Thursday, July 19, 2012

 မြန်မာနိုင်ငံတွင် ဆရာဝန်များ၏ ဂုဏ်သိက္ခာနှင့် တန်ဖိုးထားခံရမှုများ ကျဆင်းလာသည်ဟု ကျန်းမာရေးဆိုင်ရာ သုတေသနတစ်ခုအရ သိရ


မြန်မာနိုင်ငံတွင် ဆရာဝန်များ၏ ဂုဏ်သိက္ခာနှင့် တန်ဖိုးထားခံရမှုများ ကျဆင်းလာသည်ဟု ၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းက ပြုလုပ်ခဲ့သည့် 'မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ၂၀၁၁' အခမ်းအနားတွင် တင်သွင်းခဲ့သည့် သုတေသန ပိုစတာတစ်ခုအရ သိရသည်။
အဆိုပါ သုတေသနကို ဆေးတက္ကသိုလ်(၁)၊ ဆေးတက္ကသိုလ်(၂)၊ ဆေးတက္ကသိုလ်(မန္တလေး)နှင့် ဆေးတက္ကသိုလ်(မကွေး)တို့မှ သစ်လွင်ဆရာဝန် ၂၂၀၀ ကျော်အား 'ဆမ သင်တန်းတက်ရောက်နေသော ဆရာဝန်များ၏ ဆေးပညာကျင့်ဝတ်ကို သိရှိမှုနှင့် သဘောထားခံယူချက် လေ့လာခြင်း သုတေသန' အမည်ဖြင့် ကိုယ်တိုင်ဖြေစနစ် အသုံးပြု၍ သုတေသန ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြေဆိုသူများအနက် ၆၆ ဒသမ ၇ ရာခိုင်နှုန်းသော ဆရာဝန်တို့မှာ အလုပ်အကိုင်ရှာဖွေဆဲဖြစ်ကြောင်း၊ ၁၉ ဒသမ ၃ ရာခိုင်နှုန်းမှာ ပြင်ပဆေးခန်းများတွင် ဆောင်ရွက်နေကြသူများဖြစ်ပြီး ၃ ဒသမ ၉ ရာခိုင်နှုန်းမှာ ဆေးကုမ္ပဏီနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများတွင် လုပ်ဆောင် နေသူများဖြစ်ကြောင်း သိရသည်။

အဆိုပါ သုတေသနကို ဆရာဝန်အသစ်များအနေဖြင့် ယင်းတို့၏ ဆေးပညာကျင့်ဝတ်သိက္ခာနှင့် ပတ်သက်၍ သိရှိမှု၊ ခံယူချက် သဘောထားများကို လေ့လာဖော်ထုတ်နိုင်ရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ဖြေဆိုသူများအနက်မှ ၅၀ ဒသမ ၃ ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံတွင် ဆရာဝန်များ၏ ဂုဏ်သိက္ခာနှင့် တန်ဖိုးထားခံရမှုများ ကျဆင်းလာသည်ဟု ဖြေဆိုကြကြောင်း၊ ၈၂ရာခိုင်နှုန်းမှာ ဆရာဝန်နှင့် လူနာပြောဆိုဆက်ဆံမှု အားနည်းကြောင်း၊ ၅၇ ဒသမ ၇ ရာခိုင်နှုန်းမှာ တာဝန်ယူ မှုမရှိကြောင်းနှင့် ၄၃ ဒသမ ၁ ရာ ခိုင်နှုန်းမှာ လူနာကို လေးစားမှုမရှိခြင်းဖြစ်ကြောင်း ထုတ်ဖော်ခဲ့ကြသည်။

