Thursday, July 19, 2012

 အသင်းအဖွဲ့ဥပဒေသစ်ထွက်မှ ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းကို မှတ်ပုံတင်မည်

လက်ရှိအသင်းအဖွဲ့ဆိုင်ရာ ဥပဒေမှာ ၁၉၈၈ ခုနှစ်ကတည်းက ပြဋ္ဌာန်းထားသော ဥပဒေဖြစ်၍ ခေတ်မမီတော့သဖြင့် အသင်းအဖွဲ့ ဥပဒေသစ်ထွက်လာသည်အထိ စောင့်ဆိုင်းပြီးမှ ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းကို မှတ်ပုံတင်သွားမည်ဖြစ်ကြောင်း အဆိုပါဖောင်ဒေးရှင်း၏ ပြောကြားချက်အရ သိရသည်။
ယင်းနှင့်ပတ်သက်၍ ဇူလိုင်လ ၁၂ရက်နေ့က ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ပြုလုပ်ခဲ့သော ဟံသာဝတီဦးဝင်းတင်ဖောင်ဒေးရှင်းမှ နိုင်ငံရေးအကျဉ်းသားများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများနှင့် အကူအညီလိုအပ်နေသော ဘ၀တူစာ နယ်ဇင်းသမားများအား တတိယအကြိမ်မြောက် အလှူငွေပေးအပ်ပွဲတွင် ဖောင်ဒေးရှင်း အလုပ်အမှုဆောင်အဖွဲ့ဝင်(ဥပဒေအတိုင်ပင်ခံ) ရှေ့နေဦးအောင်သိန်းက ဖောင်ဒေးရှင်း၏ သတင်းထုတ်ပြန်ချက်ကို ဖတ်ကြားရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
ဦးအောင်သိန်းက ဖောင်ဒေးရှင်း နာယက ဟံသာဝတီဦးဝင်းတင်အပါအ၀င် တာဝန်ရှိသူများနှင့် တိုင်းထွေ အုပ်ရုံးမှ တွေ့ဆုံဆွေးနွေးလိုကြောင်း ဇွန်လ ၂၈ ရက်နေ့တွင် အကြောင်းကြားလာသဖြင့် ဇွန်လ ၂၉ ရက်နေ့တွင် ဦးဝင်းတင်အပါအ၀င် တာဝန်ရှိသူများ သွားရောက်ခဲ့ကြောင်း၊ အဆိုပါတွေ့ဆုံပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဒေါက်တာသန်းအောင်က ဟံသာဝတီ ဦးဝင်းတင်ဖောင်ဒေးရှင်းအနေဖြင့် မတ်လ ၁၂ ရက်နေ့က တော်ဝင်နှင်းဆီတွင် ဖောင်ဒေးရှင်း စာနယ်ဇင်းရှင်းလင်းပွဲ ပြုလုပ်ကြောင်း သတင်းကြားရသဖြင့် ဖောင်ဒေးရှင်းအနေဖြင့် မှတ်ပုံတင်ထားခြင်း ရှိ၊ မရှိနှင့် မှတ်ပုံတင်လိုပါက မိမိတို့ အာဏာပိုင်အဖွဲ့အစည်းမှ ကူညီပေးမည် ဟုပြောကြားခဲ့ကြောင်း၊ မိမိတို့ဘက်မှ ဖောင်ဒေးရှင်းမှာ အလှူရှင်များ၏ အလှူငွေဖြင့် လိုအပ်နေသူများ ထံထောက်ပံ့သော ပရဟိတကုသိုလ် ရေး လုပ်ငန်းသက်သက်ဖြစ်သဖြင့် မှတ်ပုံမတင်နိုင်စရာ အကြောင်းမရှိကြောင်း၊ ယခုအခါပြည်သူ့လွှတ်တော်မှ ခေတ်နှင့်လျော်ညီသော အသင်းအဖွဲ့ ဥပဒေကို အသစ်ပြဋ္ဌာန်းရန် အစီအစဉ်ရှိသည်ဟု ကြားသိထားသဖြင့် အဆိုပါဥပဒေသစ် ထွက်ပေါ်လာသည်အထိ စောင့်ဆိုင်းပြီး မှတ်ပုံတင်ရန် စီစဉ်မည်ဟု ပြန်လည်ဆွေးနွေးခဲ့ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါတတိယအကြိမ် အလှူငွေပေးအပ်ပွဲတွင် ဖောင်ဒေးရှင်းမှလက်ရှိ နိုင်ငံရေးအကျဉ်းသား သုံးဦးအား ထောက်ပံ့ငွေ ၁၅ သိန်း၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအတွက် ထောက်ပံ့ငွေ ၄၅ သိန်း၊ စုစုပေါင်း ကျပ်သိန်း ၆၀ လှူဒါန်းခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။