Thursday, August 16, 2012

 ဗွီအိုအေအသံလွှင့်ဌာနမှ နိုင်ငံတော် သမ္မတဦးသိန်းစိန်နှင့် သီးခြားတွေ့ဆုံမေးမြန်းမှု


အမေရိကန်နိုင်ငံအခြေစိုက် ဗွီအိုအေအသံလွှင့်ဌာန မြန်မာပိုင်း အစီအစဉ်မှ နိုင်ငံတော်သမ္မတဦးသိန်းစိန်နှင့် သီးခြားတွေ့ဆုံပြီး အင်တာဗျူးပြုလုပ်ခဲ့သည့် အမေးအဖြေကဏ္ဍအား ပြန်လည် ဖော်ပြအပ်ပါသည်။ရခိုင်ပြည်နယ်က အရေးအခင်းနဲ့ ပတ်သက်လို့ ဗွီအိုအေ မြန်မာပိုင်းဌာနမှူး ဦးသန်းလွင်ထွန်းက နိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့ သီးသန့်တွေ့ဆုံ မေးမြန်းထားခြင်းဖြစ်ပါသည်။

မေး - အခု ဒီရက်ပိုင်းတွေအတွင်းမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံတကာကနေ မီးမောင်းထိုးပြီး ပြောပြလာတဲ့ အရေးတကြီးကိစ္စတစ်ခုအနေနဲ့ ပြောပြလာတာတွေရှိပါတယ်။ အဲဒါကိုသမ္မတကြီးလည်း သိပြီး ဖြစ်မှာပါ။ အထူးသဖြင့် ရခိုင်ပြည်နယ်က ကိစ္စပါ။ အခုဆိုလို့ရှိရင် မကြာမီက လူ့ အခွင့်အရေး ကော်မရှင် အစည်းအဝေးပွဲတွေ လုပ်တော့မယ်။ ကုလသမဂ္ဂ အစည်းအဝေးပွဲတွေ လုပ်မယ်။ နောက် နိုင်ငံတကာ အစ္စလာမ်မစ်ကောင်စီ အစည်းအဝေးပွဲတွေ လုပ်တော့မယ်ဆိုတဲ့ နေရာတွေမှာ မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းမှာရှိနေတဲ့ ရိုဟင်ဂျာလို့ လူမျိုးစုတွေလို့ ခေါ်ကြတဲ့ မွတ်စလင်တွေပေါ့။ သူတို့ကို မြန်မာနိုင်ငံက အများစုက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုပြီး စွပ်စွဲမှုတွေ ကြားနေရပါတယ်။ အဲဒီအတွက်ကြောင့် မို့လို့ပဲ  လူနည်းစုတွေကို ကူညီဖို့ဆိုပြီးတော့ ဆော်ဒီအာရေးဗျနိုင်ငံက ဒေါ်လာသန်း ၅၀ လှူတာတို့ မကြာသေးခင်ကပဲ တူရကီနိုင်ငံခြားရေးဝန်ကြီးကနေ အကူအညီတွေ ပေးသွားတာတို့ ဘာတို့ဆိုတာ ရှိနေတယ်ဆိုတော့ မြန်မာနိုင်ငံရဲ့သမ္မတကြီး ဦးဆောင်နေတဲ့ တိုးတက်ပြောင်းလဲမှုတွေရဲ့ အကောင်းသတင်းတွေကြားထဲမှာ နိုင်ငံတကာကနေပြီးတော့ လူ့အခွင့်အရေးဆိုပြီးတော့ ထောက်ပြပြီးတော့ ဒါဟာ လူမျိုးရေး၊ ဘာသာရေးဖိနှိပ်မှုတွေ ရှိနေတယ်ဆိုပြီး ထောက်ပြမှုတွေ ကြားနေရပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ သမ္မတကြီးရဲ့အမြင်ကို ရှင်းရှင်းလင်းလင်း သိချင်ပါတယ်။ 

