Thursday, August 16, 2012

 ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဌာနချုပ် ရုံးခန်းဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကျင်းပ


5207
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဌာနချုပ်ရုံးခန်း ဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို သြဂုတ်လ ၁၅ရက်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ မရမ်းကုန်းမြို့ နယ် ၅ရပ်ကွက်၊ အမှတ် ၂၆၊ကိုးမိုင် ပြည်လမ်းနှင့် စော်ဘွားလမ်းထောင့်တွင် ကျင်းပခဲ့သည်။

အခမ်းအနား၌ ရှမ်းတိုင်းရင်း သားများဒီမိုကရေစီအဖွဲ့ချုပ်မှ လူငယ်များက ပါတီသီချင်းသီဆို၍ စတင်ဖွင့်လှစ်ခဲ့ပြီး တက်ရောက်လာ သူများက နိုင်ငံတော်အလံအား အလေးပြုခြင်း၊ အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း စသည့် အစီအစဉ်တို့ ပြုလုပ်ခဲ့သည်။
ရှမ်းတိုင်းရင်းသားများ ဒီမိုက ရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး က “သမိုင်းကိုပြန်ကြည့်မယ်ဆိုရင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ဟာ မနေ့တနေ့ကမှပေါ် ပေါက်လာတာမဟုတ်ပါဘူး။ ရှစ်လေးလုံး လူထုအရေးတော်ပုံကနေ မွေးဖွား လာခဲ့တဲ့ပါတီဖြစ်ပါတယ်။နိုင်ငံတော် အစိုးရကလည်း တိုင်းရင်းသားတွေ နဲ့ထာဝရငြိမ်းချမ်းရေး ရဖို့ကြိုးပမ်း လျက်ရှိသလို တိုင်းရင်းသားတွေကလည်း နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်း ဖို့ဆန္ဒရှိနေပါတယ်။ ဆိုင်းဘုတ်က အသစ်ဖြစ်ပေမယ့် ပါတီရဲ့ရည်ရွယ်ချက်တွေက အရင်အဟောင်းအတိုင်း ပါပဲလို့ပြောချင်ပါတယ်”ဟုပြောကြား ခဲ့ပါသည်။
5207a
ထို့ပြင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းမှ ပေးပို့ခဲ့သည့်နှုတ်ခွန်းဆက် သ၀ဏ်လွှာကိုယင်းပါတီ၏  ဘဏ္ဍာရေးမှူး ဦးစိုင်းစောသန်းမြင့်က ဖတ် ကြားခဲ့ရာ “မြန်မာနိုင်ငံဟာနှစ် ပေါင်း ငါးဆယ်ကြာမှ ပါတီစုံဒီမို ကရေစီကို ပြန်လည်ကျင့်သုံး နိုင်ခဲ့တာပါ။ ပြန်လည်ကျင့်သုံးတဲ့အချိန် ဟာအလွန်နုနယ်သေးတဲ့ တစ်နှစ်ခွဲ အချိန်ကာလမှာပဲ ရှိနေသေးပါတယ်။ ပါတီစုံဒီမိုကရေစီစနစ်ရေရှည်တည် တန့်ခိုင်မြဲအောင်အားလုံးဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက် သွားမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ ပြည်ထောင်စုကြီးဟာ တိုင်းရင်းသား ပေါင်းစုံ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံ တော်ကြီးဖြစ်သည်နှင့်အညီ ကဏ္ဍအသီးမှာ တိုင်းရင်းသားပေါင်းစုံညီအကိုများဟာ တန်းတူအခွင့်အရေးရရှိ ဘို့ အပြန်အလှန်လေးစားဘို့ မျှော်လင့်နေကြမယ်လို့ ယုံကြည်ပါတယ်”တို့ ပါဝင်သည်။ 
