Thursday, July 19, 2012

မန္တလေး တပ်မြို့စည်ပင်ဈေးရှိ ဆိုင်ခန်းခွန်မဆောင်နိုင်သောအခန်းများကို ပိတ်သိမ်းခိုင်း

မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၊ မန္တလေးတက္ကသိုလ်အနီးရှိ တပ်မြို့စည်ပင်ဈေးတွင်ဖွင့်လှစ်ထားသော ဆိုင်ပိုင်ရှင်များအား ဆိုင်ခန်းခွန်မပေးနိုင်သည့်ဆိုင်ခန်းများအား ချိတ်ပိတ်သိမ်းဆည်းမည်ဟု တပ်စည်ပင်က အသိပေးခဲ့ကြောင်း ဈေးသူဈေးသား များထံက သိရှိရသည်။
 



တပ်စည်ပင်က ဆိုင်ခန်းခွန်များ တိုးမြှင့်ကောက်ခံထားရာ၌ မပေးနိုင်သောဆိုင်များအား ချိတ်ပိတ်သိမ်းဆည်းမည်ဟု   ပြောဆိုခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါဈေးသည် စစ်တပ်မြေပေါ်တွင် ဆောက်လုပ်ထားသောဈေးဖြစ်၍ မန္တလေးနန်းတွင်းရှိ တပ်စည်ပင်မှ ပိုင်ဆိုင်သော ဈေးတစ်ခုဖြစ်ကြောင်း သိရှိရသည်။
 
“အတင်းအဓမ္မကြီး စစ်တပ်ရော ရဲတွေရော အများကြီးခေါ်လာပြီးကျမတို့ကိုမပေးရင်ဒီညပဲပိတ်တော့မလိုလိုလုပ်တယ် ၊   နှစ်လစာကျန်တဲ့ဟာကို တစ်လစာဆောင်မဆောင်လို့ရှိရင်ပိတ်မယ် ၊သူတို့ ပြောတဲ့သဘောကဒီဟာကတရားမ၀င်ဘူး သူတို့ဖျက်မယ်ဆို ဖျက်ပိုင်ခွင့်ရှိတယ်ဆိုပြီး အတင်းအဓမ္မ သူတို့ကချိန်းခြောက်တယ်” ဟု အဆိုပါဈေးတွင်ဖွင့်လှစ်ရောင်းချနေသူ အမျိုးသမီးဈေးသည်တစ်ဦးက ပြောသည်။
 
တပ်မြို့စည်ပင်ဈေးသို့ ယခုနှစ် ဇူလိုင်လ (၁၇)ရက်နေ့ ညနေပိုင်းက ဗိုလ်မှူးချုပ်ဘိုလွင်နှင့် အခြား အရာရှိများအပါအ၀င် လက်နက်ကိုင်စစ်ကားတစ်စီးနှင့် နယ်မြေခံရဲအဖွဲ့တို့ လာရောက်ခဲ့ကြောင်းကိုလည်း တွေ့ရှိရသည်။
 
“အပြင်မှာလဲ စစ်တပ်တွေနဲ့ အထဲမှာလဲ စစ်သားတွေနဲ့ ဟိုးအနောက်မှာလဲ ရဲတွေနဲ့ ၊ ကျမတို့ကို ထွက်လို့ ၀င်လို့မရအောင် လုပ်ထားတယ် ၊ လုပ်တဲ့အခါကြတော့ ကျမတို့က ညကြီးဖြစ်နေလို့ နှစ်လစာကျန်တဲ့ လူတွေက တစ်လစာဆောင်   ပေးလိုက်ကြတယ်' ဟု အဆိုပါဈေးသည်အမျိုးသမီးက ဆက်လက်ပြောဆိုသည်။
 
တပ်မြို့ဈေးစည်ပင်အတွင်း ဆိုင်ခန်းဖွင့်လှစ်ရောင်းချနေကြသည့် ဈေးသူဈေးသားများအနေဖြင့် ၎င်းတို့အခက် အခဲများအား သက်ဆိုင်ရာဌာနအသီးသီးသို့ တင်ပြတောင်းဆိုထားသော်လည်း ထိုကဲ့သို့ စာတင်တိုင်ကြား၍  မရနိုင်ကြောင်းကို အဆိုပါ စစ်တပ်အရာရှိများက ပြောဆိုခဲ့ကြောင်းကိုလည်း သိရသည်။
 
“ကျမတို့ စာတင်ထားပါတယ်ပြောတော့ စာတင်တိုင်းရမလားတဲ့ ၊ ခင်ဗျားတို့ ပေးစရာတာသာပေးလိုက်ပါ ၊ အဲလိုပေးစရာရှိလို့   ပေးလိုက်ရင်ကျနော်တို့ကအထက်ကိုတင်ပြပေးပါမယ်၊ အခုခင်ဗျားတို့ကတာဝန်မကျေဘဲနဲ့ ကျနော်တို့က မလုပ်ပေးနိုင် ဘူးလို့ပြောတယ် ´´ ဟု ၎င်းတို့က အာဏာပိုင်တို့ ပြောကြားချက်အား  မြစ်မသို့ တစ်ဆင့်ပြန်လည်ပြောကြားခဲ့သည်။
 
