Thursday, August 16, 2012

မြန်မာအစိုးရ ကူညီမှ မြန်မာအလုပ်သမား အရေး ပြေလည်မယ်


မေလက ထိုင်းနိုင်ငံ ဘန်ကောက် မြို့ မဟာချိုင် ဒေသမှာ ရှိတဲ့ မြန်မာ အလုပ်သမား တွေကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် အမတ် ဒေါ်အောင်ဆန်းစုကြည် လာရောက်တွေ့ဆုံ စကားပြောသွားပြီး နောက်ပိုင်းမှာ ထိုင်း အာဏာပိုင်တွေရော၊ ထိုင်းနိုင်ငံသားတွေရော ဖမာ့(မြန်မာ)တွေအပေါ်မှာ ဆက်ဆံပုံ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားပါတယ်။ အားကိုးရာ မဲ့နေတဲ့ မြန်မာအလုပ် သမားတွေဟာ ဒေါ်အောင်ဆန်းစုကြည် ရောက်လာတယ်ဆိုရင်ပဲ အားကိုးတကြီး ကြိုဆိုကြတာ သတင်းတွေအရ တွေ့ကြ သိကြမှာပါ။

အဲဒီနောက် ဇွန်လအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဥရောပခရီးစဉ် ကို ကမ္ဘာ့မီဒီယာတွေကနေတစ်ဆင့် မြင် ကြတွေ့ကြတဲ့ ထိုင်းနိုင်ငံသားတွေဟာ မြန်မာတွေအပေါ်မှာ အနည်းနဲ့အများ လေး စားမှုရှိလာတာကို တွေ့လာရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းမှာ သမ္မတဦးသိန်းစိန်ကိုယ်တိုင် ထိုင်းနိုင်ငံကို လာပြီး ထိုင်းအစိုးရ ထိပ်ပိုင်းခေါင်းဆောင် တွေနဲ့တွေ့၊ စီးပွားရေးဆိုင်ရာ နားလည်မှု တွေယူခဲ့တဲ့ နောက်မှာတော့ ထိုင်းနိုင်ငံ ရောက် မြန်မာတွေဟာ အရင်ထက်စာရင် အတိုင်းထက်အလွန် အသက်ရှူချောင်လာ တယ်လို့ ပြောနိုင်လာပါတယ်။
အရင်ကလို မြန်မာဆိုတာ ထိုင်းထက် တစ်ဆင့်နိမ့်တယ်ဆိုတဲ့ပုံစံမျိုး မဟုတ်တော့ ဘဲ မြန်မာနဲ့ထိုင်းဆိုတာ အိမ်နီးချင်းနိုင်ငံ တွေနဲ့တန်းတူပဲဆိုတာမျိုးကို သမ္မတ ဦးသိန်းစိန် ထိုင်းကိုရောက်လာပြီးနောက် ပိုင်းမှာ တွေ့ရခံစားရတာပါ။
ထိုင်းအစိုးရ အာဏာပိုင်တွေအနေနဲ့က မြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုတွေလုပ်လိုတယ်။ စီးပွားရေး ဆိုင်ရာအကျိုးခံစားခွင့်တွေကို အိမ်နီးချင်း နိုင်ငံတစ်နိုင်ငံအနေနဲ့ ရချင်တယ်ဆိုတဲ့ မျှော်လင့်ချက်တချို့နဲ့ မြန်မာနိုင်ငံသားတွေ အပေါ် တစ်ဆင့်မြှင့် ဆက်ဆံလာတာမျိုး ဖြစ်နိုင်ပေမယ့် သာမန် ထိုင်းနိုင်ငံသားတွေ ကတော့ သူတို့ရဲ့ရုပ်မြင်သံကြားတွေကနေ မြင်ရကြားရတဲ့ အခြေအနေတွေကြောင့် အရင်ထက်စာရင် မြန်မာတွေအပေါ် ဖိနှိပ်မှု တွေနည်းလာတယ်လို့ ဆိုရမှာပါ။
