Thursday, July 19, 2012

ကဏ္ဍအသီးသီးနှင့် နယ်ပယ်အသီးသီးအတွက် စံချိန်စံညွှန်းများ ရေးဆွဲသတ်မှတ်၍ ဥပဒေပြဋ္ဌာန်းနိုင်ရန် အဆိုနှင့် ပတ်သက်သည့် အစိုးရအဖွဲ့၏ ကတိက၀တ်များ ပြီးစီးရမည့်အချိန်တွင် ပြီးစီးမှု ရှိ၊ မရှိ လွှတ်တော်မှ စောင့်ကြည့်မည်

ကဏ္ဍအသီးသီးနှင့် နယ်ပယ်အသီးသီးအတွက် စံချိန်စံညွန်းများ ရေးဆွဲသတ်မှတ်၍ ဥပဒေပြဋ္ဌာန်းနိုင်ရန် အချိန်ကာလ သတ်မှတ်ပြီး သတ်မှတ်ချိန်အတွင်း ဆောင်ရွက်ပေးနိုင်ပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း အဆိုနှင့်ပတ်သက်၍ အစိုးရအဖွဲ့မှ ပြန်လည်ဖြေကြားခဲ့ သည့် ကတိက၀တ်များပြီးစီးရမည့် အချိန်တွင် ပြီးစီးမှု ရှိ၊ မရှိ လွှတ်တော်မှ စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇူလိုင်လ ၆ ရက်နေ့တွင် ကျင်းပသည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အဆိုပါအဆိုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်က တင်သွင်းခဲ့ခြင်းဖြစ်ပြီး ၎င်းအဆိုနှင့်ပတ်သက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဒုတိယ၀န်ကြီးဒေါက်တာကိုကိုဦးက ''ယခုအခါ နောက်ဆုံးမူကြမ်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည့် စံချိန်စံညွှန်း ဥပဒေကြမ်းအ တည်ပြုပြီးပါက ပထမအဆင့်အနေဖြင့် အမျိုးသားအဆင့် စံချိန်စံညွှန်းကောင်စီကို ဖွဲ့စည်းမည်ဖြစ်ပါကြောင်း ဆက်လက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ပညာရှင်များဖိတ်ခေါ်၍ သက်ဆိုင်ရာ စံချိန်စံညွှန်းများ ရေးဆွဲသွားမှာဖြစ်ပါတယ်''ဟု ထည့်သွင်းဖြေကြားခဲ့သည်။
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက ''သက်ဆိုင်ရာပြည်ထောင်စုအဆင့်က ပြန်လည်ဖြေကြားတာလည်း အတော်ပြည့်စုံပါတယ်။ သို့ရာတွင် အဆိုမှာ ကဏ္ဍအသီးသီး နယ်ပယ်အသီးသီးလို့ ဖော်ပြထားတာရယ်၊ အချိန်ကာလသတ်မှတ်ပြီး ဆောင်ရွက်ဖို့ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ပြန်လည်ဆွေးနွေးတဲ့ နေရာမှာ တိကျတဲ့ စကားလုံးတွေမပါ ပါဘူး။ ဒါ့ကြောင့် မိမိအနေနဲ့ ဆွေးနွေးတဲ့အဆိုပြုတဲ့ ကိုယ်စားလှယ်ကို ပြန်လည် တိုက်တွန်းပါတယ်။ ကဏ္ဍအသီးသီး၊ နယ်ပယ်အသီးသီးအတွက်တော့ ဘယ်အချိန်ကာလအပြီး ဆောင်ရွက်သင့်တယ်ဆိုတာကို မိမိတို့ ပြန် လည်ဆွေးနွေးပြီး ဒီကာလမှာအပြီး သက်ဆိုင်ရာ ဥပဒေများကို ရေးဆွဲပြဋ္ဌာန်းလိုက်နာဆောင်ရွက်ဖို့ ထပ်မံတိုက်တွန်းသင့်ပါတယ်။ အဲဒီလိုပဲ ပြန်လည်ဖြေကြားသွားတဲ့ သက်ဆိုင်ရာဝန်ကြီးဌာနအနေနဲ့လည်း အကုန်လွှမ်းခြုံအောင် ပြန်လည်ဖြေကြားနိုင်တဲ့သဘောမရှိဘဲ မိမိနဲ့သက်ဆိုင် တဲ့ အခန်းကဏ္ဍတစ်ခုလောက်ပဲပါပြီးတော့ ပြည်ထောင်စုအစိုးရကို ကိုယ်စားပြုတဲ့ အဖြေမျိုးတွေ မပါပါဘူး။ ဒီနေ့ ဆွေးနွေးသွားတဲ့နေရာမှာ နေရာတိုင်း နေရာတိုင်းမှာ စံနှုန်းတွေရှိဖို့ လိုပါတယ်။ အဲဒီစံတွေကို ဆောင်ရွက်နိုင်ဖို့ ဥပဒေသတ်မှတ်ဖို့ လိုတယ်။ ဥပဒေသတ်မှတ်ပြီးတဲ့အခါမှာ ဥပဒေအတိုင်း လိုက်နာဆောင်ရွက်ဖို့ လိုတယ်ဆိုတာတွေ ပါသွားတဲ့အတွက် မိမိတို့ အဆိုပြုချက်ဟာ ကျယ်ဝန်းသလို ပြန်လည်ဆွေးနွေးတဲ့ အခါမှာ ကဏ္ဍအပိုင်းတစ်ခုအထိပဲ ပါဝင်တဲ့အတွက် မိမိအနေနဲ့ အဆိုနဲ့ပတ်သက်ပြီးတော့ မဲခွဲဆုံးဖြတ်အတည်ပြုသွားမှာ မဟုတ်ဘဲ ဒီနေ့ ဒီအချိန်ကာလနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်မှုတစ်ခုကိုပဲ လွှတ်တော်ကိုတင်ပြပါမယ်။ ဒုဝန်ကြီးဦးကိုကိုဦး ပြန်လည်ဖြေကြားရာမှာ ကတိက၀တ်များ ပါပါတယ်။ ဒါ့ကြောင့် အဲဒီကတိက၀တ်များအတိုင်း ပြီးစီးရမယ့်အချိန်မှာ ပြီးစီးရေးအတွက် လွှတ်တော်မှ စောင့်ကြည့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မှတ်တမ်းတင် ဆောင်ရွက်သွားပါမယ်''ဟု ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။