Monday, May 7, 2012

 ရန်ကုန်တစ်မြို့လုံးရှိ လူသွားစင်္ကြံ၊ ပလက်ဖောင်း စသည်တို့တွင် စိုက်ထူထားသော ကြော်ငြာဆိုင်းဘုတ်များ ဖြုတ်သိမ်းရန် မြို့တော်စည်ပင်မှ ညွှန်ကြားချက် ထုတ်ပြန်


7316
ရန်ကုန်တစ်မြို့လုံးရှိ လူသွားစင်္ကြံ၊ ပလက်ဖောင်းစသည်တို့ရှိ ကြော်ငြာဆိုင်းဘုတ် အားလုံးနီးပါးကို  မေလ ၂ ရက်နေ့မှစတင်၍ ဖြုတ်သိမ်းရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ညွှန်ကြားချက် ထွက်ရှိလာသည်ဟု သတင်းရရှိသည်။

မြို့တော်အင်္ဂါရပ်နှင့် ညီညွတ် စေရန်အတွက် ရန်ကုန်မြို့ရှိ ကြော်ငြာ ဆိုင်းဘုတ်များနှင့် ပတ်သက်၍ ညှိနှိုင်းမည်ဟု ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့က ကြော်ငြာဆိုင်းဘုတ် လုပ်ငန်းရှင်များအား ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ပထမအကြိမ် အစည်းအဝေးခေါ်ယူ တွေ့ဆုံခဲ့ကြောင်း၊ မေလ ၂ ရက်နေ့တွင် ဒုတိယအကြိမ် အစည်းအဝေး ထပ်မံခေါ်ယူ၍ ဆိုင်းဘုတ်များ အားလုံးနီးပါးကို ဖြုတ်သိမ်းရန် ညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့နေရာအချို့ရှိ ကြော်ငြာဆိုင်းဘုတ်အကြီးနှင့် အသေးအချို့မှလွဲ၍ ကျန်ရှိသည့် ကြော်ငြာဆိုင်းဘုတ်များကို ဖြုတ်သိမ်းစေခဲ့ခြင်း ဖြစ်ကြောင်း၊ ဖြုတ်သိမ်းစေသည့် ကြော်ငြာဆိုင်းဘုတ် အရေအတွက်မှာ တစ်မြို့လုံးတွင်ရှိသော ကြော်ငြာဆိုင်းဘုတ်များ အားလုံး၏ ၉၀ ရာခိုင်နှုန်း ပါဝင်သည်ဟု ကြော်ငြာ ဆိုင်းဘုတ်လုပ်ငန်းရှင်များက ပြောပြခဲ့သည်။
“ဧပြီလ ၃၀ ရက်နေ့က ကြော်ငြာဆိုင်းဘုတ်တွေနဲ့ ပတ်သက်ပြီး ပထမဆုံး အစည်းအဝေး ခေါ်ပါတယ်။ မြို့တော်အင်္ဂါရပ်နဲ့ ညီဖို့အတွက် ကြော်ငြာဆိုင်းဘုတ်တွေနဲ့ ပတ်သက်ပြီး ညှိနှိုင်းမယ်လို့ ပြောပြီးခေါ်တာပါ။ ကျွန်တော်တို့ မျှော်လင့်တာက ရှိပြီးသား ကြော်ငြာဘုတ်တွေထဲက အနည်းအကျဉ်းကိုပဲ ဖြုတ်ခိုင်းမယ်လို့ ထင်ထားတာ။ ဒါပေမဲ့ မေလ ၂ ရက်နေ့ နောက်ထပ် အစည်းအဝေးခေါ်တဲ့ အခါကျတော့ တစ်မြို့လုံးက ကြော်ငြာဆိုင်းဘုတ်တွေ အကုန်လုံးနီးပါးကို ဖြုတ်သိမ်းဖို့ ပြောတယ်။ ပြီးတော့ ဖြုတ်သိမ်းရမယ့် ဆိုင်းဘုတ်တွေကို ပရိုဂျက်တာနဲ့ ပြတာ ကြော်ငြာ ဆိုင်းဘုတ်အားလုံးရဲ့ ၉၀ ရာခိုင်နှုန်း ပါတယ်။ ကျွန်တော်တို့ ပြော ချင်တာက ဒီလိုဖြုတ်ရမယ် ဆိုတာကို ကြိုတင်မသိမပေးတဲ့ အပြင် ဖြုတ်သိမ်းရမဲ့ အချိန်ကာလကို သတ်မှတ် မပေးတဲ့အတွက် ကျွန်တော်တို့ အခက်တွေ့နေရပါတယ်”ဟု ကြော်ငြာဆိုင်းဘုတ် လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
“ကြော်ငြာဆိုင်းဘုတ်တွေကို အရင်နှစ်ကလိုပဲ သက်တမ်းတိုးစနစ်နဲ့ ခွင့်ပြုမယ်လို့ ကျွန်တော်တို့ ထင်ထားတာပါ။ ဒီလိုလုပ်မယ်ဆိုရင်လည်း ဘဏ္ဍာနှစ် မကုန်ခင်ကတည်းက ကြိုတင်ပြီး အသိပေးသင့်ပါတယ်။ အခု ကျွန်တော်တို့ ကြော်ငြာဆိုင်းဘုတ်တွေမှာ ကြော်ငြာတွေ လက်ခံထားတဲ့အတွက် အခုချက်ချင်း ဖြုတ်ရမယ် ဆိုရင် ကြော်ငြာရှင်တွေကို အလျော်ပြန်ပေးရမှာပါ”ဟု ကြော်ငြာဆိုင်းဘုတ် လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