အရင်ကဆို မြန်မာအလုပ်သမတွေ ဟာ ချင်းမိုင်လိုနေရာမျိုးမှာ သနပ်ခါးလိမ်း ပြီး အပြင်မထွက်ရဲ၊ ထဘီဝတ်ပြီး အပြင် မထွက်ရဲ၊ အမျိုးသားတွေဆိုရင်လည်း ကွမ်းစားရင်း ဆိုင်ကယ်မစီးရဲ၊ လူထူထူမှာ မြန်မာလိုမပြောရဲဆိုတဲ့ အနေအထားကနေ ထိုင်းတီဗွီချယ်နယ်တစ်ခုမှာ မြန်မာနိုင်ငံ အကြောင်းတွေ ဆက်တိုက်လွှင့်ပြတာ၊ မြန်မာပြည်က သနပ်ခါးကို သူတို့ပါးမှ တခုတ်တရ လိမ်းပြတာမျိုးတွေအထိ လုပ် ပြလာတာတွေ့ရပါတယ်။ ဒါတင်မကဘူး အခုရက်ပိုင်းအတွင်းမှာပဲ မြန်မာစာ“ကကြီး၊ ခခွေး”တွေကို သူတို့ထိုင်းမူလတန်းကျောင်း မှာ ပြဋ္ဌာန်းချက်သင်ရိုးထဲ ထည့်သင်တဲ့ အထိ လုပ်လာပြီလို့ ကြားရပါတယ်။ မြန်မာပြည်က စီးပွားရေးအခြေအနေ တွေ တဖြည်းဖြည်းကောင်းမွန်လာတဲ့အခါ ထိုင်းနိုင်ငံမှာ မြန်မာစကား၊ မြန်မာစာကို မသင်မနေရဆိုတာမျိုး ဖြစ်ချင်ဖြစ်လာဦး မှာပါ။
တစ်လောက စင်ကာပူနိုင်ငံရဲ့ မြေ တိုင်းကျွမ်းကျင် အလုပ်ခေါ်စာတစ်ခုမှာ လျှောက်ထားလိုတဲ့သူအနေနဲ့ မြန်မာစာ၊ အင်္ဂလိပ်စာ တတ်ရမယ်။ ပြောနိုင်ဆိုနိုင်ရ မယ်ဆိုပြီး တွေ့လိုက်ပါတယ်။ နောက်ပိုင်း ထိုင်းနိုင်ငံရဲ့ အလုပ်ခေါ်စာတွေမှာလည်း ဒါမျိုးဖြစ်မလာဘူးလို့ မပြောနိုင်ပါဘူး။ အရင်ကဆိုရင် ထိုင်းနိုင်ငံက ထိုင်း ကျောင်းတွေမှာ ကျောင်းတက်ရတဲ့ မြန်မာနိုင်ငံသား ကလေးတွေဟာ သူတို့ကိုယ် သူတို့ မြန်မာလို့ပြောရမှာရှက်တယ်၊ တချို့ ဆို “ထိုင်းဖြစ်ချင်တယ်”ဆိုတဲ့သူတွေတောင် ရှိပါတယ်။ ဒါပေမယ့် အခုအချိန်မှာ သူတို့ တက်နေတဲ့ ထိုင်းကျောင်းက မြန်မာစာ “ကကြီး၊ ခခွေး”သင်ပေးရင် တခြားထိုင်း ကလေးတွေကြားထဲ သူတို့က ဆရာကြီး တွေဖြစ်နေမှာ မြင်ယောင်ပါတယ်။
