Thursday, August 16, 2012

 တရုတ်နိုင်ငံတွင်း ရောက်နေသော ကချင်ပြည်နယ်မှ စစ်ဘေးရှောင် တိုင်းရင်းသား ၄၀၀၀ ကျော်ကို ယခုလအတွင်း တရုတ်အစိုးရက ပြန်လည်ထွက်ခွာ စေတော့မည်ဟု သိရ



တရုတ်နိုင်ငံအတွင်းသို့ ထွက် ပြေးတိမ်းရှောင်နေသော ကချင်ပြည် နယ်မှ စစ်ဘေးရှောင်တိုင်းရင်းသား ဦးရေ ၄၀၀၀ ကျော်အား ယခုလ အတွင်း တရုတ်အစိုးရက ပြန်လည် ထွက်ခွာစေတော့မည်ဖြစ်ကြောင်း တရုတ်နိုင်ငံတွင်းရှိ ကယ်ဆယ်ရေး စခန်းအချို့တွင် ရောက်ရှိနေသော လူမှုကူညီရေး လုပ်ဆောင်နေသူအချို့ ထံမှ သိရှိရသည်။

“တရုတ်နိုင်ငံထဲက နောင်တောင်းမှာရှိတဲ့ IDP ၄၀၀၀ ကျော် ကို တရုတ်က ဒီလထဲ ပြန်ခိုင်းမယ်လို့ သတင်းအတိအကျ ရထားတယ်။ ဒီလ ၂၀ ရက်နေ့လောက် ဖြစ်မယ်လို့ သတင်းရထားပါတယ်”ဟု တရုတ် နိုင်ငံနယ်စပ်ရှိ ကယ်ဆယ်ရေးစခန်းတွင် ရောက်ရှိနေသော နှောင်ကြိုးမဲ့လူမှု ဖွံ့ဖြိုးရေးကွန်ရက်မှ တာဝန်ရှိသူ တစ်ဦးက ပြောပြခဲ့သည်။
ကချင်ပြည်နယ်တွင်း တပ်မတော် နှင့်ကေအိုင်အေအဖွဲ့တို့ အကြားတိုက်ပွဲများ ဖြစ်ပွားမှုသည် ၂၀၁၁ ခုနှစ် ဇွန်လအတွင်းတွင် စတင်ခဲ့သည်။ ယင်းကာလမှစတင်ကာ ဗန်းမော်၊ မိုးမောက်၊ မြစ်ကြီးနား၊ ၀ိုင်းမော်မြို့ နယ်များတွင် သက်ရောက်မှုများ အသီးသီးရှိလာခဲ့ပြီး မြို့ပေါ် ကယ်ဆယ်ရေးစခန်းများ၊ တောတွင်း ကယ်ဆယ်ရေးစခန်းများ၊ တရုတ် နိုင်ငံတွင်းသို့ပြောင်း ရွှေ့ခိုလှုံနေထိုင်မှုများ ရှိလာခဲ့သည်။
ကချင်ပြည်နယ်တွင်းရှိ ကျေး ရွာပေါင်း ၂၀၀ ကျော်မှ ဒေသခံများ သည် နေအိမ်များ၊ စိုက်ပျိုးရေးနှင့် အခြားလုပ်ငန်းများကို စွန့်ခွာကာ တောတွင်းကယ်ဆယ်ရေးစခန်းများ၊  မြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းများ သို့ ရောက်ရှိခဲ့ကြကာ ၂၀၁၁ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းတွင် လူဦးရေ တိုးတက်များပြားလာခဲ့သည်။
လက်ရှိတွင် နေရပ်စွန့်ခွာသူ ဦးရေ တစ်သိန်းဝန်းကျင်ရှိကာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ်နိုင်ငံနယ်စပ် ဒေသရှိ ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်ရလျက်ရှိပြီး လူမှုရေး၊ ကျန်းမာရေးဆိုင်ရာ ထောက်ပံ့ကူညီမှုများလည်း လိုအပ်လျက်ရှိကြသည်။
ပြီးခဲ့သည့် လပိုင်းအတွင်းကလည်း တရုတ်နိုင်ငံအစိုးရသည် ကချင်ပြည်နယ်မှ စစ်ဘေးရှောင် တိုင်းရင်းသားများအား ပြန်ပို့ရန် စီစဉ်မှုများ ပြုလုပ်ခဲ့သည်။ သို့သော် အမှန် တကယ် ပြန်မပို့ဖြစ်ခဲ့ဘဲ ယခုတစ် ကြိမ်မှာမူ ပြန်ပို့ရန်စီစဉ်ထားကြောင်းကို သတင်းအတိအကျ ရရှိထားခြင်းဖြစ်ကြောင်းနှင့် ယင်းသို့ ပြန်လည် ပို့ဆောင်လာပါက မြန်မာနိုင်ငံတွင်းရှိ ကယ်ဆယ်ရေးစခန်းများ၌ မူလကပင် စခန်းနှင့်လူဦးရေမမျှတမှုများ ဖြစ်ပေါ်နေ၍ အခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်း ကယ်ဆယ်ရေး စခန်းများနှင့် ချိတ်ဆက်လျက် လူမှုရေးလုပ်ငန်းများ လုပ်ဆောင်နေသူ အချို့က ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။