Thursday, July 19, 2012

 မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများအနက် ခရီးသွားဝင်ရောက်မှု အလျင်မြန်ဆုံး တိုးတက်သည့် နိုင်ငံဖြစ်ကြောင်း UNWTO ထုတ်ပြန်

5163
ကမ္ဘာလှည့်ခရီးသွားများ ညောင်ဦးလေဆိပ်သို့ လာရောက်ကြသည်ကို ဇူလိုင်လအတွင်းက တွေ့ရစဉ်
မြန်မာနိုင်ငံသည် အရှေ့တောင် အာရှနိုင်ငံများအနက် ပြီးခဲ့သည့်နှစ်များနှင့် ခရီးသွားဝင်ရောက်မှုချင်း နှိုင်းယှဉ်ပါက အလျင်မြန်ဆုံး တိုးတက်လာသည့် နိုင်ငံဖြစ်ကြောင်း ကမ္ဘာ့ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် World Tourism Organization UNWTO) က ထုတ်ပြန်ခဲ့သည်။
ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများသို့ တစ်နိုင်ငံချင်းအလိုက် ခရီးသွားဝင်ရောက်မှုများ၊ ၂၀၁၀၊ ၂၀၁၁ ခုနှစ် တို့၌ ရာခိုင်နှုန်း အတက်အကျနှိုင်းယှဉ်မှုများအပေါ် သုံးသပ်မှုများကို ၂၀၁၂ ခုနှစ်အတွင်း ထုတ်ပြန်ရာ၌ ယင်းသို့ ပါရှိခဲ့သည်။

အရှေ့တောင်အာရှ၌ မြန်မာ၊ ကမ္ဘောဒီးယား၊ ထိုင်း၊ ဗီယက်နမ် နိုင်ငံတို့သည် ၂၀၁၁ ခုနှစ်နှင့် ၂၀၁၀ ပြည့်နှစ်တို့ကို နှိုင်းယှဉ်ရာ၌ သိသိသာသာ မြင့်တက်ခဲ့ကြောင်း၊ မြန်မာ သည် ၂၆ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးတွင်ရှိနေကာ ယင်းနောက်တွင်ကမ္ဘော ဒီးယားနှင့် ထိုင်းက ၂၀ ရာခိုင်နှုန်း စီ၊ ဗီယက်နမ်က ၁၉ ရာခိုင်နှုန်းစီ ရှိခဲ့ပြီး ထိုင်းနိုင်ငံသည် ခရီးသွားဦးရေ အများဆုံးနိုင်ငံဖြစ်ခဲ့ကြောင်းUNWTO က ထုတ်ပြန်ခဲ့သည်။
“ဒီအချိန်ဟာ ခရီးသွားလုပ်ငန်း အလားအလာ ကောင်းတဲ့အချိန် ဖြစ်ပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံဟာ အလားအလာ အကောင်းဆုံးအနေအထား ရှိပါတယ်”ဟု UNWTO Asia Pacific မှ ညွှန်ကြားရေးမှူး Mr.Xu Jing က ရန်ကုန်မြို့တွင် ဇူလိုင်လ ၃ ရက်နေ့က ပြုလုပ်ခဲ့သည့် ခရီးသွားလုပ်ငန်း မဟာဗျူဟာစီမံကိန်း ရေးဆွဲရေး အလုပ်ရုံ ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ၂၀၁၀ ပြည့်နှစ်နောက်ပိုင်း ၂၀၁၁ ခုနှစ်အတွင်းမှ စတင်ကာ ခရီးသွားများ လာရောက် လည်ပတ်ရန် စိတ်ဝင်စားမှု မြင့်တက်လာခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲအပြီးတွင်မူ ကမ္ဘာတစ်ဝန်း ခရီးသွားစိတ်ဝင်စားမှု၌ ထိပ်တန်း နိုင်ငံအဖြစ်သို့ ရောက်ရှိလာခဲ့သည်။
“မြန်မာနိုင်ငံမှာ ခရီးသွားတွေ စိတ်ဝင်စားနိုင်မယ့် သဘာဝရင်းမြစ်တွေ များပြားပါတယ်၊၊ နိုင်ငံတကာပုံစံနဲ့ စာရင် Home Stay လို ပြည်တွင်း ပုံစံတွေကို ပိုစိတ်ဝင်စားနိုင်ပါတယ်” ဟု UNWTO မှ Mr.Hans Carl Jacobsen က ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ်၌ အာရှပစိဖိတ်ဒေသတွင် အရှေ့တောင်အာရှသည် ခရီးသွားစုစုပေါင်း၏ ၃၅ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့ပြီး မြန်မာနိုင်ငံက ၀ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့သည်။
မြန်မာနိုင်ငံသည် ၁၉၉၆ ခုနှစ် ကUNWTO ၏ အဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့ပြီး ၁၉၉၈ခုနှစ်၌ ခေတ္တဆိုင်းငံ့ခဲ့သည်။
၂၀၁၂ ခုနှစ် မေလဆန်းပိုင်းက UNWTO၏ အထွေထွေ အတွင်းရေးမှူးချုပ် Dr. Taleb Rifai သည် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ UNWTO  သို့ ပြန်လည်ဝင်ရောက်ရန် နိုင်ငံတော် သမ္မတက ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။