Thursday, July 19, 2012

 ကချင်ပြည်နယ် တရုတ်နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ကူးစက်ရောဂါ ဖြစ်ပွားမှုများရှိနေ

5164
ကချင်ပြည်နယ် တရုတ်နယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ကူးစက်ရောဂါ ဖြစ်ပွားမှု များပြားနေကြောင်း အဆိုပါဒေသများသို့ သွားရောက်ခဲ့သော ပြည်တွင်းအလှူရှင် အဖွဲ့အစည်းများ၏ ပြန်လည် ပြောကြားချက်များအရ သိရသည်။

ကချင်ငြိမ်းချမ်းရေး ကွန်ယက် မှ ဦးဆောင်၍ One More ၊ နှောင်ကြိုးမဲ့ကွန်ရက်၊ ပန်းရဲ့လမ်း၊ ခေတ်သစ်လူငယ် ပျိုးခင်းနှင့်ကလေး ချစ်သူများအဖွဲ့တို့မှ ဇူလိုင်လ ၄ ရက်နေ့မှ ၁၂ ရက်နေ့အထိ Hpun Lum Yang ၊ Je Yang ၊ Woi Chyai ၊ N-Hkawng Pa Pa Kahtaung ၊La Ying2 ဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့ပြီး စစ်ပြေးဒုက္ခသည် ကယ်ဆယ်ရေးကော်မတီ၏ ဇူလိုင်လ ၆ ရက်နေ့ နောက်ဆုံးရရှိထားသည့် စာရင်းများကို ကိုးကား၍ ဇူလိုင်လ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့၌ ပြုလုပ်သော ခရီးစဉ်အတွေ့အကြုံ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။
အဆိုပါဒုက္ခသည် စခန်းများမှာ အစိုးရထိန်းချုပ်မှုအောက်တွင် ရှိသော စခန်းများထက် လှူဒါန်းမှုမရရှိခြင်းကြောင့် ဒုက္ခသည်များမှာ လိုအပ်ချက်များ များပြားနေခြင်းနှင့် ထိုကဲ့သို့ ကျန်းမာရေး ပြဿနာများလည်း ဖြစ်ပွားနေခြင်းဖြစ်ကြောင်းလည်း ပြောကြားခဲ့ပါသည်။
“ကျွန်တော်တို့သွားခဲ့တဲ့ ကယ်ဆယ်ရေးစခန်း ခြောက်ခုမှာ လူဦးရေ စုစုပေါင်း နှစ်သောင်းနီးပါးရှိပါတယ်။ အစိုးရထိန်းချုပ်မှု နယ်မြေက မဟုတ်တဲ့ ကယ်ဆယ်ရေးစခန်းတွေမှာ လူဦးရေ က အစိုးရထိန်းချုပ်နယ်မြေက ဒုက္ခသည် လူဦးရေထက်ပိုများပြီး ဒေသလုံခြုံမှုကြောင့် လာရောက် လှူဒါန်းတဲ့သူ နည်းပါတယ်”ဟု ယင်းဒေသသို့သွား ရောက်ခဲ့သူ ဒေါက်တာကျော်ဇေယျက ပြောပါသည်။
ထို့အပြင် ယင်းဒေသများမှာ စစ်မဖြစ်မီကတည်းကပင် ဆေးယဉ်ပါး တီဘီဝေဒနာရှင်များရှိပြီး၊ စစ်ဘေးကြောင့် စနစ်တကျ ကုသခံယူမှုမရရှိတော့ခြင်းနှင့် လူဦးရေသိပ်သည်းစွာ နေထိုင်နေရမှုများကြောင့် အခြားသူ များပါရောဂါကူးစက်မှု ရာခိုင်နှုန်းမှာလည်း မြင့်မားနေရပြီး တီဘီ ရောဂါအပါအ၀င် အခြားကူးစက် ရောဂါပျံ့နှံ့မှုအတွက် စိုးရိမ်ဖွယ်ရာ အခြေအနေရှိနေကြောင်း ပြောကြားခဲ့သည်။
“ဒီစခန်းတွေကို ရောက်နေတဲ့ သူတွေထဲမှာ တီဘီရောဂါနဲ့ ပတ်သက်လို့ ဆေးယူနေရတဲ့ လူနာတွေ ရှိတယ်။ အခုချိန်မှာသူတို့တွေက ဆေးဝါးကုသမှုလည်း စနစ်တကျ မရရှိသလို အစာအာဟာရလည်း လုံလောက်ပြည့်စုံစွာ မရပါဘူး။ ဒီလိုလူနေသိပ်သည်းတဲ့ ပတ်ဝန်းကျင်မှာ နေနေရတဲ့အတွက် စိုးရိမ်စရာ ကျန်းမာရေးပြဿနာတစ်ခု ဖြစ်လာမယ်ဆိုတာ မလွဲပါဘူး” ဟု အဆိုပါစခန်းများသို့ သွားရောက်ခဲ့ သူ မအယ်လ်ခေါန်ထွယ်က ပြောပြခဲ့သည်။
ကချင်ငြိမ်းချမ်းရေး ကွန်ရက်မှ ဦးဆောင်သော လူမှုရေးအဖွဲ့များသည် ခရီးစဉ်အတွင်း ကေအိုင်အို မှပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ဦးလနန်၊ စစ်ပြေးဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီ၊ စစ်ပြေးဒုက္ခသည် စခန်းအသီးသီး၏ စီမံခန့်ခွဲရေး ကော်မတီဝင်များ၊ ဒုက္ခသည်များ ကို ကူညီပေးနေသည့် RANIR (Relief Action Net-work for IDPandRefugee) စသည့်အဖွဲ့များနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။