ဖြေ - ဒီဟာလေးလဲ ကျွန်တော် ပြောချင်ပါတယ်။ ဒီဟာက ကျွန်တော်တို့ ဒီမိုကရေစီလမ်းကြောင်းကို ချီတက်တဲ့ နေရာမှာ မမျှော်လင့်ဘဲနဲ့ တွေ့ကြုံလာတဲ့ အခက်အခဲတစ်ခုပါပဲ။ ဒီလိုပဲ ကျွန်တော်တို့ Challenges တွေကတော့ ရှိနေမှာပါပဲ။ အဲဒီတော့ ရခိုင်မှာ ဖြစ်ပျက်တဲ့ကိစ္စကလည်း တကယ်တော့ ကျွန်တော်တို့ လူတစ်စုက နေပြီးတော့ ရက်စက်ကြမ်းတမ်းတဲ့ ရာဇ၀တ်မှုတစ်ခုကို ကျူးလွန်လိုက်တဲ့ အတွက်ကြောင့် ဒီပေါ်မှာ မခံမရပ်နိုင်ဖြစ်ပြီးတော့ ဟိုဘက်အုပ်စုနဲ့ ဒီဘက်အုပ်စုနဲ့ ခုနကလို ဖြစ်ကြပြုကြရင်းနဲ့ နောက်ဆုံးမှာ အုပ်စုကြီးက သိပ်ပြီးတော့ ကြီးထွားလာပြီးတော့ အချင်း ချင်း ကျွန်တော်တို့ သတ်တဲ့၊ ဖြတ်တဲ့ အဆင့်အထိ ရောက်လာတယ်။ နောက်တစ်ခါ ဆိုးတာက တစ်ဖက်နဲ့ တစ်ဖက်မီးရှို့ကြတယ်။ ဒီဘက်ကလည်း မီးရှို့၊ သူတို့ဘက်ကလည်း မီးရှို့။ တစ်ခါဆိုလို့ရှိရင်လည်း ကိုယ့်အိမ် ကိုယ်မီးရှို့ပြီးတော့ ထွက်ပြေးပေမယ့် ဒီမီးကနေ ကူးစက်ပြီးတော့ လောင်တာတွေရှိပါတယ်။ အဲဒီတော့ ဖြစ်စဉ်က ခုနကလို ဒီရာဇ၀တ်မှုတစ်ခုအပေါ် အကြောင်းပြုပြီးတော့ မခံမရပ်နိုင်တဲ့ အတွက်ကြောင့် ဒါလူအုပ်စုအထိ ကူးစက်သွားပြီးတော့ ဒီလိုဖြစ်ကြ ပြုကြတာပါ။ တကယ်တော့လည်း အဲဒီမှာ နေနေကြတဲ့သူတွေက ကျွန်တော်တို့ နှစ်ပေါင်းကြာခဲ့ပါပြီ။ ဒီလိုကျွန်တော်တို့ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်လည်း ကျွန်တော်တို့ သက်တမ်းတစ်လျှောက် မတွေ့ခဲ့ရပါဘူး။ ဒါကြောင့်မို့လို့ ကျွန်တော် ပြောချင်တာကတော့ ဒီလိုဖြစ်ပျက်မှုတွေက ဘာသာရေးကြောင့်ဖြစ်တာတော့ မဟုတ်ဘူး။ လူမျိုးရေးကြောင့် ဖြစ်တာလည်း မဟုတ်ဘူး။ သို့သော်လည်း အခန့်မသင့်လို့  ကျွန်တော်တို့ ဒီလိုရက်စက်တဲ့၊ ကြမ်းတမ်းတဲ့ ရာဇ၀တ်မှုအပေါ်မှာ ခုနကလို မခံမရပ်နိုင်ဖြစ်ပြီးတော့မှ တစ်ဖက်နဲ့တစ်ဖက် အကြမ်းဖက်တဲ့ လုပ်ရပ်တွေဖြစ်တာပါ။ အမှန်ကတော့ သေဆုံးတာတွေ၊ ဒဏ်ရာရတာတွေဟာ တကယ် တကယ်ကျတော့လည်း ကျွန်တော်တို့ တခြားနိုင်ငံမှာဖြစ်နေတာတွေ ထက်စာရင် ပမာဏအားဖြင့် အင်မတန်မှနည်းပါတယ်။ ဥပမာ သေဆုံးတာ ဆိုလို့ရှိရင်လည်း ရာဂဏန်းတောင် မရှိပါဘူး။ နောက်တစ်ခါ ထိခိုက် ဒဏ်ရာရတယ်ဆိုတာလည်း ၁၀၀ ၊ ၂၀၀ ပတ်ဝန်းကျင် လောက်ပဲရှိပါတယ်။ သို့သော်လည်း ခုနကလို အိမ်တွေကို တစ်ဖက်နဲ့ တစ်ဖက်မီးရှို့တဲ့အတွက်ကြောင့် အိမ်ထောင်စုပေါင်း ၅၀၀၀ နီးပါးလောက် မီးလောင်ပါတယ်။ ငါးထောင်နီးပါးလောက် မီးလောင်တဲ့ အတွက်ကြောင့် မို့လို့ ဒီအိမ်တွေမှာ နေနေကြတဲ့ ခုနကလို ဒီဘက်ကလည်း ရခိုင်တိုင်းရင်းသားတွေပေါ့။ ဟိုဘက်ကလည်း ဘင်္ဂါလီဆိုကြပါစို့။ ဘင်္ဂါလီ ဟိုဒင်းတွေက အိုးမဲ့အိမ် မဲ့တွေ ဖြစ်လာကြတယ်။ အိုးမဲ့အိမ်မဲ့တွေက ဘယ်လောက်တောင်လဲဆိုရင် ၆၀၀၀၀ လောက်ရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့က နှစ်ဖက်ပေါ့လေ ဆိုကြပါစို့။ ဒီဘက်ကလည်း ရခိုင်တိုင်းရင်းသား ဒုက္ခသည်တွေ၊ ဟိုဘက်ကလည်း