ယခုလို ဈေးသည်များ အခွန်မဆောင်နိုင်ရခြင်းမှာ ကျောင်းဖွင့်ရာသီနှင့်တိုက်ဆိုင်သည့်အတွက် နှစ်လစာ အခွန်ဆောင်ရန်ပျက်ကွက်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ထိုကဲ့သို့ အခွန်နှစ်လမဆောင်ခြင်းကြောင့် ဆိုင်ခန်းများကို ချိတ်ပိတ်သိမ်ဆည်းမည်ဟု ၎င်းတို့အား အကြောင်းကြားခဲ့ကြောင်းကိုလည်း သိရှိရသည်။
 
“ကျောင်းဖွင့်ရာသီဖြစ်တယ် ၊ ကလေးကျောင်းအပ်တဲ့ရာသီဖြစ်တဲ့အတွက် အခက်အခဲဖြစ်လို့ အသနား ခံစာတင်တယ်၊ တင်ပြီးတော့ကျွန်တော်တို့ကမဆောင်ဖြစ်တော့ ကျွန်တော်တို့ကို အစည်းအဝေးထပ်ခေါ်တယ်၊ မဆောင်တော့ အခန်းကို ချိတ်ပိတ်မယ်ဆိုလို့ ကျွန်တော်တို့သွားလိုက်တယ် ၊ သွားလိုက်တော့ ဘယ်နေ့ဘယ်ရက်မှာ လက်မှတ်ထိုးဆိုလို့ ကျွန်တော်တို့ ထိုးခဲ့လိုက်တယ်” ဟု ဈေးသည်အမျိုးသား တစ်ဦးကလည်း ၄င်းတို့၏ အခက်အခဲအား ပြောကြားသည်။
 
ထိုကဲ့သို့လက်မှတ်ထိုးခဲ့သော်လည်း ၎င်းတို့မှာ အခွန်မဆောင်ခဲ့သေးကြောင်းနှင့် အခွန်မဆောင်သည့်အတွက် ဆိုင်ခန်းချိတ်ပတ်မည်ဟူ၍ အစည်းအဝေးခေါ်ကြောင်းသိရပြီး ထိုအစည်းအဝေးသို့ ၎င်းတို့အနေဖြင့် သွားရောက်ခြင်း မရှိကြောင်းကိုလည်း သိရှိရသည်။
 
ယခုကဲ့သို့ ဈေးသည်များအခက်အခဲဖြစ်နေမှုကို မန္တလေးမြို့ရှိ (၈၈)ကျောင်းသားများအဖွဲ့ကလာရောက်ကူညီဖြေရှင်းပေး ခဲ့ကြောင်းသိရှိရပြီး ဈေးသည်များအခက်အခဲအားဆုံးခန်းတိုင်သည့်အထိကူညီမှုများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 
 
“ဈေးသူဈေးသားဆိုတာ ပြည်သူပြည်သားပါပဲ ၊ ပြည်သူပြည်သားတွေ ကြုံတွေ့နေရတဲ့ ကိစ္စမှာ ကျွန်တော်တို့ ကြားနေရတာက ၊ ဥပဒေနဲ့ သူတို့နဲ့မဆိုင်ပါဘူး ၊ အထက်အမိန့်အတိုင်းလုပ်တယ်ဆိုတဲ့နေရာမှာ ကျွန်တော်တို့ ပြည်သူပြည်သားနဲ့ အထက်အမိန့် သို့မဟုတ် ဥပဒေ ကင်းလွတ်နေတာလား တော့မသိဘူး ၊ အဲဒီ အခက်အခဲ ကြားမှာ ကျွန်တော်တို့ကတော့ ပြီးဆုံးတဲ့ အထိကူညီသွားပါ့မယ်၊ ဥပဒေဘောင်အတွင်းကနေ ပြည်သူတွေ ကိုယ်တိုင် ကိုယ့်ကြမ္မာကိုဖန်တည်းတဲ့ အဆင့်ရောက်အောင် ကူညီမယ် ၊ ဟိုကြောက်ရတာတို့ ဒီကြောက်ရတာ တို့ ကြားပွဲစားအားကိုးရတာတို့ ဒီအခြေနေမျိုးတွေက ကင်းလွတ်သွားအောင် ကျွန်တော်တို့က ကူညီတာပါ” ဟု(၈၈)ကျောင်းသားရဲဘော်ဟောင်းများအဖွဲ့က ညီညီကျော်က ပြောသည်။
 
အဆိုပါကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာတာဝန်ရှိသူများအား မြစ်မခမှထပ်မံဆက်သွယ်ခဲ့ သော်လည်းမှတ်ချက်တစ်စုံတစ်ရာပေး မည့်သူကို ဆက်သွယ်၍ မရရှိခဲ့ပေ။
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။