မြန်မာအစိုးရဘက်က ထိုင်းအာဏာ ပိုင်တွေနဲ့ ပူးပေါင်းပြီး ထိုင်းကိုရောက်နေတဲ့ မြန်မာပြည်က အလုပ်သမားတွေ လုပ်ခလ စာအပြင် အလုပ်သမားအခွင့်အရေးအပြည့် အဝရဖို့အတွက် ဆောင်ရွက်မယ်ဆိုတဲ့ သတင်းကို အစိုးရသတင်းစာတွေမှာ တွေ့ လိုက်ရတော့ဝမ်းသာမိပါတယ်။ တကယ် လက်တွေ့ဆောင်ရွက်ဖို့လည်း တိုက်တွန်း ပါတယ်။
ဒါပေမယ့် ဝမ်းနည်းစရာ ကောင်းတာ တစ်ခုကတော့ထိုင်းနိုင်ငံသားတွေက မြန်မာ နိုင်ငံသားတွေကို တန်းတူမြင်ပေးလာချိန် မှာ မြန်မာနိုင်ငံသား အချင်းချင်း ကတုံးပေါ် ထိပ်ကွက်တာ၊ ဇာတ်တူသား စားချင်တာ မျိုးတွေ ရှိနေသေးတယ်ဆိုတဲ့အချက်ပါပဲ။ ဦးမောင်ကို (အမည်ရင်းမဟုတ်) ဆို တဲ့ အသက် ၅၀ ဝန်းကျင်အရွယ် မွန်ပြည် နယ်က လူတစ်ယောက်ရဲ့အဖြစ်ကို ပြောပြ ချင်ပါတယ်။ သူတို့မိသားစုက မွန်ပြည်နယ်ထဲက ရော်ဘာပင်တွေပေါတဲ့ နေရာမှာနေတာပါ။
သူက ရော်ဘာစေးခြစ်တဲ့အလုပ်နဲ့ တစ် သက်လုံးအသက်မွေးလာတာဖြစ်ပြီး သမီး ဖြစ်တဲ့သူ ၁၀ တန်းအောင်တဲ့အထိကျောင်း ထားပေးနိုင်ခဲ့သလို သမီးနဲ့ဇနီးကို ရွှေဆွဲ ကြိုးလေးတွေ ဆင်ပေးနိုင်လောက်တဲ့အထိ သူကြိုးစားခဲ့ပါတယ်။ ရော်ဘာစေးခြစ်ရင်း မိတ်ဆွေ တစ် ယောက်နဲ့ ရင်းနှီးရာကတစ်ဆင့် ဒီလူက ဦးမောင်ကိုကို ထိုင်းနိုင်ငံဘက်မှာ အလုပ် သွားလုပ်ရင် ဘယ်လိုအဆင်ပြေကြောင်း မစားရဝခမန်း ပြောပြပါတယ်။ သူကူညီ နိုင်တယ်လို့လည်း ပြောခဲ့ပါတယ်။
အဲဒါကို ဦးမောင်ကိုက ယုံကြည်သွားခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဖြစ်တာ တစ်လမကြာသေး ပါဘူး။ ထိုင်းနိုင်ငံမှာ အလုပ်ရတဲ့အထိ အောက်လမ်းက ခေါ်သွားပေးခ ကျပ် လေး သိန်း တောင်းတယ်လို့ သိရပါတယ်။ မိသားစု ဘဝ ရှေ့ရေးအတွက် ထိုင်းနိုင်ငံ မှာ အလုပ်လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဦးမောင်ကိုက သူ့သမီးလေးရဲ့ ရွှေဆွဲကြိုးကိုရောင်းပြီး ပွဲစားခေါ်ရာကိုလိုက်ပါ လာပါတယ်။ သူ့ဒေသကလွဲလို့ ရန်ကုန် တောင် မရောက်ဖူးတဲ့ ဦးမောင်ကိုအတွက် ပွဲစားခေါ်သွားတာ ဘယ်ဒေသမှန်း၊ ဘယ် လမ်းမှန်းတောင် မသိပါဘူး။ တောထဲမှာ မှောင်မိုက်နေတဲ့ ည ဘက်တွေမှာ ခြေကျင်တစ်တန်၊ ကျပ်သိပ် နေတဲ့ ကားတစ်တန်နဲ့ ခေါ်ဆောင်လာခဲ့ပြီး လမ်းတစ်ဝက်မှာ ဦးမောင်ကိုဆီက ကျပ် လေးသိန်းကို ပွဲစားက ယူလိုက်ပါတယ်။
တကယ်တော့ ကျပ်လေးသိန်းဆိုတာ ထိုင်း နိုင်ငံကို လေယာဉ်ပျံနဲ့ လာမယ်ဆိုရင် တောင် မကုန်တဲ့ ငွေကြေးဆိုတာလည်း ဦးမောင်ကို မသိပါဘူး။ လေးရက်တာလမ်းလျှောက်ရင်း၊ ကား စီးရင်းနဲ့ နောက်ဆုံးမှာတော့ မွန်ပြည်နယ် ကနေ ခေါ်လာတဲ့ ဦးမောင်ကိုတစ်ယောက် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရောက်လာပါ တယ်။ ပွဲစားက နိုင်ငံခြားသားတွေနဲ့ ပြည့် နှက်နေတဲ့ ရင်ပြင်ကျယ်လို နေရာတစ်ခုမှာ ဦးမောင်ကိုကို ကားပေါ်က ဆင်းခိုင်းပြီး ခဏစောင့်နေ၊ သူပြန်လာမယ်ဆိုပြီး ထွက် သွားပါတယ်။ အဲဒီနေရာကတော့ ချင်းမိုင် မြို့ရဲ့ နိုင်ငံခြားသားတွေနဲ့ စည်ကားရာ ထာ့ဖယ်ဂိတ်ပါ။ ဦးမောင်ကိုကတော့ ထာ့ဖယ်ဂိတ်ဆိုတာလည်း မသိပါဘူး။
သူတစ်ခါမှ မရောက်ဘူးတဲ့နေရာမှာ၊ သူ တစ်လုံးမှ မပြောတတ်တဲ့ စကားတွေနဲ့ ကျွက်ကျွက်ညံနေတဲ့လူတွေ ကြားထဲ ဘာလုပ်ရမှန်းမသိဘဲ “ပြန်လာမယ် စောင့် ပါ”ဆိုတဲ့ ပွဲစားစကားတစ်ခွန်းတည်းနဲ့ ဘယ်ကိုမှ နေရာမရွှေ့ရဲဘဲ စောင့်နေခဲ့ပါ တယ်။ မိုးရွာတော့လည်း ခိုစရာမရှိ၊ စားစရာ လည်း မရှိ၊ ဝယ်စားဖို့လည်း ပိုက်ဆံမရှိတဲ့ ဦးမောင်ကိုဟာ အဲဒီ ထာ့ဖယ်ဂိတ်မှာ နှစ် ရက်တိတိ ဒီအတိုင်းထိုင်လိုက်ထလိုက် လုပ်ရင်း သူ့ကိုခေါ်လာတဲ့ ပွဲစားနဲ့ လွဲမှာ စိုးလို့ စောင့်နေခဲ့တာပါ။ မြန်မာပြည်မှာ ဆိုရင်တော့ ဘယ်မှမသွားဘဲ နှစ်ရက်တိတိ ရပ်နေတဲ့ လူစိမ်းတစ်ယောက်အနေနဲ့အနည်းဆုံးတော့ ရဲစခန်း ရောက်သွားပါ ပြီ။ ဒါပေမယ့် ထိုင်းရဲတွေက ဦးမောင်ကိုကို စိတ်မဝင်စားပါဘူး။
သူတို့နားလာမှာ စိုးလို့တောင် မောင်းထုတ်တယ်လို့ ပြောပါ တယ်။ နှစ်ရက်ထက်ပိုပြီး မစောင့်နိုင်တော့တဲ့ ဦးမောင်ကိုဟာ ပင်ကလည်းပင်ပန်း၊ ဗိုက် ကလည်း ဆာနေတာကြောင့် အဲဒီနေရာမှာ မနေတော့ဘဲအကူအညီရလိုရငြားလျှောက် သွားကြည့်တဲ့အချိန်မှာ သိပ်မလျှောက် လိုက်ရဘဲ မြန်မာဆိုင်းဘုတ်တင်ထားတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းကို ကံ ကောင်းထောက်မစွာ တွေ့လိုက်ရပါတော့ တယ်။