ဘင်္ဂါလီဟိုဒင်းတွေ၊ ဒုက္ခသည်တွေ၊ အခုဆိုရင် ကျွန်တော်တို့ စခန်း ၅၃ ခု ဖွင့်ပြီးတော့မှ ကူညီတဲ့လုပ်ငန်းတွေ ကယ်ဆယ်တဲ့ လုပ်ငန်းတွေ ပြန်လည်ထူထောင်တဲ့ လုပ်ငန်းတွေ၊ ဒီလုပ်ငန်းတွေကို ကျွန်တော်တို့က မြန်မာနိုင်ငံမှာရှိနေတဲ့ ယူအန်အေဂျင်စီက အဖွဲ့တွေရှိပါတယ်။ သူတို့နဲ့လည်း ပေါင်းပြီး လုပ်နေတာတွေ ရှိပါတယ်။ နောက်တစ်ခါ အန်ဂျီအိုတွေ၊ အိုင်အန်ဂျီအိုတွေ၊ ဒီအဖွဲ့တွေနဲ့ ပေါင်းပြီးတော့မှ ပွင့်လင်းမြင်သာမှုရှိအောင် ပထမဆုံးအဆင့်ကတော့ ကျွန်တော်တို့ စားဖို့အတွက်ကလည်း လူ ၆၀၀၀၀ လောက်ကို ကျွေးရပြုရတဲ့ အလုပ်က တကယ်တော့လည်း ကျွန်တော်တို့နဲ့ချည်းပဲ မနိုင်ပါဘူး။ ခုနကလို ကျွန်တော်တို့နဲ့ ပူးပေါင်းလုပ်နေတဲ့ UN အဖွဲ့အစည်းတွေ အန်ဂျီအိုတွေရဲ့ အကူအညီတွေလည်း များစွာရပါတယ်။ ဒီအဖွဲ့တွေလည်း ကျွန်တော်တို့ ကျေးဇူးတင်ရမှာ ဖြစ်ပါတယ်။ တစ်အချက်ကတော့ စားဖို့အတွက်၊ ကျွန်တော်တို့ ဒါတွေကို အားသွန်ခွန်စိုက် လုပ်ပေးနေပါတယ်။ နှစ်အချက်ကတော့ ယာယီနေထိုင်ဖို့အတွက် တဲထိုးပေးရပါတယ်။ တဲတွေ လုံလုံလောက်လောက်မရှိတဲ့အတွက် ယူအန်တို့ ဘာတို့က ကူညီတာတို့ဟာ ကျွန်တော်တို့ အကျိုးရှိခဲ့ပါတယ်။ ဒီဒေသဟာ ရာသီဥတုက မိုးသိပ်များတဲ့ ဒေသတွေဖြစ်တဲ့အတွက်ကြောင့် ကျွန်တော်တို့ လုံလုံခြုံခြုံနဲ့ နေနိုင်ဖို့အတွက် ဒီ Shelter တွေက လိုလာတာပါ။ အခုဆိုရင် သူတို့တွေ နေဖို့ပြုဖို့အတွက် ဒါတွေဆောက်ပေး၊ ဘာပေးနဲ့ နှစ်ဖက်စလုံးကို ကျွန်တော်တို့ လုပ်ပေးနေပါတယ်။ ဒါဟာ ခုနကလို တစ်ဖက်နဲ့တစ်ဖက် မသင့်တင့်လို့ အုပ်စုချင်းဖွဲ့ပြီးတော့ ဖြစ်ရာကနေ ဒီလို ကျွန်တော်တို့ အိမ်တွေမီးလောင်ပြီးတော့မှ ဒုက္ခသည်အဖြစ်နဲ့ ရောက်လာကြတာပါ။ အဲဒီတော့ ကျွန်တော်တို့ လူမျိုးရေးအရ ဖိနှိပ်မှုတွေ မဟုတ်ပါဘူး။ ဒီကနေ့ သူတို့စွပ်စွဲနေသလို လူမျိုသုဉ်းသတ်ဖြတ်တာတို့ ဘာတို့ ဒါတွေနဲ့ ပတ်သက်ပြီး ကြားရတော့ ကျွန်တော်တို့ စိတ်မကောင်းဖြစ်ပါတယ်။ အင်တာနက်တွေထဲမှာလည်း ပုံတွေတွေ့ပါတယ်။ အလောင်းတွေဆိုရင်လည်း ခုနကလို တစ်ပုံတစ်ပင်ကြီး အမှန် ဒါတွေက တခြားနိုင်ငံမှာ ဖြစ်ပျက်တဲ့ ဟာတွေကို သက်သက်လုပ်ကြံပြီး ချဲ့ကားထားတာတွေ ဖြစ်ပါတယ်။ ဒီမှာ ကျွန်တော်တို့ဖြစ်တဲ့ အဖြစ်အပျက်တွေ မဟုတ်ပါဘူး။ တစ်ဖက်ကလည်း အန်ဂျီအို အဖွဲ့အစည်းတွေ၊ ယူအန်အဖွဲ့အစည်းတွေနဲ့ ပွင့်လင်းမြင်သာမှု ရှိအောင်ပူးပေါင်းပြီးတော့ ဒါ ကူညီ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ပေးနေသလိုပဲ ဒီကနေ့ ခုနကလို မွတ်စလင်နိုင်ငံက အကြီးအကဲတွေ ဟိုတစ်လောကဆိုရင် တူရကီနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး လာပါတယ်။ ၀န်ကြီးချုပ်ရဲ့ အမျိုးသမီးလည်း ပါလာတယ်။ အင်အားက လေးငါး ခြောက်ဆယ် ခုနစ်ဆယ်လောက် ရှိပါတယ်။ ကျွန်တော်နဲ့လည်း တွေ့ပါတယ်။ ဒီကိစ္စကို ရှင်းပြီးပါတယ်။ On Ground ကိုလည်း သူတို့ကြည့်ချင်တွေ့ချင်တဲ့အတွက် ကျွန်တော်ပို့ပေးပါတယ်။ သူတို့ကိုယ်တိုင်သွားပြီး ကူညီကယ်ဆယ်တဲ့ ပစ္စည်းတွေ ဘာတွေပေးပါတယ်။ ဒါကလည်း နှစ်ဖက်မျှမျှတတပါပဲ။ တစ်ဖက်ကလည်း ဘင်္ဂါလီဒုက္ခသည်တွေကို သွားပြီးတွေ့သလို တစ်ဖက်ကလည်း ရခိုင်ဒုက္ခသည်တွေကို သွားပြီးတွေ့ကြပါတယ်။ ပြီးတော့လည်း ဟိုဘက်က မွတ်စလင်ဘာသာကို ကိုးကွယ်တဲ့သူတွေ၊ ဒီဘက်ကလည်း ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့သူတွေ သွားတဲ့သူ ကိုယ်တိုင်က မွတ်စလင်ဖြစ်ပေမယ့်လည်း ကျွန်တော်တို့ ဗုဒ္ဓဘာသာဘုန်းကြီးတွေနဲ့ လေးလေးစားစား တွေ့တာပြုတာတို့ ဒါမျိုးတွေ တွေ့ပေးတာရှိပါတယ်။ နောက်တစ်ခုကလည်း ကျွန်တော်တို့ ဒီရက်ပိုင်းအတွင်းမှာပါပဲ အင်ဒိုနီးရှားကနေပြီးတော့ အင်ဒိုနီးရှား ကြက်ခြေနီအသင်းနဲ့၊ လခြမ်းနီအသင်း ဥက္ကဋ္ဌ မစ္စတာကာလာဆိုတာ ဟိုတုန်းက ဒုသမ္မတပါ။ ဒုသမ္မတတုန်းကတည်းက ကျွန်တော် အင်ဒိုနီးရှားသွားလည်ပတ်ရင်း သူနဲ့တွေ့ဖူးတော့ ကျွန်တော်နဲ့ လည်းရင်းနှီးပါတယ်။ သူလာတဲ့အတွက်ကြောင့်လည်း ကျွန်တော်ဝမ်းသာသွားတယ်။ ဒါကြောင့် မို့လို့ သူ့ကိုလည်း ကျွန်တော်ရှင်းပြတယ်။ သူသွားချင်တယ်ဆိုတော့ မိုးထဲလေထဲမှာ ကျွန်တော်တို့ လွှတ်ပေးလိုက်တယ်။  သူတို့လည်း ခုနလို အကူအညီတွေပေးဖို့အတွက် လုပ်နေပါတယ်။ ဒါတွေဟာ ခုနကလို တစ်ဖက်က လုပ်ကြံစွပ်စွဲနေတာတွေ မဟုတ်ဘူးဆိုတာကို  သက်သေသာဓကနဲ့ တစ်ဖက်ကလည်း ကျွန်တော်တို့ ပွင့်လင်းမြင်သာအောင် ပေါ့လေ။ ဒါလုပ်ပေးတဲ့ သဘောပါ။
မေး - သူတို့တောင်းဆိုနေတဲ့ သီးခြားလွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်တွေ ဖွဲ့ပေးဖို့ဆိုတာရော စုံစမ်းမှုတွေ လုပ်ဖို့ဆိုတာရော ဖြစ်လာနိုင်မလား မသိဘူး။ 
ဖြေ - တစ်ခုကတော့ ကျွန်တော်တို့ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ နောက်ဆက်ပြီးပြောရရင် ကျွန်တော်တို့ ရန်ကုန်မှာ  Press Conference တစ်ခုလည်း လုပ်လိုက်ပါတယ်။ ဒီမှာဆိုရင် ရန်ကုန်မှာရှိတဲ့ နိုင်ငံခြား သံတမန်တွေ ကျွန်တော်တို့ အကုန်လုံးဖိတ်ပါတယ်။ ကုလသမဂ္ဂ အေဂျင်စီတွေ၊ အန်ဂျီအိုတွေပြီးရင် တိုက်ဆိုင်မှုပဲ ပြောရမလား။ ကျွန်တော်တို့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဘာညာကိုလုပ်နေတဲ့ မစ္စတာကင်တားနားကလည်း ရောက်နေတဲ့အတွက် သူ့ကိုလည်း ဖိတ်လိုက်ပါတယ်။ သူ့လည်းတက်တယ်။ နောက်တစ်နေ့မှာ On Ground ကိုသွားပြီးပြတယ်။ အဲတော့ ဒီဟာကို ကျွန်တော်တို့က ပြည်တွင်းမှာ ဖြစ်ပျက်တဲ့ ကိစ္စလေးတစ်ခုပဲ ဖြစ်တယ်။ တစ်နိုင်ငံလုံးကိုလည်း ကူးစက်သွားတာ မရှိဘူး။ ခင်ဗျားသိတဲ့အတိုင်းပဲ ရန်ကုန်မှာလည်း မွတ်စလင်တွေနေတာ အများကြီးရှိတယ်။ ဗုဒ္ဓဘာသာတွေ၊ ခရစ်ယာန်တွေ၊ ဟိန္ဒူတွေလည်းရှိတယ်။ တခြားမြို့ကြီးတွေမှာလည်း ဒီအတိုင်းပဲ ဘာမှဒီနေရာမှာ ဖြစ်တာပြုတာမရှိဘဲ ရခိုင်ပြည်နယ်က ကွက်ကွက်လေး တစ်ခုထဲမှာပဲ ဖြစ်တာဖြစ်ပါတယ်။ အဲဒီတော့ ဒါဟာ ပြည်တွင်းကိစ္စ သက်သက်သာ ဖြစ်ပါတယ်။ အခုလည်း ကျွန်တော်တို့က နိုင်နိုင်နင်းနင်းနဲ့ လုံခြုံရေးအရလည်း ထိန်းသိမ်းထားနိုင်ပြီး ကူညီကယ်ဆယ်ရေးတွေ နဲ့ ပတ်သက်ပြီး တောက်လျှောက် ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့ဆီမှာလည်း လွတ်လပ်တဲ့ လူ့အခွင့်အရေးကော်မရှင် ဖွဲ့ထားတာလည်း ရှိပါတယ်။ လူ့အခွင့်အရေးကော်မရှင်ကိုလည်း ဒါလေးကို စစ်ဆေးပေးပါဆိုပြီးတော့ ကျွန်တော်တို့ လုပ်နေပါတယ်။ ဒီလိုလုပ်နေတဲ့အတွက်မို့ ပြည်ပက International Issue တစ်ခုလို လုပ်ပြီးတော့မှ ဒီမှာလာပြီး စစ်မယ် ပြုမယ်ဆိုရင် အမှန်တော့ မလိုအပ်ပါဘူး။ ကိုယ့်တိုင်းပြည်ထဲမှာ ကိုယ့်ပြည်တွင်းရေးကိစ္စလည်း ဖြစ်တယ်။ လုပ်သင့် လုပ်ထိုက်တာတွေလည်း လုပ်နေတာဖြစ်တဲ့ အတွက်ကြောင့် မို့လို့ ပြည်ပက အဖွဲ့တွေဖွဲ့ပြီးတော့  ဒီလိုစစ်မယ်ပြုမယ်ဆိုတာကတော့ ဒါတော့ ကျွန်တော်တို့ မဖြစ်သင့်တဲ့ကိစ္စလို့ ထင်ပါတယ်။
မေး - စောစောက သမ္မတကြီး ပြောသလိုပဲ ဒါဟာ လူမျိုးရေး ဘာသာရေး အဓိကရုဏ်း မဟုတ်ဘူးဆိုရင် ဒီဒေသထဲမှာ နေနေကျတဲ့ အသိုင်းအ၀ိုင်းနှစ်ခုမှာ တစ်ဖက်နဲ့ တစ်ဖက်ရေရှည်ဖြစ်နေခဲ့တဲ့ မုန်းတီးမှုဆိုတာကတော့ ကျွန်တော်တို့လည်း ငြင်းလို့မရတဲ့ကိစ္စပါ။ အဲလိုမုန်းတီးမှု ဒီထက်ပိုပြီးတော့ ပြန့်ပွားမလာအောင် သူတို့နှစ်ဖက်အတူ ယှဉ်တွဲပြီးနေနိုင်အောင် သမ္မတကြီးတို့အနေနဲ့ ဘယ်လိုစီမံချက်တွေ၊ ဘယ်လိုဖြေရှင်းမှုတွေ ရေရှည်လုပ်သွား ဖို့ ရှိပါသလဲ။

ဖြေ - ရေရှည် လုပ်သွားရမယ့်ကိစ္စပါ။ အခုအချိန်မှာတော့ Tension က နည်းနည်းလေး မြင့်နေတဲ့အတွက် Tension မြင့်နေတဲ့ အချိန်မှာ Cool down ဖြစ်အောင်ကလည်း ကျွန်တော်တို့ ရခိုင်တိုင်းရင်းသားပါတီတွေလည်း ရှိပါတယ်။ ပါတီအကြီးအကဲတွေနဲ့လည်း ကျွန်တော်တို့ တွေ့ပါတယ်။  တွေ့ပြီးတော့ ဒီနေ့ ခုနကလို ကမ္ဘာကြီးက ကျဉ်းမြောင်းသွားပြီ။ ကမ္ဘာကြီးက