Thursday, July 19, 2012

(၆၅)နှစ်မြောက်အာဇာနည်နေ့တွင်သံအမတ်ကြီးများအားပန်းခွေချခွင့်ပြန်ပေးခဲ့

ဇူလိုင်လ(၁၉)ရက်နေ့တွင်ကျဆုံးခဲ့သောနိုင်ငံခေါင်းဆောင်ကြီးများအားဂုဏ်ပြုနိုင်ရန်အတွက် ယခုနှစ် (၆၅)နှစ်မြောက် အာဇာနည်နေ့မှစ၍ နိုင်ငံတကာမှသံတမန်ကြီးများအား ရန်ကုန်မြို့ရွှေတိဂုံမြောက်ဘက်မုခ်ရှိ အာဇာနည်ဗိမာန်၌ လွမ်းသူပန်းခွေချခွင့်ပြုသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးဝန်ကြီးဌာနက သိရှိ ရသည်။ 
 

နှစ်စဉ်အာဇာနည်နေ့ကျင်းပချိန်၌ အာဇာနည်ခေါင်းဆောင်ကြီးများအားပြည်ပနိုင်ငံများမှ သံတမန်များက ၁၉၈၈နောက်ပိုင်းမှ စတင်ကာ လွမ်းသူပန်းခွေချခွင့် မပေးခဲ့ခြင်းအား ယခုနှစ် ၂၀၁၂ခုနှစ်တွင် ခွင့်ပြုပေးလိုက် ခြင်းဖြစ်သည်။  
 
 “ဒီနှစ်ကထူးခြားတဲ့နှစ်လို့ ပြောရပါမယ်။ဒီလိုသံတမန်တွေအာဇာနည်နေ့မှာပါဝင်ခွင့်မပေးခဲ့တာဟာ နှစ်ပေါင်း(၂၀) ကျော် ရှိနေပါပြီ။ အခုပြန်ပြီးပထမဦးဆုံးအစိုးရကခွင့်ပြုလိုက်တာပါ ”ဟုရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိ သူတစ်ဦးက ပြောသည်။
 
 ဖိတ်ကြားထားသည့် သံအမတ်ကြီးများတည်းခိုနိုင်ရန်အတွက် ရွှေတိဂုံအောက်ပစ္စယံရှိရခိုင်ဓမ္မာရုံတွင်စီစဉ်ထားကြောင်းကိုလည်း သိရှိရသည်။

အာဇာနည်နေ့အခမ်းအနားအား အာဇာနည်ဗိမ္မာန်တွင် နံနက်(၈)နာရီ၌ မြို့တော်ဝန်မှ ကျင်းပမည်ဖြစ်ကာ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ လူမှုရေးအဖွဲ့အစည်းများ(ကြက်ခြေနီ၊ မီးသတ်၊ မိခင် နှင့်ကလေးစောင့်ရှောက်ရေး အစရှိသောလူမှုရေး အဖွဲ့အစည်းများ)မှ  လွမ်းသူ့ပန်းခွေချမည်ဖြစ်ပြီး နံနက် (၁၀) နာရီ အချိန်၌ ဖိတ်ကြား ထားသော သံတမန်များ၊ ပါတီအဖွဲ့အစည်းများနှင့် လူမှုရေးအဖွဲ့အစည်းများမှ လွမ်းသူပန်းခွေချခွင့်ရရှိကြမည် ဖြစ်ကြောင်း၊ ပြည်သူများကိုမူ လွမ်းသူပန်းခွေချခွင့်မပြုပဲအလေးပြုခွင့်၊ ဂါရ၀ပြုခွင့်သာပေးမည်ဖြစ်ကြောင်းကိုလည်းသိရှိရသည်။  
 
 
“မနှစ်ကလည်း ဒီအတိုင်းပါပဲ ကင်မရာတို့ ဖုန်းတို့ ပန်းတို့ ယူခွင့်မပြုပါဘူး။ အခုနှစ်လဲဘာမှမထူးပါဘူး။ ကျွန်တော်တို့အနေနဲ့ ကတော့ ယူခွင့်မရတဲ့ ကင်မရာတို့ ဖုန်းတို့တော့ ထားပါတော့ ပန်းဆိုတာကသူတို့စစ်ဆေးနိုင်ပါတယ်။ စစ်ဆေးပြီးတော့ ခွင့်ပြုသင့်ပါတယ်။ ကျွန်တော်တို့လဲ ကိုယ်တက်နိုင်တာလေးနဲ့ ဂါရ၀ ပြုချင်တာပါ။ မနက်ဖြန်လည်းသွားပြီး အလေးပြုဦးမယ်”ဟု ဗဟန်းမြို့နယ်မှ ကိုမြင့်ဝေက ပြောသည်။
 
 
ပြည်သူများအနေဖြင့် နှစ်စဉ်လွမ်းသူပန်းခွေချခွင့်မပြုခဲ့ကြောင်း၊ထိုကဲ့သို့ချခွင့်မပြုရခြင်းမှာပန်းခွေများကြားတွင်မဖွယ်မရာပစ္စည်း (အန္တရာယ်ဖြစ်သောအရာများ)ပါရှိလာပါက အခမ်းအနားပျက်မည်ကို စိုးရိမ်၍ ချခွင့် မပြုခြင်းဖြစ်ကြောင်းရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သိရသည်။
 
 
မြန်မာနိုင်ငံ၌ ၁၉၇၄ခုနှစ်ဝန်းကျင်ကသံတမန်များအားလွမ်းသူ့ပန်းခွေချခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း၊ တောင်ကိုရီးယားနိုင်ငံ မှမြန်မာနိုင်ငံသို့ အလည်အပတ်လာရောက်ရှိကာအာဇာနည်ခေါင်းဆောင်ကြီးများအလေးပြုအခမ်းအနားတွင်မြောက်ကိုရီးယားမှ အဝေးဗုံးဖြင့်လုပ်ကြံရာမှ တောင်ကိုရီးယားဝန်ကြီး(၄)ဦးနှင့်မြန်မာနိုင်ငံရှိဌာနဆိုင်ရာအဖွဲ့အစည်းများမှတာဝန်ရှိသူများ ထိခိုက်သေဆုံးမှုများရှိခဲ့သဖြင့် ၁၉၈၈ ခုနှစ်နောက်ပိုင်းမှစတင်ကာသံတမန်များအား အာဇာနည်နေ့အခမ်းအနား၌ လွမ်းသူပန်းခွေချခွင့် ခွင့်မပြုခဲ့ရာမှ ယခုနှစ်တွင် ပြန်လည် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။