Thursday, July 19, 2012

ရခိုင်ပြည်နယ် ဖြစ်စဉ်များကြောင့် ဘာသာရေး အဆောက်အအုံနှင့် အိမ်ခြေလေးထောင်ကျော် ပျက်စီးပြီး ကျပ်သန်းလေးရာကျော် ဆုံးရှုံးကာ လှူဒါန်းငွေကျပ် သန်းသုံးထောင်ကျော်ရ ရှိထား



5165
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ပျက်စီးဆုံးရှုံးနေမှုများကို ဇွန်လအတွင်းက တွေ့ရစဉ်
ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်များကြောင့် အိမ်ခြေလေးထောင်ကျော် ပျက်စီး၍ ငွေကျပ်သန်းပေါင်း လေးရာကျော်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း၊ ဇူလိုင်လ၀က် အထိ အဖွဲ့အစည်းနှင့် ဌာနဆိုင်ရာများမှ လှူဒါန်းငွေ ကျပ်သန်းပေါင်း သုံးထောင့် ခုနှစ်ရာကျော် ရှိနေကြောင်း နေပြည်တော် လူမှုဝန်ထမ်းနှင့် ပြန်လည် နေရာချထားရေးမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထွဋ်ဦးထံမှ သိရှိရသည်။

အဆိုပါလှူဒါန်းငွေစာရင်းအား ရန်ကုန်တိုင်းဒေသကြီးမှ လူမှုဝန်ထမ်း နှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး လူမှုဝန်ထမ်းနှင့်ပြန်လည် နေရာချထားရေး ဦးစီးဌာန၊ နေပြည်တော်ရှိ လူမှုဝန်ထမ်း နှင့် ပြန်လည်နေရာချထားရေး ရုံးချုပ် နှင့် ရခိုင်ပြည်နယ်ရှိ ကယ်ဆယ်ရေး စခန်းများသို့ အဖွဲ့အစည်းနှင့် ဌာနဆိုင်ရာများမှ လာရောက်လှူဒါန်းထားသော စာရင်းများမှ ရရှိထားခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွား ခဲ့သော ဖြစ်စဉ်များတွင် စစ်တွေမြို့ တွင် အိမ်ခြေ ၃၆၃၈ လုံး၊ ဘုန်းကြီး ကျောင်းခြောက်ကျောင်း၊ ဗလီ ၃၀ တို့ပျက်စီးခဲ့ပြီး ငွေကျပ် ၃၀၁ ဒဿမ ၅၀ သန်း၊ ရသေ့တောင်မြို့နယ်တွင် အိမ်ခြေ ၃၆၅ လုံးနှင့် ဗလီတစ်ခု ပျက်စီးခဲ့ပြီး ငွေကျပ် ၀ ဒသမ ၅၃ သန်း၊ မောင်တောမြို့နယ်တွင် အိမ်ခြေ  ၄၇၀၊ ဘုန်းကြီးကျောင်း ရှစ်ကျောင်း၊ စာသင်ကျောင်း တစ်ကျောင်း၊ ဆေးရုံ တစ်ရုံနှင့်အခြား အဆောက်အအုံ ၃၆ ခုတို့ ပျက်စီးခဲ့ပြီး ငွေကျပ် ၁၀၂ ဒသမ ၄၈ သန်း၊ ကျောက်တော်မြို့တွင် အိမ် ခြေ ၁၇၁ လုံးပျက်စီးခဲ့ပြီး ငွေကျပ် ၂ဒသမ ၈၉ သန်း၊ မြောက်ဦးမြို့တွင် အိမ်ခြေ ၁၅လုံးပျက်စီးခဲ့ပြီး ငွေ ကျပ် ၀ ဒသမ ၇ သန်း တို့ဆုံးရှုံးခဲ့မှုများ ဖြစ်ပွားခဲ့ကြောင်း သိရရှိသည်။
အဆိုပါ ဖြစ်စဉ်များကြောင့် လူ ပေါင်း ၆၀ နီးပါး သေဆုံးခဲ့ရပြီး၊ လူဦးရေ ၁၀၀၀၀ ကျော်ခန့်မှာ အိုးမဲ့ အိမ်မဲ့ဖြစ်ပွားခဲ့ကြောင်း၊ အခြေခံ ကျောင်းများနှင့် တက္ကသိုလ်များ ယာယီ ပိတ်ထားခဲ့ရကြောင်း သိရှိရသည်။
“ဒီဖြစ်ရပ်က အရမ်းဆိုးပါတယ်။ ဖြစ်ဖြစ်ချင်း ကယ်ဆယ်ရေးစခန်းတွေဖွင့်။ အဖွဲ့အစည်းတွေက လှူဒါန်းနိုင် အောင်ပြုလုပ်။ စားနပ်ရိက္ခာတွေ မပြတ်လပ်အောင် ထားပေးခဲ့ရတယ်။ ကျန်းမာရေးကိုလည်း ဂရုတစိုက်နဲ့ပြုလုပ် ပေးနိုင်ခဲ့တယ်ပေါ့။ ဒါကြောင့် နောက်ဆက်တွဲ အဖြစ်အပျက်တွေ မဖြစ်ခဲ့တာပါ။ ရလာတဲ့လှူဒါန်းငွေတွေ ကို ဘယ်နေရာမှာ ဘာသုံးတယ်ဆိုတာ အတိအကျသိနိုင်အောင် အချက်အလက်နဲ့ လုပ်ဆောင်နေပါတယ်။ အဓိကကတော့ ပြန်လည်နေရာချထားရေးမှာ အသုံးပြုသွားမှာပါ”ဟု လူမှုဝန်ထမ်းဦးစီးဌာနမှ ပြန်လည်နေရာချထားရေး ညွှန်ကြားရေးမှူးက ပြောကြားခဲ့သည်။
ရခိုင်ပြည်နယ် အကြမ်းဖက်မှုများတွင် ဆူပူခဲ့သူများအား ပြည်နယ် အစိုးရအဖွဲ့များမှ ဖမ်းဆီးအရေးယူလျက် ရှိကြောင်း၊ ဖမ်းဆီးရမိသူ အရေအတွက် မှာ ၈၀ ဦး နီးပါးရှိနေကြောင်း၊ ပြည်နယ်အစိုးရမှ ဇွန်လ ၁၀ ရက် နေ့တွင် ထုတ်ပြန်ထားသော ပုဒ်မ ၁၄၄ အား ပြန်လည် ရုပ်သိမ်းမှုအား တည်ငြိမ်လာမှုအပေါ် မူတည်၍ စီစဉ်နေကြောင်း သိရသည်။  

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။