Saturday, December 1, 2012

ရန်ကုန်ဆန္ဒထုတ်ဖော်မှုအား ဆက်လက်ပြုလုပ်သွားမည်ဟု သံဃာတော်များဆို


ကြေးနီတောင်စီမံကိန်းအား အစိုးရမှတာဝန်ယူဖြေရှင်းပေးခြင်းမရှိလျှင် ရန်ကုန်ဆန္ဒထုတ်ဖော်မှုအား ဆက်လက်ပြုလုပ်မည်ဖြစ်ကြောင်း ဆူးလေဆန္ဒထုတ်ဖော်မှုတွင်ပါဝင်သည့် ရဟန်းသံဃာများထံမှ သိရှိရသည်။


ယနေ့ ဒီဇင်ဘာလ(၁)ရက်နေ့ ညနေပိုင်း၌ မြေနီကုန်းမှ ဆူးလေဘုရားသို့ သံဃာတော်များဦးဆောင်ကာ ဆန္ဒထုတ်ဖော်ရန် စီစဉ်ထားသည်ဟု သိရသည်။


အဆိုပါ ဆန္ဒထုတ်ဖော်မှုအား နိုဝင်ဘာလ(၃၀)ရက်နေ့ ရန်ကုန်မြို့ ဆူးလေဘုရားမှ ဦးပိုင်ကုမ္ပဏီလီမိ တက် ရှေ့သို့သွားကာ စတင်၍ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။


ကြေးနီစီမံကိန်းအမြန်ဆုံးရပ်တန့်ပေးဖို့ အစိုးရကတာဝန်ယူဖြေရှင်းပေးဖို့တောင်းဆိုသွားမယ်။ နောက်ရက်တွေမှာလည်း ဆက်ပြီးဆန္ဒပြမှုတွေ ပြုလုပ်သွားမယ်။ အပြစ်မဲ့ပြည်သူ ရဟန်းသံဃာများကို ဖောက်ခွဲအမိန့်ပေးတဲ့ ပုဂ္ဂိုလ်ကို သိသာမြင် သာအောင် ဖော်ထုတ်ပြီးတော့တရား ဥပဒေအရအရေးယူ ဆောင်ရွက်ပေးရပါလိမ့်မယ် ဟု ဆန္ဒပြရာတွင်ဦးဆောင်သော မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက မိန့်ကြားခဲ့သည်။


ကြေးနီစီမံကိန်းကို ရပ်တန့်ပေးရန် ဆန္ဒပြသူများကို အစိုးရ လုံခြုံရေးတပ်ဖွဲများမှ ဖြိုခွင်းမှုအား မီးလောင်ဗုံးသုံးခြင်းကို လက်မခံနိုင်ကြောင်း နှင့် ပြဿနာကို ပြေပြေလည်လည်ဖြေရှင်းပေးစေလို ကြောင်း ဒေါ်အောင်ဆန်းစုကြည်မှ ကံကုန်းကျေးရွာတွင် ပြောဆိုခဲ့သော ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ကြောင်းကိုလည်း သိရ့သည်။


ရန်ကုန်ဆန္ဒပြသော ရဟန်းသံဃာများမှ တောင်းဆိုသည့်အချက်များမှာ မြန်မာဝမ်ပေါင် ကုမ္ပဏီဖျက်သိမ်းရေး၊ ကြေးနီစီမံကိန်းအရေး ဦးဆောင်သူများအား ပြန်လွှတ်ပေးရေး၊ လက်ပံတောင်း တောင်စီမံကိန်း ရပ်ဆိုင်းရေး၊ လက်ပံတောင်းတောင်သပိတ်စခန်းများဖြိုခွင်းခဲ့ မူကြောင့်ဒဏ်ရာရှိ သူများအား ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အ၀ပေးရေးစသည့် အချက်များပါဝင်သည်။


ကြေးနီစီမံကိန်းဆန္ဒပြမှုအား အကြမ်းဖက်ဖြိုခွင်းမှုများကို အစိုးရမှ တာဝန်ယူဖြေရှင်းပေးရန် လိုအပ်ကြောင်း (၈၈)မျိုးဆက်ကျောင်း သားခေါင်းဆောင်များမှလည်း ၎င်းတို့ပြုလုပ်သည့် သတင်း စာရှင်းလင်းပွဲတွင် ပြောကြားထားသည်။


ကျွန်တော်တို့အနေနဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့ဖို့အတည်ပြုပါတယ်။ လွတ်လပ်ပြီး သမာသမတ်ကျတဲ့ စုံစမ်းရေး ကော်မရှင်ဖြစ် ဖို့တော့လိုပါတယ်။ ပြည်သူနဲ့ ရွာသူရွာသားတွေ ယုံကြည်တဲ့သူမျိုးပါဝင် ဖို့လိုတယ်။ အဲဒီကော်မရှင် စုံစမ်းနေတဲ့ ကာလအတွင်းမှာ လည်ပတ်နေတဲ့ ယန္တရားတွေကို ရပ်ထား ရမယ်။ မရပ်ထားဘူး ဆက်သွား နေမယ်ဆိုရင် ဒီပြဿနာပြေလည်မှာ မဟုတ်ဘူး။ ဒီကိစ္စကို အလေး နက်ထားပြီး ညင်ညင်သာသာ ကိုင်တွယ် ဖြေရှင်းသင့်တယ် ၈၈ မျိုးဆက်ကျောင်းသား ကိုထွန်းမြင့် အောင်က ပြောသည်။  


ရန်ကုန်ဆန္ဒထုတ်ဖော်မှုတွင် ရဟန်းသံဃာ အပါး(၃၀)၀န်းကျင် ပါဝင်၍ လူဦးရေ (၅၀)၀န်းကျင်ခန့်ဖြင့် နိုဝင်ဘာလ(၃၀)ရက်နေ့ ညနေပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။


No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။