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးကလည်း “ဘာပဲ ပြိုင်ပြိုင် တန်းတူညီမျှစွာယှဉ်ပြိုင် ခွင့်ပေးရပါမယ်။ အဖွဲ့အစည်း တွေကို အဖွဲ့ခွဲပြီး ဆွေးနွေးမယ့် အစားစားပွဲတစ်ခုမှာ တစ်ပြိုင်နက် စုံစုံညီညီတွေ့ဆုံပြီး ဆွေးနွေးကြမယ်ဆိုရင် ပိုကောင်းပါတယ်။ ဒါ ကြောင့် ဟိုတုန်းကညီညွတ်စွာ ဆောင်ရွက်ခဲ့တဲ့ ပင်လုံညီလာခံကဲ့ သို့ရှေ့ဆက်ပြီးလုပ်ဆောင်သွားဖို့ လိုပါတယ်။ ဒီပွဲကို ဒေါ်အောင်ဆန်းစုကြည် ဒီမှာရှိရင် သူကိုယ်တိုင်တက်မှာပါ။ လွှတ်တော်တက်နေတဲ့ အတွက် သူကိုယ်တိုင် မလာနိုင်တာပါ”ဟု ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ပါတီအသီးသီးမှ ခေါင်းဆောင်များနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း နှင့် ရှမ်းတိုင်းရင်းသားမျာ ဒီမိုကရေစီ အဖွဲ့ချုပ်မှ သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။ 
 ယင်းသဘောထား ကြေညာချက်တွင် “နိုင်ငံတော်အစိုးရသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် ဖြစ်ပွားနေသော စစ်ပွဲများချုပ် ငြိမ်းပပျောက်သွားစေရေး အတွက် နည်းလမ်းရှာ အကောင်အထည်ဖော် လျက်ရှိပြီး ထာဝရငြိမ်းချမ်းရေးရရှိရန်လည်း ကြိုးပမ်းလျက်ရှိကြောင်း၊ တစ်ချိန်တည်းမှာပင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် တိုင်းရင်းသားလူမျိုးစု အားလုံးတို့တွင် ဖြစ်တည်လျက်ရှိသည့် တူညီပြင်းပြသောဆန္ဒမှာ နယ်မြေပိုင်ဆိုင်ရေးနှင့် စီးပွားရေး လုပ်ပိုင်ခွင့်များ မဟုတ်ကြဘဲ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်း အားဖြင့် တွေ့ဆုံဆွေးနွေးပြီး ဖြေရှင်းလိုကြခြင်းဖြစ်ကြောင်း၊ ထိုအရေး ကိစ္စကို ညှိနှိုင်းဆောင်ရွက်ရာတွင် ယခင်ကဆောင်ရွက်ခဲ့ဖူးသည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းစဉ်များမှ အတွေ့အကြုံများကို သင်ခန်း စာယူကာ မှားယွင်းသော လုပ်ဆောင်မှုများ ပြဿနာများကို ပိုမိုရှုပ်ထွေး စေသော လုပ်ရပ်များကို ရှောင်ကျဉ်၍ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတကြီး အနေဖြင့် နိုင်ငံတည်ဆောက်ရေး လုပ်ငန်းစဉ်များတွင် လွှတ်တော်နှင့်အစိုးရအဖွဲ့ တစ်ခုလုံးသာမက နိုင်ငံရေးပါတီများ အားလုံးကိုလည်း ၀ိုင်းဝန်းပါဝင် ဆောင်ရွက်ကြရန် ဖိတ်ခေါ်နေသည်ကို SNLD အနေဖြင့် ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါကြောင်း၊ ပြည်နယ်အစိုးရများ၏ လုပ်ပိုင်ခွင့်မှာ ကန့်သတ်ချုပ်ချယ်မှုများ များပြားလွန်းသဖြင့်  အစိုးရ၏ အထွေထွေလုပ်ငန်းစဉ်ကို အဟန့်အတား ဖြစ်စေလျက်ရှိကြောင်း  နှင့် လတ်တလောကြုံတွေ့နေရသည့် ပဋိပက္ခများအပေါ်မူတည်၍ နောင်ဖြစ်ပေါ်လာနိုင်သည့် ပြည်နယ်ပြဿနာများကို သက်ဆိုင်ရာပြည်နယ် အစိုးရက ကိုယ်တိုင်ဖြေရှင်းသွားနိုင်ရေးအတွက် ပြည်နယ်အစိုးရ၏ လုပ်ပိုင်ခွင့်များကို ကြိုတင်၍ ပိုမို အပ်နှင်းသင့်ကြောင်း” စသည့်အချက် တို့ပါဝင်သည်။
စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးဦးစိုးသိန်းနှင့် ရထား ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းတို့မှလည်း အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ ဂုဏ်ပြုလက်ဆောင် ပန်းခြင်းများ ပို့ဆောင် ပေးခဲ့ကြောင်းလည်း သိရပါသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။