ကြော်ငြာဆိုင်းဘုတ် လုပ်ငန်းရှင်တစ်ဦးကလည်း “ကျွန်တော်တို့ လက်ရှိကြော်ငြာဘုတ်တွေမှာက ကြော်ငြာတွေ လက်ခံထားပါတယ်။ အခု က ဖြုတ်သိမ်းဖို့အတွက်ကို အချိန် ဘယ်နှစ်ရက်ဆိုတာ မပြောပေမဲ့ ချက်ချင်း ဖြုတ်ရမဲ့သဘောရှိတယ်။ အဲဒီအတွက် ချက်ချင်းဖြုတ်ရမဲ့အစား ခြောက်လ၊ တစ်နှစ်စသည်ဖြင့် အချိန် ပေးဖို့အတွက် တောင်းဆိုခဲ့ပေမဲ့ ခွင့်မပြုပါဘူး။ ကျွန်တော်တို့အနေနဲ့ အဲဒီလိုအချိန်ပေးတဲ့ ကာလအတွင်းမှာလည်း အခွန်ငွေပေးသွင်းပြီး လုပ်မှာပါ။ အခုလို အချိန်မပေးတဲ့အတွက် အခက်တွေ့နေရတာပါ”ဟုဆိုသည်။
လက်ရှိ ကြော်ငြာဆိုင်းဘုတ်များကို ဖြုတ်သိမ်း၍ သင့်တင့်သည့် နေရာတွင် ကြော်ငြာဆိုင်းဘုတ် အချို့ခွင့်ပြုခြင်း၊ LED ဘုတ်များဖြင့် အစားထိုးကြော်ငြာခြင်းတို့ကို ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ နစ်နာခဲ့သူများကို ဦးစားပေးမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ တွဲဖက် အတွင်းရေးမှူး ဖြစ်သူက ပြောကြား ခဲ့သော်လည်း လုပ်ငန်းရှင်များက လုပ်ကိုင်ခွင့် မရရှိမည်ကို စိုးရိမ်မှုများ ရှိနေကြောင်း သိရသည်။
“ကြော်ငြာဘုတ်တွေနေရာ မှာ  LED ဘုတ်တွေနဲ့ အစားထိုးခွင့်ပြုမယ်ပြောတယ်။ အဲဒီအတွက်နေရာ ၁၇ ခုခွင့်ပြုမယ်။ အဲဒီအခါမှာ အခု ကျွန်တော်တို့နစ်နာသူတွေကို ဦးစားပေးမယ်လို့ စည်ပင်က တွဲဖက် အတွင်းရေးမှူးက ပြောပါတယ်။ ဒါပေမဲ့ ၂၀၀၉ ခုနှစ်တုန်းက ကြော်ငြာဆိုင်းဘုတ်တွေကို လေလံစနစ်နဲ့ ပြောင်းလဲခွင့်ပြုတုန်းကလည်း နီးစပ်ရာကို ပေးခဲ့တဲ့ အဖြစ်အပျက်ကြောင့် အခုလည်း နီးစပ်ရာကိုပေးပြီး ကျွန်တော်တို့ မရမှာကို စိုးရိမ်နေရတယ်။ ကျွန်တော်တို့ အနေနဲ့ ဒီလုပ်ငန်းနဲ့ ရပ်တည်နေရာတာပါ။ ဒီလုပ်ငန်း မရှိရင်တော့ ကြော်ငြာကုမ္ပဏီတွေ အားလုံးပိတ်ရမဲ့ အခြေအနေ ဖြစ်နေပါတယ်”ဟု ကြော်ငြာဆိုင်းဘုတ် လုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
“LED ဘုတ်တွေနဲ့ ကြော်ငြာဖို့ အတွက်က အဆောက်အအဦ တစ်ခု လိုမှာပါ။ ပြီးတော့ လျှပ်စစ်မီးနဲ့အသုံးပြုပြီး ကြော်ငြာရတာဆိုတော့ ကျွန်တော်တို့ဆီမှာ လက်ရှိ လျှပ်စစ်မီးရရှိမှု အခြေအနေနဲ့ဆိုရင် အခက်အခဲရှိမယ်”ဟု ကြော်ငြာဆိုင်းဘုတ် လုပ်ငန်းရှင် တစ်ဦးကလည်း ပြောပြခဲ့သည်။
ယင်းကိစ္စရပ်နှင့် ပတ်သက်၍ ကြော်ငြာဆိုင်းဘုတ် လုပ်ငန်းရှင်များ က သက်ဆိုင်ရာသို့ အသနားခံစာ တင်သွားမည်ဖြစ်ပြီး ထူးခြားမှုမရှိပါက လွှတ်တော်အထိ တင်ပြသွားရန် စီစဉ်နေသည်ဟု သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။