Monday, May 7, 2012

ယခုနှစ် ရွှေကြက်ယက်ဘုရား ညောင်ရေသွန်းလောင်းပွဲတော်ကို ဒေ၀ါဝင်းများ ခင်းကျင်းလှည့်လည်ကာ ထူးခြားစွာကျင်းပ

ဒေ၀ါဝင်းများ ခင်းကျင်းလှည့်လည်ကာ ကျင်းပခဲ့သည့် ရွှေကြက်ယက်ဘုရား ညောင်ရေသွန်းပွဲတော်ကို တွေ့ရစဉ်
အမရပူရမြို့နယ်ရှိ ရွှေကြက်ယက် ညောင်ရေသွန်းပွဲတော်ကို ကဆုန်လဆန်း ၁၄ ရက်နေ့က ကျင်းပခဲ့ပြီး ဒေ၀ါဝင်းများဖြင့် ထူးခြားစွာ ကျင်းပခဲ့ကြောင်း သိရသည်။


ကဆုန်လပြည့်မတိုင်မီ အဖိတ်နေ့၌ ရွှေကြက်ယက်ဘုရားတွင် ညောင်ရေသွန်းလောင်း ပူဇော်ကြရာ နှစ်စဉ်ဂေါစဂါမ်ရွာ ၁၄ ရွာမှ ရွာသူရွာသားများက မြန်မာ့ရိုးရာဓလေ့ဝင်းများ ခင်းကျင်းကာ အတီးအမှုတ်၊ အကအခုန်များနှင့် ညောင်ရေသွန်းပွဲတော်ကို ဆင်နွှဲလေ့ရှိကြသည်။ ယင်းသို့ဆင်နွှဲရာတွင် နှစ်ပေါင်း ၉၀ ကာလအတွင်း ဒေ၀ါဝင်း ခင်းကျင်းလှည့်လည်ခြင်း ပါဝင်မှုမရှိသော်လည်း ယခုနှစ်တွင် ထူးခြားစွာ ထည့်သွင်းဆင်ယင်ကျင်းပခဲ့ကြောင်း သိရှိရသည်။

''ဒေ၀ါဝင်းခင်းတာ နှစ်ပေါင်း ၉၀ ကာလအတွင်း ပထမဆုံးပါပဲ။ ရွှေကြက်ယက်ဘုရားသမိုင်းအရ ဘီလူးအဆက်အနွှယ်၊ သိုက်ဆက်ဆိုတာမျိုး ပါဝင်တာတွေ့ရတယ်။ ဒါပေမယ့် ဘုရားပွဲတော်မှာ ခုလို ဒေ၀ါဝင်းခင်း ဖို့အတွက်ကို ကျေးရွာသူ ကျေးရွာသားတွေအ နေနဲ့ ကြောက်ရွံ့တာကြောင့် ထည့်သွင်းကျင်းပခဲ့ခြင်း မရှိပါဘူး။ ဒီနှစ် ဒေ၀ါဝင်း၊ ရာဇာဝင်း၊ ပုဂံဝင်းတွေခင်းပြီး လှည့်လည်ခဲ့ပါတယ်။ အဲဒီဒေ၀ါဝင်းမှာ ဘီလူးတစ်တွဲပါတယ်။ နဂါး တစ်တွဲ ပါတယ်။ ဂဠုန်တစ်တွဲပါတယ်။ ဇော်ဂျီပါတယ်။ ဒေ၀ါဝင်းက လူအင်အားလည်း လိုပါတယ်။ ကျေးရွာ ၁၄ ရွာက လူဦးရေက ၁၆၀၀ ကျော်လောက်ရှိပါတယ်'' ဟု ညောင်ရေသွန်းပွဲတော် ကျင်းပရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ရွှေကြက်ယက်ဘုရား ကဆုန်ညောင်ရေသွန်းလောင်းပွဲကို အစဉ်လာမပျက် ကျင်းပခဲ့ရာ ရွှေကြက်ယက်တိုက်နယ်အတွင်းရှိ ကိုးသင်းရပ်၊ ရွှေဟင်္သာရပ်၊ ရွှေဒင်ရပ်၊ သက်ကယ်တော်ရပ်၊ ပတ္တမြားရပ်၊ အောင်ချမ်းသာ၊ မိုးကောင်း၊ ရွေလောင်း၊ ခ၀ါတော်၊ ရွေလေးကွက်သစ်၊ ရွာသစ်၊ရွေလေးရပ်နှင့် သပြေတန်းရပ် စသည့် ကျေးရွာ၊ ရပ်ကွက်များမှ တူညီဝတ်စုံများ ၀တ်ဆင်ကာ မဟာဗောဓိညောင်ပင်အား လက်ယာရစ် သုံးပတ်လှည့်လည်ကာ စုပေါင်း ညောင်ရေသွန်းလောင်းကြကြောင်း သိရသည်။  
 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။