Monday, May 7, 2012

ဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုကြောင့် ဘတ်စ်ကားအသွားအလာကျဲပါးသွားပြီး ခရီးသည်များအခက်ကြုံခဲ့

ထန်းတပင်မြို့နယ်တွင် သဘာဝဓာတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှုဖြစ်ပွားခြင်းကြောင့် ဂတ်စ်ဖြင့် မောင်း နှင်သော လိုင်းကားအချို့နှင့် Taxiကားများမှာ သဘာဝဓာတ်ငွေ့ရရှိရန် ခက်ခဲကာ ကားသွားလာမှု နည်းပါးသွားပြီး ခရီးသည်များ အခက်အခဲကြုံတွေ့ခဲ့ရသည်။
 
မေလ(၅)ရက်နေ့ ညနေပိုင်းက ထန်းတပင်မြို့နယ်တွင် သဘာဝဓါတ်ငွေ့ပိုက်လိုင်း ယိုစိမ့်မှု့ဖြစ်ပွားခဲ့ ခြင်းဖြစ်သည်။

 
 
 “ကျွန်မ မြေနီကုန်း သွားမလို့ ကားစောင့်နေတာ  နာရီဝက်ကျော်သွားပြီ၊ အရင်ဆိုအဲလောက် ကား မရှားဘူး။ ကားတွေကလည်း အရမ်းကြပ်နေတယ်။ ကားငှားတော့လည်း အရင်ထက် ဈေးနှစ်ဆ လောက် ပိုတောင်းနေတယ်”ဟု မရမ်းကုန်းမြို့နယ် ရဲဘော်ဟောင်းမှတ်တိုင်တွင် ကားစောင့်နေသော ခရီးသည်တစ်ဦးက ပြောသည်။
 
အချို့ဂတ်စ် Taxi များမှာ ဂတ်စ်ထည့်ရန် ည(၁၁) နာရီအချိန်မှ စောင့်ဆိုင်းခဲ့သော်လည်း နံနက် အချိန် ထိ မရရှိခဲ့သောကြောင့် ရန်ကုန်မြို့တွင်းတွင် ဂတ်စ် Taxi ကားများ နည်းပါးနေပြီး ဓာတ်ဆီဖြင့် မောင်း နှင်သော ကားများအငှားလိုက်မှု ပိုမိုများပြားခဲ့ရကြောင်း သိရှိရသည်။
 
“ကျွန်တော်က တစ်ခေါက်ထွက်ပြီးရင် ဂတ်စ်တစ်ခါဖြည့်တယ်။ ဂတ်စ်ကမရတော့ မိုးချုပ်သွားရင် အုံနာကြေးက များသွားရော။   နောက်တစ်ခေါက်ထွက်ဖို့လည်း အခက်ခဲရှိတယ်။ ခရီးသည်လည်း နစ်နာတယ်။ ကျွန်တော်တို့လည်း နစ်နာတယ်။”Taxi မောင်းသူ တစ်ဦး၏ ပြောပြချက်အရသိရှိရသည်။
 
CNG ဖြင့်မောင်းနှင်သော လိုင်းကားများနှင့် အငှားယာဉ်အချို့မှာ ပြေးဆွဲမှုမရှိသောကြောင့် ခရီးသည် များ အချိန်ကြာမြင့်စွာ   စောင့်ဆိုင်းနေရကြောင်း သိရှိရသည်။
 
“ကားတွေလည်း ရှားတယ်။ ကားခတွေလည်းပိုတောင်းတယ်။ ကားတိုင်းလိုလို ခရီးသည် အပြည့် ပါတယ်။ လိုင်းကားကို နာရီဝက်ကျော်လောက်ကြာအောင်စောင့်ရတယ်။ Taxi ငှားတော့လည်း ငါးရာ၊ တစ်ထောင်လောက်ပိုတောင်းတယ်။”ဟု လှည်းတန်းမှ မြို့ထဲသို့သွားသော ခရီးသည်တစ်ဦးက ပြောသည်။
 
အဆိုပါ ဓါတ်ငွေ့ပိုက်လိုင်းယိုစိမ့်မှုအား မေလ(၆)ရက်နေ့ နံနက်ပိုင်းတွင် ပြုပြင်ပြီးစီးသွားကြောင်း စွမ်းအင်ဝန်ကြီးဋ္ဌာန၊ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းတာဝန်ရှိသူတစ်ဦးက သတင်းထုတ်ပြန် ထားသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။