Monday, May 7, 2012

ပြည်ပမှ ဆန်ဝယ်လိုအား ကျဆင်းနေခြင်းက တောင်သူများအပေါ် ထိခိုက်မှုရှိ


မေ(၇)ရက်၊၂၀၁၂ခုနှစ်။

ဆန်ဈေးကွက်တွင်း ပြည်ပ၀ယ်လိုအားကျဆင်းလာခြင်းကြောင့် Export လုပ်ငန်းများရပ်နားထားပြီး စိုက်ပျိုး တောင်သူများ အပေါ်ထိခိုက်မူများရှိလာကြောင်း ဆန်ကုန်သည်မျာထံက သိရသည်။


 “တစ်လလောက်ရှိပြီ ပြည်ပတင်ပို့မှုတွေ နားထားရတာ။ အိန္ဒိယဘက်က ဆန်တွေ ကျွန်တော်တို့ ပို့တဲ့ နိုင်ငံ တွေကို အ၀င်များတယ်။ အဲဒါကြောင့် ကျွန်တော်တို့ ဆန်တွေရောင်းအားကျသွားတယ်။ တောင်သူတွေ အနေနဲ့ လည်း အရောင်းအ၀ယ်မဖြစ်တော့ စိုက်ပျိုးစရိတ်အတွက် အခက်အခဲတွေ ကြုံနေရတယ်” ဟု ဘုရင့်နောင် ဆန် Export လုပ်ငန်းရှင် ကိုရဲနောင်က ပြောသည်။
 
ပြည်တွင်း စပါးဈေးကွက်၌ မတ်လဆန်းပိုင်းတွင်း ဇီယာစပါးတင်းတစ်ရာလျှင် ကျပ် ၃သိန်း ၅သောင်း ၀န်းကျင် ဖြင့် အရောင်းအ၀ယ်ဖြစ်ခဲ့ပြီး လက်ရှိတွင် ကျပ် ၃သိန်း ၃သောင်းသို့ကျဆင်းခဲ့ပြီး ၀ယ်လိုအားကျဆင်းခဲ့၍ အရောင်းအ၀ယ်ဖြစ်ပေါ်မှုပါ ကျဆင်းလျက်ရှိကြောင်း သိရသည်။

“ပြည်ပက ၀ယ်လိုအားကျတော့ စီးပွားရေးသမားတွေက တောင်သူတွေ ဆီကနေ အ၀ယ်နည်းတယ်။ အဲဒါ ကြောင့် တောင်သူတွေမှာရောင်းဖို့ ပြုဖို့အတွက် နည်းနည်းခက်သွားတယ်။ စိုက်ပျိုးစရိတ်အတွက် အရင်းအနှီး လည်းနည်းသွားနိုင်တယ်” ဟု ပဲခူးဘက်မှ စပါးစိုက်တောင်သူတစ်ဦးက ပြောသည်။
 
၂၀၁၂ခုနှစ် မတ်လဆန်းပိုင်း ပြည်ပသို့ (Export) ဆန်တင်ပို့ရာတွင် ၂၅ မတ် ဆန် တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၃၄၀ ၀န်းကျင်ခန့်ရရှိခဲ့ပြီး တစ်ကြိမ်တင်ပို့လျှင် တန် ၅၀၀ (အိတ်ရေ တစ်သောင်း) နူန်းတင်ပို့ နေရ ကြောင်း သိရသည်။
 
“အရောင်းအ၀ယ်က ပုံမှန်ပါပဲ။ နွေစပါးပေါ်ချိန်ဆိုရင် မိုးစပါးက အရောင်းအေးသွားတယ်။ အခု Export တွေ ရပ်နားနေရတာတွေက   ပြည်တွင်းက ပို့တဲ့ ဆန်တွေက Quality မမှန်လို့ ထင်တယ်။ ဟိုတလောကတောင် ဒီက ပို့တဲ့ဆန်တွေ အင်ဒိုနီးရှားမှာ reject ဖြစ်တယ် ကြားတယ်” ဟု ဘုရင့်နောင်မှ ဆန်ကုန်သည် ကိုထွန်းဝင်းက သုံးသပ်ပြောဆိုသည်။

လက်ရှိ (Export) ဆန်ဈေးကွက်၌ ၂၅မတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၁၀ ၀န်းကျင်ခန့် ဈေး ပေါက်ကြောင်း   ပြည်ပတင်ပို့မှုလုပ်ငန်းအချို့ ခေတ္တရပ်နားထားကြောင်း သိရသည်။
 
 ပြည်ပ(Export) တင်ပို့မှုများအနေဖြင့် ဘင်္ဂလားဒေ့(ရှ်)၊ အာဖရိကနိုင်ငံများသို့ တင်ပို့ရောင်းချရာမှ ယခုအခါ ထိုနိုင်ငံများသို့ အိန္ဒိယဘက်က ဆန်များဝင်ရောက်လာသောကြောင့်  ပြည်တွင်းဆန်များ ၀ယ်ယူမှု  နည်းပါးသွား ကြောင်းကိုလည်း ကုန်သည်များထံက သိရှိရသည်။
Shwe Myitmakha Media Group

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။