Monday, May 7, 2012

 မြစ်ကြောင်းကျဉ်းပြီး တိမ်ကောလာသော ဇော်ဂျီမြစ်ကို အကျယ်ပေ ၁၀၀ အထိ ပြန်လည် ချဲ့ထွင်လျက်ရှိ

စက်ယန္တရားများအား အသုံးပြုပြီး ဇော်ဂျီမြစ်အား ချဲ့ထွင်နေသည်ကို တွေ့ရစဉ်

မြစ်ကြောင်း ကျဉ်းမြောင်းတိမ်ကောလာသော ဇော်ဂျီမြစ်ကို အကျယ်ပေ ၁၀၀ အထိ ပြန်လည်ချဲ့ထွင်လျက်ရှိကြောင်း ကျောက်ဆည်ခရိုင် ဆည်မြောင်းဦးစီးဋ္ဌာနမှ စုံစမ်းသိရှိရသည်။
''ဇော်ဂျီမြစ်ဟာ နှစ်ပေါင်းများစွာ ကြာလာတာနဲ့အမျှ သဲနုန်းတွေတင်ပြီး မြစ်ကြောင်းကျဉ်းလာတယ်။ တချို့နေရာတွေဆို မြစ်အကျယ်က ၁၈ ပေလောက်ပဲ ရှိတယ်။
ဒါ့ကြောင့် ဇော်ဂျီမြစ် ရေကြီး ရေလွှမ်းမိုးမှုကို ကြိုတင် ကာကွယ်ဖို့အတွက် ဇော်ဂျီ ရေထိန်းဆည်အောက်ပိုင်း ကျဉ်း မြောင်းနေတဲ့ မြစ်ကြောင်းကို ပေ ၁၀၀ အထိ ပြန်ချဲ့ပေးနေပါတယ်''ဟု ဆည်မြောင်းဦးစီးဋ္ဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

ဇော်ဂျီမြစ်ကြောင်းတစ်လျှောက် သဲနုန်းများတင်လာခြင်း၊ မြစ်ကြောင်းကျဉ်းမြောင်း တိမ်ကောလာခြင်းတို့ကြောင့် ဇော်ဂျီမြစ်ပေါ်တွင် တည်ဆောက်ထားသော ငပြောင်ဆည်၌ ငါးပေခန့် ရေကျော်သည်နှင့် ကျောက်ဆည်မြို့တွင် ရေလွှမ်းမိုးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်အတွင်း ဇော်ဂျီမြစ်ရေကြီး ရေလွှမ်းမှု ကြိုတင်ကာကွယ်ရန်အတွက် နောင်ခမ်း မြေသားတာပေါင် အရေးပေါ် ရေထုတ်ပေါက်မှ ရေပိုလွှဲအခိုင်အမာ တည်ဆောက်ခြင်း၊ ဇော်ဂျီရေထိန်းဆည် အထက်ပိုင်း သဲနုန်းပို့ချမှုအား ဖယ်ရှားခြင်း၊ ဇော်ဂျီရေထိန်းဆည် အောက်ပိုင်း မြစ်ကြောင်းအားချဲ့ခြင်း၊ ဇော်ဂျီရေထိန်းဆည်အား ပြုပြင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။