ရွာလိုဖြစ်နေတဲ့အတွက် ကျွန်တော်တို့က သူ့လူမျိုး၊ ကိုယ့်လူမျိုး သူ့ဘာသာ၊ ကိုယ့်ဘာသာခွဲခြားလို့မရတော့ဘူး။ အဲဒီတော့ ကျွန်တော်တို့ရဲ့အမြင်ကိုက လူသားဆိုတဲ့  အမြင်နဲ့ မြင်ရမယ်။ ဒီကနေ့ ကမ္ဘာမှာလည်း လူ့အခွင့်အရေးကို ရှေ့တန်းတင်ပြောကြားလာတယ်။ ဒါကြောင့်မို့ လူသားဆိုတဲ့ အမြင်နဲ့ မြင်ပါ။ လူ့အခွင့်အရေးကို မထိခိုက်အောင် လုပ်ဖို့လိုပါတယ်။ အဲဒီတော့ ရခိုင်တိုင်းရင်းသားတွေကို ကျွန်တော်တို့က စကား ၁၀ ခွန်း၊ ၁၅ ခွန်းပြောတာနဲ့ ခင်ဗျားတို့က စကားတစ်ခွန်းပြောတာ ပိုပြီးထိရောက်ပါတယ်။ အဲဒီတော့ ခင်ဗျားတို့က ဒါလေးကို ၀င်ပြီးတော့ သဘောထားတွေ၊ စိတ်ထားတွေ၊ ဒါအမြင်မှန်ရလာအောင် ပြောင်းလဲလာအောင် လုပ်ပေးပါဆိုပြီးတော့ ဒါက အချိန်ယူပြီးတော့ ပြောင်းရမယ့်သဘောရှိပါတယ်။ နောက်တစ်ခုကလည်း ကျွန်တော်တို့ ငြင်းလို့မရအောင် တစ်ဖက်နဲ့ တစ်ဖက်ပြဿနာမရှိအောင် ဥပဒေနဲ့ ကိုင်တွယ်ရမှာဖြစ်ပါတယ်။ ဥပမာ ၁၉၈၂ ဥပဒေဆိုတာ ကျွန်တော်တို့မှာရှိပါတယ်။ ၁၉၈၂ ခုနှစ်ဥပဒေမှာလည်း ဒီမှာရှိနေတဲ့ နေထိုင်ကြတဲ့ သူတွေနဲ့ ပတ်သက်ပြီးတော့ အကာအကွယ်ပေးထားတာတွေ လည်း ရှိပါတယ်။ အကြမ်းဖျဉ်း ကျွန်တော် သိရသလောက်ဆိုရင် ၄၈ ခုနှစ်မတိုင်မီကဆိုရင် လယ်လုပ်ဖို့ပြုဖို့ ခေါ်လာကြတာပါပဲ။ ခေါ်လာရင်းနဲ့ မပြန်ဘဲနဲ့ ကျွန်တော်တို့ ဒီမှာသောင်တင်ပြီးတော့ နေနေကြတယ်။ အဲဒီတော့ ၁၉၄၈ ခုနှစ် မတိုင်မီကရောက်လာတဲ့ ဟိုဒင်းတွေကနေ မွေးဖွားတဲ့ Third Generation တွေပေါ့။ မြေးတို့ဘာတို့အဆင့်ရောက်လာတဲ့ အချိန်မှာ နိုင်ငံသားအဖြစ်နဲ့ ခုနကလို အသိအမှတ်ပြုပေးဖို့ဆိုတဲ့ ဒီဟာကလည်း ဥပဒေထဲမှာ ကျွန်တော်တို့ ပါပြီးသားဖြစ်ပါတယ်။ ဒီဥပဒေကို  ပီပီပြင်ပြင်နဲ့ ပြန်အသုံးချပြီးတော့ အနာဂတ် လူ့အဖွဲ့အစည်းမှာ သင့်သင့်တင့်တင့်ဖြစ်အောင်၊ နောက်တစ်ခုကလည်း လူသားတွေဆိုတဲ့ အမြင်မျိုးတွေ ရှိလာအောင် လူ့အခွင့်အရေးတွေကို ရှေ့တန်းကနေ ဦးစားပေးပြီး စဉ်းစားတတ်လာအောင် အချိန်ယူပြီးလုပ်သွားရမှာဖြစ်ပါတယ်။ ဒီအပိုင်းမှာလည်း ဘာက အရေးကြီးသလဲဆိုရင် ပညာရေးက အရေးကြီးပါတယ်။ ဟိုဘက်ပိုင်းမှာတော့ ကျွန်တော်တို့ ဘင်္ဂါလီတွေနဲ့ ပတ်သက်ပြီးတော့ သူတို့မှာ စာသင်ကျောင်းတို့ ဘာတို့ ထိထိရောက်ရောက်မရှိဘူး။ များသောအားဖြင့်တော့ ဘာသာရေးတွေနဲ့ ပတ်သက်ပြီး သင်တဲ့ကျောင်းတွေပဲရှိတယ်။ အဲဒီတော့ အခြေခံကတော့ ပညာရေးပါပဲ။ ပညာရေးကို ထိထိရောက်ရောက်နဲ့ ခေတ်မီတဲ့ ပညာရေးစနစ်ကို ထူထောင်ပေးမယ်။ ပညာတတ်တယ်ဆိုရင်  အတွေးအခေါ်ရှိလာမယ်။ မှားတယ်၊ မှန်တယ်ဆိုတာ သူတို့ စဉ်းစားဆုံးဖြတ်တတ်မယ်။ ဆိုတော့ ဟိုမှာတိုးလာတဲ့ လူထက် လက်ရှိလူကပေါက်ဖွားတဲ့နှုန်းကပိုပြီးတော့ များပါတယ်။ ကွင်းဆင်းပြီး စစ်ဆေးကြည့်လိုက်တဲ့အခါမှာ နောက်ထပ်ဝင်ရောက်လာတဲ့ သူက မရှိသလောက်နည်းပါတယ်။ ဟိုတုန်းရှိနေတဲ့သူက ပေါက်ဖွားမှု သိပ်များတယ်။ အိမ်ထောင်စုတစ်ခုဆိုရင် တချို့ဆိုရင် ၇၀၊ ၈၀ လောက်ရှိတယ်။