ဝါဆိုလပြည့်နားနီးတဲ့ အချိန်ဆိုတော့ ဘုန်းကြီးကျောင်းထဲမှာ မြန်မာသံဃာ တော်တွေအပြင် မြန်မာလူမျိုး ဒကာ၊ ဒကာမတွေနဲ့ပါ စည်ကားနေတဲ့အချိန်ဆို တော့ ဖိနပ်ချွတ်ပြီး ဘုန်းကြီးကျောင်းဝင်း ထဲ ဝင်လာတဲ့ ဦးမောင်ကိုကို ဝိုင်းဝန်း မေးမြန်းကြ ကူညီကြတယ်လို့ ဆိုပါတယ်။ ထိုင်းက ဘုန်းကြီးကျောင်းဝင်းတွေထဲ ဝင် ရင် ဖိနပ်ချွတ်စရာ မလိုဘူး။ ကျောင်းပေါ် တက်မှ ဖိနပ်ချွတ်ရတာဆိုတော့ ဖိနပ်ချွတ် ဝင်လာတဲ့ ဦးမောင်ကိုကို အားလုံးက ထူး ဆန်းတဲ့အကြည့်နဲ့ကြည့်ရင်း မြန်မာတစ် ယောက်ဒုက္ခရောက်ခဲ့တယ်ဆိုတာ သိသွား ကြတာပါ။
အဖြစ်အပျက်က ဝတ္ထုဆန်ပေမယ့် ဒါ ဝတ္ထုဇာတ်လမ်း မဟုတ်ပါဘူး။ ဦးမောင်ကို အနေနဲ့ လူသားချင်း စာနာတတ်တဲ့ မြန်မာ အချင်းချင်းတွေ့ပြီး ရိုင်းပင်းမှုတွေရခဲ့တဲ့ အတွက်သာ အခုအချိန်မှာ ဆောက်လုပ် ရေးလုပ်ငန်းခွင်တစ်ခုမှာ တစ်ဝမ်းတစ်ခါး အတွက် အလုပ်တစ်ခုရနေတာ ဖြစ်ပါ တယ်။ တကယ်လို့သာဒီဘုန်းကြီးကျောင်း ကို သူမတွေ့ဘူးဆိုရင် သူ့အတွက် သူ တစ်ပါးနိုင်ငံမှာ ငွေတစ်ပြားတစ်ချပ်မှမရှိဘဲ၊ စကားလည်း မတတ်တဲ့ဘဝနဲ့ မတွေးရဲ စရာပါ။ ဦးမောင်ကိုလို လူတွေဘယ်နှယောက်လောက်ရှိနေမလဲ ကျွန်မ မစဉ်းစားတတ် အောင်ပါပဲ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်း အလုပ်သမား ဝန်ကြီးဌာနတွေ့ဆုံအပြီးမှာ ထိုင်းနိုင်ငံက မြန်မာအလုပ်သမားတွေရဲ့ လုပ်ခလစာကို အရင်ပေးချင်သလို ပေး နေရာကနေ ထိုင်းနိုင်ငံသား အလုပ်သမား တွေနဲ့တန်းတူ တစ်နေ့ ဘတ် ၃၀ဝ (ကျပ် ၇၅၀ဝ)အထိ ပေးမယ်ဆိုတဲ့ကတိကို ရခဲ့ပါ တယ်။ ဒီအစီအစဉ်က ၂၀၁၃ ခုနှစ် ဖေဖော် ဝါရီမှာ စတင်မှာပါ။
အရင်က ဦးမောင်ကိုလိုအဖြစ်အပျက် မျိုးတွေ ကြားဖူးပေမယ့် ကိုယ်တွေ့ကြုံရ တာ ဒါပထမဆုံးပါပဲ။ အခုလို မြန်မာနိုင်ငံ အစိုးရတာဝန်ရှိသူတွေကိုယ်တိုင် ကိုယ့် နိုင်ငံသားတွေဘက်က ရပ်တည်ပေးဖို့ ကြိုးစားနေတဲ့ အချိန်မျိုးအထိ ဒီအဖြစ် အပျက်မျိုး ဖြစ်နေတာတော့ တော်တော် ဆန်းပါတယ်။ ဒီလို အဖြစ်အပျက်မျိုးတွေ မဖြစ်သင့်တော့ပါဘူး။