ဆေးပညာကျင့်ဝတ်များနှင့် ပတ်သက်၍ ဆေးတက္ကသိုလ်သင်တန်းများမှ လေ့လာသိရှိမှုသည် ၉၄ ဒသမ ၄ ရာခိုင်နှုန်းရှိပြီး စာနယ်ဇင်းနှင့်စာအုပ်များဖတ်ရှု၍ သိရှိသူမှာ ၃၆ ဒသမ ၈ ရာခိုင်နှုန်းရှိကြောင်း၊ သင်တန်းတက်ပြီး သိရှိသူမှာ ၁၈ ဒသမ ၈ ရာခိုင်နှုန်း၊ ဆရာဝန်များမှတစ် ဆင့်သိရှိသူ ၇၄ ရာခိုင်နှုန်းတို့ဖြစ်ကြောင်း သိရသည်။
ထို့အပြင် မြန်မာနိုင်ငံတွင် ဆေးပညာဖြင့် အသက်မွေးဝမ်းကျောင်းခြင်းသည် လူအများ၏ အသက်ကို ကယ်တင်သော၊ ကျန်းမာရေးစောင့် ရှောက်မှုပေးသော၊ အများပြည်သူက လေးစားအားကိုးရသော၊ အတတ်ပညာတစ်ခုအဖြစ် သဘောထားကြရာလက်ရှိတွင် ကျန်းမာရေးစောင့် ရှောက်မှု (အထူးသဖြင့် လူနာများအား ပြုစုကုသမှုအပိုင်း)တွင် ဆရာဝန်များ ကျင့်ဝတ်သိက္ခာ စောင့်ထိန်းချို့တဲ့မှုများနှင့် ပတ်သက်၍ တိုင်ကြားစာများ များပြားလာကြောင်း ယင်းသုတေသနတွင် ဖော်ပြထားသည်။
အထူးကု ပုဂ္ဂလိကဆေးရုံ ဆေးခန်းကြီးများတွင် လူနာများအား ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ထိရောက်မှုနှင့် လုံခြုံမှုစနစ် လုပ်ကိုင်ခြင်း အားနည်းနေကြောင်း၊ ပုဂ္ဂလိကဆေးရုံဆေးခန်းများသို့ ပြသရာတွင် ဆရာဝန်များမှ လူနာ၏ ရောဂါအခြေအနေနှင့် ပတ်သက်သည့် အချက်အလက်များ၊ အချိန်ပေး ဆွေးနွေးတိုင်ပင်မှုများ စသည်တို့ အားနည်းခြင်းအပေါ် လူနာများမှ စိတ်ကျေနပ်မှု မရှိကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် လူနာရှင်များ၏ ပြောကြားချက်များအရ သိရသည်။
ဆရာဝန်များ ကျင့်ဝတ်သိက္ခာ စောင့်ထိန်းချို့တဲ့မှုများနှင့် ပတ်သက်၍ တိုင်ကြားစာများ များပြားလာသည်ကို မြန်မာနိုင်ငံ ဆေးကောင်စီမှ တာဝန်ရှိသူတစ်ဦးက ''အခုအချိန်မှာက လူနာက ဆရာဝန်တွေကို တရားစွဲတာတွေ ရှိလာတယ်။ မကျေနပ်တာ ရှိရင်တော့ စွဲကြတာပဲ။ ဖြစ်တာတွေကိုကြည့်ရင် အများစုက နှစ်ဦးနှစ်ဖက် နားလည်မှုတွေလွဲပြီး စွဲတာပိုများပါတယ်။ ကျင့်ဝတ်ဆိုတာက မလုပ်သင့်တာကို မလုပ်အောင် အစောကြီးကတည်းက သတ်မှတ်ထားတာပါ။ တချို့က ဥပဒေမဲ့လုပ်လာတာတွေ ရှိတယ်။ ဆရာဝန်တစ်ဦးမှာ လုပ်ရ မယ့် တာဝန်တွေရှိသလို မလုပ်ရမယ့် တာဝန်တွေရှိတယ်။ ဆရာဝန်တစ်ဦးက ကျင့်ဝတ်ကို လိုက်ကို လိုက်နာရပါမယ်''ဟု ပြောကြားခဲ့ပါသည်။

ကျင့်ဝတ်ဆိုတာက မလုပ်သင့်တာကို မလုပ်အောင် အစောကြီးကတည်းက သတ်မှတ်ထားတာပါ။ တချို့က ဥပဒေမဲ့ လုပ်လာတာတွေ ရှိတယ်။ ဆရာဝန်တစ်ဦးမှာ လုပ်ရမယ့် တာဝန်တွေရှိသလို မလုပ်ရမယ့် တာဝန်တွေရှိတယ်။ ဆရာဝန်တစ်ဦးက ကျင့်ဝတ်ကို လိုက်ကို လိုက်နာရပါမယ် . . .
ထို့အပြင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ SSC အထူးကုဆေးခန်းတွင် သေဆုံးခဲ့သည့် အသက် ၁၅ နှစ်အရွယ် မခိုင်ရွှန်းလဲ့ရည် သေဆုံးမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဆေးကောင်စီ၏ ဆုံးဖြတ်ချက်များကို၂၀၀၉ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က ထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ ဆေးကောင်စီမှ မခိုင်ရွှန်းလဲ့ရည် သေဆုံးမှုနှင့်ပတ်သက်၍ သုံးသပ်ဆုံးဖြတ်ရာတွင် ခွဲစိတ်ကုသခဲ့သော ဆရာဝန်ကြီးသည် လုပ်မှားကိုင်မှား ဆုံးဖြတ်ချက်မှားခြင်း၊ လူနာလုံခြုံမှုအတွက် မခွဲစိတ်ခင်နှင့် ခွဲစိတ်ပြီး လုံလောက်သော ဆောင်ရွက်မှုအားနည်းခြင်း၊ တာဝန်ယူမှု နှင့် တာဝန်ခံမှု အားနည်းခြင်းတို့ကို တွေ့ရှိရသည့်အတွက် မြန်မာနိုင်ငံ ဆေးကောင်စီမှ အဆိုပါ ခွဲစိတ်ဆရာဝန်ကြီးအား ဆေးကုသခွင့်လိုင်စင် ငါးနှစ်ရပ်စဲရန် ဆုံးဖြတ်ခဲ့သည်။

၂၀၁၂ ခုနှစ် မေလ ၂၉ ရက်နေ့က သွားဘက်ဆိုင်ရာ ဆေးလောကနှင့် ဆက်နွယ်နေသော ဥပဒေနှင့် နည်းဥပဒေများ ကျယ်ပြန့်စွာ သိရှိလေးစားလိုက်နာစေရေး၊ သွားနှင့်ခံတွင်း ဆရာဝန်များ၏ ကျင့်ဝတ်များကို လေးစားလိုက်နာစေရေးနှင့် သွားနှင့်ခံတွင်း ဆရာဝန်များအား ထိခိုက်စေ နိုင်သော အခြေအနေအားလုံးမှ တတ်စွမ်းသမျှ ကာကွယ်ပေးရန် ရည်ရွယ်၍ 'သွားနှင့်ခံတွင်း ဆေးလောက ကာကွယ်စောင့်ရှောက်ရေးအဖွဲ့'ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။        

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။