မေး - ဒီပေါက်ဖွားလာတဲ့ တိုးပွားလာတဲ့ အင်မတန်ကို ဆင်းရဲနေတဲ့ လူစုလူဝေးအတွက်ကို ဖွံ့ဖြိုးရေးတွေ လုပ်ပေးဖို့ဆိုတာ ရန်ပုံငွေလိုတာ အမှန်ပါပဲ။ ဆော်ဒီအာရေဗျနိုင်ငံကနေ ဒေါ်လာသန်း ၅၀ လှူမယ်ဆိုမယ့် နေရာမှာ နိုင်ငံတော်အစိုးရဆီ တစ်ဆင့် ဒီလိုဒေသတွင်းမှာ သွားပြီးတော့ ဖွံ့ဖြိုးမှုတွေ လုပ်ပေးဖို့ ဖြစ်လာရင်တော့ ကောင်းမှာပေါ့။ ဒါသမ္မတကြီးတို့လည်း ကျေနပ်စရာဖြစ်ပါလိမ့်မယ်။ အဲလိုမှမဟုတ်ဘဲ နိုင်ငံတကာမှာ လူ့အခွင့်အရေးအတွက်ဆိုပြီးတော့ အပြင်ဘက်မှာ ရှိနေတဲ့ အဖွဲ့အစည်းတွေကို တစ်ဆင့် ထောက်ပံ့ပေးနေတဲ့ အနေအထားမျိုး ရောက်သွားမှာကော သမ္မတကြီးတို့အနေနဲ့ မစိုးရိမ်မိဘူးလား။
ဖြေ - စိုးရိမ်ပါတယ်။ သူတို့ကို ချဉ်းကပ်ပြီးတော့ လာသမျှကို ပြောနေတာပါ။ ခင်ဗျားတို့ ကူညီမယ်ဆိုရင်တော့ နှစ်ဘက်မျှမျှတတနဲ့ ကူညီပါ။  လက်တွေ့ဒုက္ခခံစားနေရတဲ့ သူတွေကို ထိထိရောက်ရောက်နဲ့ ကူညီပေးဖို့လိုတယ်။ ထိထိရောက်ရောက်နဲ့ ဒီလူတွေလက်ထဲကို ရောက်အောင်လုပ်ပေးမယ်ဆိုပြီး ကျွန်တော်တို့ကလည်း တွေ့တိုင်းပြောပါတယ်။ မသက်ဆိုင်တဲ့ သူတွေဆီကို ရောက်သွားမှာလည်း စိုးရိမ်ပါတယ်။
မေး - ဒေသတွင်းက အခြေအနေနဲ့ပတ်သက်လို့ ပြည်တွင်းမီဒီယာတွေရဲ့ တင်ပြမှုနောက် ပြင်ပမီဒီယာတွေရဲ့ တင်ပြမှုတွေမှာ တော်တော်များများ ကွဲလွဲမှုတွေရှိနေတယ်။ ပြည်တွင်းမီဒီယာတွေက အမျိုးသားရေး စိတ်ဓာတ် အခြေအနေကို အကြောင်းပြုပြီးတော့ တော်တော်လေး ပြင်းပြင်းထန်ထန် ဖော်ပြတာရှိတယ်။ ပြည်ပမီဒီယာတွေကတော့ ထုံးတမ်းအစဉ်အလာ အတိုင်းပဲ လူ့အခွင့်အရေးကို အခြေပြုပြီးတော့ ဖော်ပြကြတယ်ဆိုတော့ နောက်ဆုံးမှာ ပြည်ပမီဒီယာတွေကို တောင်မှပဲ တစ်ဖက်ကနေပြီးတော့ ဒါဟာ ကျူးကျော်လာတဲ့ သူတွေကို မြှောက်ပေးတယ်ဆိုတဲ့ ပုံစံမျိုးစွပ်စွဲခံရတာတွေ ရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်လို့ပြီးတော့ သမ္မတကြီးအနေနဲ့ ပြင်ပမီဒီယာတွေရဲ့ ပြောကြားမှုကို တစ်စုံတစ်ရာများ စိတ်အနှောက်အယှက် ဖြစ်ရတာ တွေရှိသလား။