အစိုးရ တာဝန်ရှိသူတွေဘက်က မြန်မာအလုပ်သမားတွေရဲ့ အခွင့်အရေး အပြည့်အဝရဖို့အတွက် ဆောင်ရွက်ပေး မယ်ဆိုတာ လက်မှတ်ရှိသူ၊ ယာယီနိုင်ငံ ကူးလက်မှတ် လုပ်ထားသူတွေအတွက်ပဲ ဆိုလိုတာပါ။ တစ်နည်းအားဖြင့် တရားဝင် ရွှေ့ပြောင်းအလုပ်သမားအဖြစ် ထိုင်းအစိုးရ ဘက်က လက်ခံထားသူတွေကိုသာ မြန်မာ အစိုးရက ကာကွယ်ပေးနိုင်မှာပါ။ ဒီအစီ အစဉ် လက်တွေ့အကောင်အထည် မဖော် နိုင်သေးဘူးဆိုပေမယ့် လက်မှတ်ရှိထားသူ တွေအတွက် မျှော်လင့်ချက်ရှိပါတယ်။
ဒါပေမယ့် ထိုင်းနိုင်ငံမှာဘာလက်မှတ် မှမရှိဘဲ နေထိုင်အလုပ်လုပ်နေတဲ့ မြန်မာ တွေ သန်းနဲ့ချီပြီးရှိနေပါသေးတယ်။ ထိုင်းနဲ့ မြန်မာအစိုးရပူးပေါင်းပြီး တရားဝင် လက် မှတ်လုပ်ပေးနေတဲ့ကြားက ဘာကြောင့် ဒီလူတွေမှာ လက်မှတ်မရှိတာလဲ။ လက် မှတ်မလုပ်ကြတာလဲဆိုတဲ့ အချက်က လည်း စိတ်ဝင်စားစရာကောင်းပါတယ်။လက်မှတ်လုပ်ဖို့အတွက် နယ်စပ်ကို သွားရမယ်၊ အလုပ်ဖျက်ရမယ်၊ နေ့တွက်ခ မရဘူး။
အလုပ်ရှင်တွေ ကိုယ်တိုင်လက် မှတ်လုပ်တာ အားမပေးဘူး။ လက်မှတ်မရှိ တဲ့ တရားမဝင် အလုပ်သမားတွေကို လစာ ကြိုက်သလို ညှိနှိုင်းပေးနိုင်တယ်၊ ဈေးပေါ တယ်။ လက်မှတ်လုပ်ဖို့ ထိုင်းစကား မကျွမ်းကျင်တဲ့ မြန်မာတွေအနေနဲ့ ပွဲစားကို အားကိုးရမယ်၊ပွဲခမတတ်နိုင်ဘူး။တစ်လော က ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ သတင်းကြောင့်လည်း မြန်မာတွေ လက်မှတ်လုပ်ဖို့ တွန့်သွား တာမျိုး ရှိတယ်၊ အဲဒါကတော့ ရွှေ့ပြောင်း အလုပ်သမတွေ ကိုယ်ဝန်ရှိလာရင် နေရပ် ပြန်ပို့မယ်ဆိုတဲ့ ကြေညာချက်ပါ၊
ဒါက လည်း တရားဝင်လက်မှတ်ရှိသူတွေနဲ့ပဲ သက်ဆိုင်တာဖြစ်ပါတယ်။ ဒီတော့ ပြန်ပို့ ခံရမှာစိုးတဲ့ မြန်မာတွေက လက်မှတ်မလုပ် ဘဲ ခိုးနေဖို့ကို ပိုအားသန်တယ်။ မုန့်လုံး စက္ကူကပ်သလိုပဲ လက်မှတ် မရှိသူတွေက ထိုင်းအလုပ်ရှင်တွေဖိနှိပ်သမျှခံစားရမယ်။လက်မှတ်လုပ်မယ်ဆိုပြန်တော့ လည်း