Monday, May 7, 2012

 ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်တွင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှု ဖြစ်ပွားခဲ့သဖြင့် မြို့တွင်းပြေးဆွဲနေသော ခရီးသည်တင်ယာဉ်များနှင့် အငှားယာဉ်များ အခက်အခဲဖြစ်ပေါ်

သာကေတမြို့နယ်အတွင်း သဘာဝဓာတ်ငွေ့ အရောင်းဆိုင်းများ၌ စောင့်ဆိုင်းနေသော ခရီးသည်တင်နှင့် အငှားယာဉ်များ
မေလ ၅ရက်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ယိုစိမ့်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်သည့် ပိုက်လိုင်းနေရာကို မေလ ၅ ရက်နေ့ ညနေ ၄ နာရီမှ စတင်ပြုပြင်ခဲ့ရာ မေလ ၆ ရက်နေ့ နံနက် ၈ နာရီအချိန်တွင် ပြီးစီးသွားခဲ့ကြောင်း သိရှိရသည်။

စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက''ဓာတ်ငွေ့ယိုတဲ့နေရာက လယ်ကွက်ထဲမှာဖြစ်တဲ့အတွက် ဘာထိခိုက်မှုမှ မရှိပါဘူး။ ဓာတ်ငွေယိုစိမ့်တဲ့နေရာကို လဲလှယ်ပြီးသွားပါပြီ။ မေလ ၆ ရက်နေ့ နံနက် ၈ နာရီမှာ ပုံမှန်ပြန်ဖြစ်သွားပါပြီ။စီအင်ဂျီယာဉ်တွေအတွက် အဖျောက်ဘက်က ဂတ်စ်တွေ အစားထိုးပေးထားပါတယ်''ဟု ပြောကြားခဲ့သည်။

အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုကြောင့် သဘာဝဓာတ်ငွေ့ အရောင်းဆိုင်အချို့သည် ရောင်းချမှုကို ခေတ္တရပ်ဆိုင်းထားရကြောင်းနှင့် အချို့ဆိုင်များတွင် ဓာတ်ငွေ့သုံး ခရီးသည်တင် ယာဉ်များနှင့် အငှားယာဉ်များ အများအပြား တန်းစီစောင့်ဆိုင်းနေရမှုများ ရှိနေကြောင်း သိရသည်။ သဘာဝဓာတ်ငွေ့သုံး ခရီးသည်တင်ယာဉ်များနှင့် အငှားယာဉ်များ ပြေးဆွဲမှုမရှိသောကြောင့် ခရီးသည်အချို့ အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရခြင်းများ ကြုံတွေ့ခဲ့ရကြောင်း သိရပါသည်။ ကိုယ်ပိုင်ယာဉ်အချို့မှာ ခရီးသည်တင်ယာဉ် ရှားပါးမှုကြောင့် ဈေးနှုန်းများပိုမို ကောက်ခံပြီး အငှားယာဉ်အဖြစ် ပြေးဆွဲနေမှုများ ရှိခဲ့ကြောင်း သိရသည်။
''ကျွန်တော်တို့ ဒီဓာတ်ငွေ့ဆိုင်မှာ မနက် ၃ နာရီကတည်းက လာတန်းစီနေတာပါ။ အခုညနေအထိကို စောင့်နေရတုန်းပဲ။ ကားမှာက ဓာတ်ငွေ့မရှိတော့လို့ တစ်ခေါက်တောင် မဆွဲရသေးဘူး။ အခုထိတော့ ဓာတ်ငွေ့ရဖို့ မသေချာသေးဘူး။ ဒါပေမဲ့ ပေးခဲ့ရင် ရအောင် ဆက်စောင့်နေရမှာပါ'' ဟု ခရီးသည်တင် ယာဉ်မောင်းတစ်ဦးက ပြောပြခဲ့သည်။
''အန်တီမြို့ထဲကိုသွားဖို့ ကားစောင့်နေတာ မနက် ၉ နာရီကနေ အခု ၁၁ နာရီကျော်သွားပြီ။ တစ်နာရီခြားလောက်မှ တစ်စီးလာတယ်။ ကားကရှားနေတဲ့အတွက် ခရီးသည်တွေက ပြည့်ကျပ်နေတယ်။ ကားပေါ်မှာတင် မဟုတ်ဘူး။ မှတ်တိုင်တွေမှာလည်း ကားစောင့်နေတဲ့ ခရီးသည်တွေ အရမ်းများတယ်''ဟု သာကေတမြို့နယ် အ၀ိုင်းမှတ်တိုင်တွင် ကားစောင့်ဆိုင်းနေသော ဒေါ်အုန်းမြိုင်က ပြောကြားခဲ့သည်။
''ဒီမှတ်တိုင်မှာ ကားစောင့်နေတဲ့သူတွေ တော်တော်လေး များနေတယ်။ အရင်နေ့တွေကလို လိုင်းကားက သိပ်မလာတော့ဘူး။ ကြားကားတွေဝင် ပြေးနေတာတော့တွေ့တယ်။ ယာဉ်စီးခကိုလည်း ပိုတောင်း တယ်ပြောတယ်''ဟု တာမွေပလာဇာမှတ်တိုင်တွင် ကားစောင့်နေသူတစ်ဦးက ဆိုသည်။
''ခရီးသည်တင်ကားတွေရော၊ အငှားယာဉ်တွေက ဓာတ်ငွေ့စောင့်နေရတာကြောင့် ကျွန်မတို့က အောက်ဆိုဒ်ကားစီးလာရတာပါ။ ပုံမှန် ၂၀၀ လောက်တန်တဲ့ခရီးကို ၅၀၀ ပေးစီး လာရတယ်''ဟု တောင်ဒဂုံမှ တာမွေ မြို့နယ်သို့ အလုပ် လာရောက်လုပ်ကိုင်သူတစ်ဦးက ပြောပြခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။