Monday, May 7, 2012

ပြည်ခိုင်ဖြိုးပါတီက တရုတ်ဆရာဝန်များနှင့်ပေါင်း၍ အခမဲ့မျက်စိခွဲစိတ်ကုသမည်

တရုတ်နိုင်ငံဆရာဝန်များနှင့် ပြည်ခိုင်ဖြိုးပါတီဝင်ဆရာဝန်များပူးပေါင်း၍  မျက်စိအတွင်းတိမ်စွဲခြင်း ရောဂါ ဝေဒနာရှင်များအား အခမဲ့ခွဲစိတ်ပေးမည်ဖြစ်သည်။  
 
 











“ကျွန်တော်တို့ပါတီက ဆရာဝန်(၂)ယောက်နဲ့ တရုတ်နိုင်ငံက ဆရာဝန်(၁၁)ယောက်ပါမယ်။ ငွေကြေးအခက်ခဲ ရှိတဲ့ သူတွေအတွက် ရည်ရွယ်ပြီးတော့ လုပ်ပေးတာပါ။ တစ်ရက်ကို မျက်စိဝေဒနာရှင် အယောက်(၆၀)လောက် ခွဲပေးမှာပါ ” ဟု ရန်ကုန်တိုင်းဒေသ ကြီး၊ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်ဦးတင်ဝင်းက ပြောသည်။ 
 
ကုသမှုအား၂၀၁၂ခုနှစ်၊ မေလ(၈) ရက်နေ့၊ နံနက် (၇)နာရီမှစတင်၍ မရမ်းကုန်းမြို့နယ် သမိုင်းလမ်းဆုံထောင့် တွင်ရှိသော ‘မြို့တော်ဖြိုးစေတနာအခမဲ့ကျန်းမာရေးဌာန’ ၌ တရုတ်ဆရာဝန်များအဖွဲ့ (အလင်းရောင်မျက်စိ ကု သရေး)နှင့် ပြည်ခိုင်ဖြိုးပါတီ ဆရာဝန်များက အခမဲ့ခွဲစိတ်ကုသပေးမည်ဖြစ်သည်။ 
 
“ကျွန်တော်တို့ အတွက်တော့ အဆင်ပြေပါတယ်။ ဘယ်အဖွဲ့စည်းပဲဖြစ်ဖြစ် တက်နိုင်တဲ့ အခမဲ့ဆေးခန်းတွေ ပညာရေးတွေ၊ အခြားကျန်းမားရေးအပိုင်းတွေကို ဖွင့်လှစ်ပေးနိုင်မယ်ဖို့ မျှော်လင့်ပါတယ်၊ မရှိဆင်းရဲသားတွေ မတက်နိုင်တဲ့သူတွေအတွက်လည်း အများကြီးအကျိုးရှိပါတယ်” ဟု မရမ်းကုန်းမြို့နယ်(၄) ရပ်ကွက်မှ ဦးကျော် နိုင်က ပြောသည်။
 
လက်ရှိတွင် အဆိုပါဆေးခန်း၌ ၂၀၁၂ခုနှစ် မေလ ၅ ရက်နေ့အထိ မျက်စိတိမ်စွဲခြင်းရောဂါကုသရန် စာရင်း ပေးထားမှုဦးရေ (၃၆၀)ဦး ရှိကြောင်း၊ သတ်မှတ်ရက်များအတွင်း၌ တစ်ရက်လျှင် မျက်စိဝေဒနာရှင်(၆၀) ဦး ခွဲစိတ်ပေးသွားမည်ဖြစ်သည်။  
 
“ကျွန်တော်တို့ အနေနဲ့ အခုတော့ ကြိုတင်စာရင်းပေးသွင်းခြင်းကို ပိတ်လိုက်ပါပြီ။ နောက်ပိုင်းလာရောက် ကုသတဲ့သူတွေကိုလည်း ခွဲစိတ်ပေးနိုင်ဖို့ စီစဉ်ထားပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဦးတင်ဝင်းက ပြောသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။