အဆင့်ဆင့်ခက်ခဲနေဆဲ၊ လက်မှတ် ရှိထားသူတွေကျပြန်တော့လည်း ကိုယ်ဝန် ရှိရင် ပြန်ပို့ခံရမယ်ဆိုတာလို မလိုလားအပ် တဲ့ ပြဿနာမျိုးတွေ ရှိနေတယ်။ မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာန အနေနဲ့ ထိုင်းရောက်ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေ အရေးကို အမှန်တကယ် ကူညီချင်တယ်ဆိုရင် အထက်မှာ ပြောခဲ့တဲ့ အခြေခံကျတဲ့အချက်တွေကို သိထားရမှာ ဖြစ်ပါတယ်။
မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ အရေးကို ထဲထဲဝင်ဝင်လေ့လာပြီး ထိုင်း အာဏာပိုင်တွေနဲ့ အမှန်တကယ် ပူးပေါင်း ဆောင်ရွက်မှ၊ ကိုယ့်နိုင်ငံသားတွေဘက်က အမှန်တကယ် ကာကွယ်ပေးမှ၊ နိုင်ငံသား အချင်းချင်း ခေါင်းပုံဖြတ်မှုတွေကို ဖော် ထုတ် အရေးယူပေးမှသာ နှစ်ပေါင်းများစွာ လျစ်လျူရှုခံထားရတဲ့ ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေရဲ့ ပြဿနာ ပြေလည်မှာ ဖြစ်ပါတယ်။
ကျွန်မတို့ တိုင်းပြည်တွင်းမှာ အလုပ် အကိုင် အခွင့်အလမ်းကောင်းတွေ မဖန်တီး ပေးနိုင်သေးတဲ့ အချိန်တစ်ခုအထိ အိမ်နီး ချင်းနိုင်ငံက မြန်မာအလုပ်သမားတွေရဲ့ အရေးကို အတတ်နိုင်ဆုံး ပြေလည်အောင် ဖြေရှင်းပေးဖို့ လိုအပ်ပါတယ်။
လက်မှတ်ရှိသူဖြစ်စေ၊ လက်မှတ် မရှိ သူဖြစ်စေ မြန်မာနိုင်ငံသားမှန်ရင် တွေ့ကြုံ ရတဲ့ အခက်အခဲကို တင်ပြဆွေးနွေးနိုင်မယ့်၊ မြန်မာနဲ့ထိုင်း ပူးပေါင်းဖွဲ့စည်းထားတဲ့ အလုပ်သမား ကူညီစောင့်ရှောက်ရေးရုံး လိုမျိုး ထိုင်းနိုင်ငံအနှံ့မှာ ထားပေးနိုင်မယ် ဆိုရင်တော့ ဦးမောင်ကိုလို ဒုက္ခအခက် အခဲနဲ့ ကြုံရသူတွေ၊ ပွဲစားအလိမ်ခံရလို့ သူများနိုင်ငံမှာ ဒုက္ခရောက်ရတာတွေ ကင်း ဝေးသွားလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ဆိုလိုတာကတော့ မြန်မာ့အစိုးရက တကယ်ပဲ ကူညီချင်စိတ်ရှိပြီး လက်တွေ့ ကူညီမှသာ ထိုင်းရောက် မြန်မာ့အလုပ် သမားတွေအရေး အမှန်တကယ် ပြေလည် နိုင်မယ်လို့ ပြောချင်တာပါ။ ။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။