ဖြေ - ကျွန်တော်တို့က စိုးရိမ်ရပါတယ်။ ဒီကိစ္စတွေနဲ့ ဆက်နွှယ်ပြီးတော့မှ အကြမ်းဖက်မှုတွေဘာတွေ ဒီလောက်အထိ ကိုယ့်နိုင်ငံအပေါ်မှာ ကူးစက်လာမှာတို့ ဘာတို့ အတော်လေးစိုးရိမ်မိပါတယ်။ တချို့သတင်းတွေကလည်း လုပ်ကြံဖန်တီးပြီးတော့မှ တစ်ဖက်က မွတ်စလင်ဘာသာ ကိုးကွယ်တဲ့ သူတွေကို နှိုးဆွပေးတဲ့ အင်တာနက်သတင်းတွေလည်း ကျွန်တော်တို့အများကြီး တွေ့ရပါတယ်။ ဒီအတွက်လည်း အတော်လေးစိတ်တို ခဲ့ရပါတယ်။  ဘာကြောင့်လဲဆိုလို့ရှိရင် ပြည်ပမှာနေတဲ့ သံရုံးတွေ၊ ဥပမာ အီဂျစ်မှာရှိတဲ့ သံရုံးဆိုလို့ရှိရင် ဆန္ဒပြတာတွေဘာတွေ လုပ်ပါတယ်။ သာမန်ဆန္ဒပြတာ ကတော့ လူ့အခွင့်အရေးပါပဲ။ ပြဿနာမရှိပါဘူး။ သို့သော်လည်း သံရုံးထဲဝင်ပြီးတော့ နိုင်ငံတော်အလံတွေ ဘာတွေဖြုတ်ချ၊ ဒါတွေမျိုးတွေအထိ ဖြစ်တဲ့အတွက် အဲဒီမှာရှိနေတဲ့ မိသားစုတွေ သံရုံးဝန်ထမ်းတွေအတွက် ဒီလို စိုးရိမ်ရတဲ့ အခြေအနေမျိုးတွေ ဖြစ်လာပါတယ်။ အင်ဒိုနီးရှားမှာလည်း အလားတူပါပဲ။ ဒီကိစ္စတွေ မှန်မှန်ကန်ကန်နဲ့ သိအောင်ဆိုပြီး အကြီးအကဲတွေဆီ ကျွန်တော် ကိုယ်တိုင်စာရေးပါတယ်။ ကုလသမဂ္ဂ မစ္စတာဘန်ကီမွန်ဆီလည်း ကျွန်တော်ရေးပါတယ်။ ဖြစ်စဉ်က ဒီလို ဒီလိုဖြစ်တာပါ။ ဒါတွေက လူမျိုးရေး၊ ဘာသာရေး ပြဿနာမဟုတ်ပါဘူး။ တစ်ပြည်လုံးမှာ ဖြစ်နေတာမဟုတ်ပါဘူး။ နေရာလေး တစ်နေရာမှာပဲ ကွက်ကွက်ဖြစ်တဲ့ ကိစ္စပဲဖြစ်တယ်။ အင်ဒိုနီးရှားသမ္မတတို့ ဘာတို့ဆိုရင်လည်း ကျွန်တော်နဲ့ လုပ်ဖော်ကိုင်ဖက်တွေ ဖြစ်တဲ့အတွက် ရေးပါတယ်။ မလေးရှားက ၀န်ကြီးချုပ်ဆိုရင်လည်း ဒီအတိုင်းပဲ ကျွန်တော်တို့ဆီ အလည်အပတ်လာတာ သိပ်မကြာသေးပါဘူး။ ဒီပြဿနာတွေကို ကြီးထွားပြီး မလာစေချင်ပါဘူး။ ပြဿနာအစတုန်းကတော့ ခုနကလို လူမျိုးရေး စိတ်ဓာတ်နဲ့ ပြည်တွင်း မီဒီယာတွေက အတော်လေးရေးပါတယ်။ သို့သော်လည်း နောက်ပိုင်းမှာတော့ ပြည်တွင်းမီဒီယာတွေဟာ သူတို့သိလာပါတယ်။ ဒါတွေက ခုနကလို  လူသားအမြင်နဲ့ မြင်ရမယ်။ လူ့အခွင့်အရေးကို ထိခိုက်လို့မရဘူးဆိုတဲ့ အမြင်တွေ သူတို့ရှိလာပါတယ်။ ဒီလို အမြင်ပြောင်းတဲ့ တစ်ချိန်တည်းမှာပဲ ပြည်ပက အမြင်တွေကတော့ ကျွန်တော်တို့နဲ့ ပြောင်းပြန်ဖြစ်လာတယ်။ ကိုယ့်နိုင်ငံအတွက်တော့ ကျွန်တော်တို့က စိုးရိမ်မိတာပေါ့။ ဒါမျိုးတွေမဖြစ်အောင် ကျွန်တော်တို့ ဖိတ်ခေါ်တယ်။ ပြတယ်။ OIC က အတွင်းရေးမှူးလည်း ကျွန်တော်တို့ ဖိတ်ထားပါတယ်။ လာပါ ခင်ဗျားတို့လာပြီးတော့ ကြည့်ပါ။ ကျွန်တော်တို့ ရှင်းပြပါမယ်။ On Ground လည်း လိုက်ပြပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါမျိုးတွေ ဖြစ်မှာစိုးလို့ပါ။ စိုးရိမ်မှုတော့ ကျွန် တော်တို့ စိတ်ထဲမှာရှိပါတယ်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။