Monday, May 7, 2012

ဧရာဝတီတိုင်းတွင် နွေစပါးဈေးများ ဆက်တိုက်ကျဆင်းနေ

ဧရာဝတီတိုင်းဒေသကြီးအတွင်း နွေစပါးပေါ်ချိန်တွင် စပါးဈေးများဆက်တိုက်ကျဆင်းနေသောကြောင့် စပါးစိုက် တောင်သူများ   နွေစပါး(နှံစားသစ်) ရောင်းချရန်အခက်အခဲများရှိနေကြောင်း သိရသည်။
 


 “စပါးဈေးတွေကျနေတာ နွေစပါးတွေရိတ်သိမ်းပြီးတော့ အခုလည်း နှံစားသစ်တွေထပ်ရောက်လာတော့ စပါး ဈေးတွေ ထပ်ကျလာတယ်။ အဲဒီလိုကျနေတော့ စပါးရောင်းဖို့ ကမလွယ်သေးဘူး။ ဒီဈေးအတိုင်း ရောင်းလို့က တော့ အရင်းတောင်ပြန်ရမှာ မဟုတ်ဘူး၊ စပါးဈေးတွေကျတော့ ဒီနှစ် တောင်သူတွေတော်တော်ခံရတယ်”ဟု ဧရာဝတီတိုင်းဒေသကြီး မော်ကျွန်းမြို့နယ်အတွင်းက စပါးစိုက်တောင်သူ ဦးစိုးမြင့်က ပြောသည်။
 
ဆန်စပါဈေးနှုန်းများကျင်ဆင်းနေရခြင်း၏ အဓိကအချက်တစ်ခုမှာ  ပြည်တွင်း ဆန်စပါးသယ်ယူခွင့်များကို ထောက်ခံချက်မလိုဘဲ သယ်ယူခွင့်များပြုခဲ့ခြင်း၏ ဂယက်ကြောင့်ဟု ဆန်စပါး အရောင်းအဝယ် ပြုလုပ်သူများထံက သိရသည်။
 
“အရင်ကတော့ ထောက်ခံချက်ပါမှ နယ်တစ်ခုနဲ့တစ်ခုကို သယ်ယူရောင်းဝယ်လို့ရတယ်။ နောက်ပိုင်းထောက်ခံ ချက်မလိုတော့ဘူး ဆိုတော့ ဆန်သယ်ယူရောင်းဝယ်သူတွေ များလာပြီး ဈေးကွက်ထဲကို အချိန်ပြည့် ရောက် အောင် ပို့နိုင်တဲ့အတွက် ဆန်လှောင်သူတွေ ဆီမှာ ပြည့်လျှံလာတော့ ဈေးတွေချရောင်းကြတယ်”ဟု ဆန်စပါး ရောင်းဝယ်ရေးလုပ်ကိုင်သူ ကိုစိုးဝင်းက ပြောသည်။
 
ဆန်စပါးများကို ပြည်တွင်းရှိဒေသတစ်ခုနှင့် တစ်ခုသို့ သယ်ယူရာတွင် ယခင်က ထောက်ခံချက်ရယူရခြင်းများ ရှိခဲ့သည့်အတွက် အချိန်နှောင့်နှေးမှုများရှိခဲ့ပြီး ကုန်ကျစရိတ်ကုန်ကျမှုများလည်း ရှိခဲ့ကြောင်း သိရသည်။
 
ဧပြီလကုန်ပိုင်းအထိ ဧရာဝတီတိုင်းဒေသကြီးမှ ရန်ကုန်တိုင်းနှင့် အခြားဒေသများသို့ ဆန်စပါး ၀င်ရောက်မှုမှာ တစ်နေ့လျှင် ပျမ်းမျှဆန်တန်ချိန် (၅၀၀)ကျော်တွင်ရှိနေကြောင်း သိရသည်။
 
မေလ ပထမအပတ်အထိ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ စပါးဈေးနှုန်းများမှာ နှံစားဈေးနှုန်းမှာ  သုံးသိန်းသုံး သောင်းကျပ်၊   နှံစားသစ်ဈေနှုန်း နှစ်သိန်းခြောက်သောင်းကျပ်နှင့် ပေါ်ဆန်းစပါးတို့မှာ ကျပ်ခြောက်သိန်း ဝန်းကျပ်ခန့်ဈေးရှိကြောင်း သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။