ရှင် သူဌေးများ၏ မတရား ညှင်းပန်းနှိပ်စက်မှုများ၊ အလုပ်ကြမ်းများကို နားချိန်မပေးပဲ လုပ်ခိုင်းနေခြင်းများ၊ လစာအပေါ် ခေါင်းပုံဖြတ်မှုများကို ရင်ဆိုင်နေကြရသည်။

ယခုကဲ့သို့ ထိုင်းနိုင်ငံတောင်ပိုင်း ကော့ပကမ်း (Koh Phagan ) ကျွန်းတွင် 5 stars Resort အဆင့်တွင် ပါဝင်သော ဘန်ဂလိုတစ်ခုတွင် အလုပ်သများ အပေါ်တွင် မတရား ခေါင်းပုံဖြတ် နေခြင်းသည် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံကောင်း မပီသမှု၊ လူမျိုး ရေးမုန်းတီးရေးစိတ်များနှင့် ဆက်ဆံနေခြင်း ကြောင့် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံကြား ရင်းနှီးချစ်ကြည်မှု ထိခိုက်လာနိုင်ကြောင်း အလုပ်သမားအရေး လှုပ်ရှားဆောင်ရွက်နေသူများက ဆိုသည်။

Arakan Times သတင်းဌာန

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။