Friday, May 11, 2012

 ရန်ကုန်မြို့ရှိ ကြော်ငြာဆိုင်းဘုတ် အသေးများကို သုံးလအတွင်း အပြီးဖြုတ်သိမ်းစေမည်ဖြစ်ပြီး ကြော်ငြာဆိုင်းဘုတ် အကြီးများကိုမူ စိုက်ထူခွင့် တစ်နှစ်သက်တမ်းထပ်တိုး

ရန်ကုန်မြို့လယ်အတွင်းရှိ ကြော်ငြာဆိုင်းဘုတ်များအား တွေ့ရစဉ်
ရန်ကုန်မြို့ရှိ လူသွားစင်္ကြံ၊ ပလက်ဖောင်း စသည်တို့တွင် စိုက်ထူထားသော ကြော်ငြာဆိုင်းဘုတ် အသေးများကို သုံးလအတွင်း အပြီးဖြုတ်သိမ်းစေမည်ဖြစ်ပြီး ကြော်ငြာဆိုင်း ဘုတ်အကြီးများကိုမူ လာမည့် ၂၀၁၃ မတ်လ ၃၁ ရက်နေ့အထိ စိုက်ထူခွင့် တစ်နှစ်သက်တမ်း ထပ်မံတိုးပေးခဲ့ ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူး၏ ပြောကြားချက်အရ သိရသည်။

''မြို့တော်အင်္ဂါရပ်နဲ့ညီအောင် ကြော်ငြာဆိုင်းဘုတ်တွေကို လျော့ချဖို့ လုပ်ခဲ့တာဖြစ်ပါတယ်။ အချို့ကြော်ငြာဆိုင်းဘုတ်တွေက ဘုရားကို ကွယ်တဲ့နေရာတွေရှိတယ်။ လျော့ချဖို့ စဉ်းစားတဲ့အခါမှာလည်း တစ်ဖက်မှာ ကြော်ငြာလုပ်ငန်းရှင်တွေ ထိခိုက်နစ်နာမှု မရှိဖို့အတွက်ကို စဉ်းစားမိတယ်။ ဒါကြောင့် သူတို့နဲ့ ပထမအကြိမ်တွေ့ပြီး ဘုတ်တွေကို လျော့ချဖို့ သဘောတူခဲ့တယ်။ ဒုတိယအကြိမ် ထပ်တွေ့တဲ့အခါမှာ ဘယ်ဆိုင်းဘုတ်တွေကို လျော့ချရမယ်ဆိုတာ ကြေညာပေးခဲ့တယ်။ သူတို့ကဘက်ကလည်း ဒီလို ချက်ချင်းကြီးလုပ်ရင် ဆုံးရှုံးမှုများလို့ နည်းလမ်း တစ်ခုပေးဖို့ တောင်းဆိုခဲ့တယ်။ အဲဒီမှာ ထပ်စဉ်းစားပြီး ထွက်ရှိလာတဲ့အဖြေကတော့ ဘုတ်အကြီးတွေကို လက်ရှိပေးထားတဲ့သူကိုပဲ သက်တမ်းတစ်နှစ် ထပ်ပေးမယ်။ ဘုတ်အသေးတွေကိုတော့ ဖြုတ်ရမဲ့အချိန် သုံးလ ပေးထားတယ်။ အဲဒီသုံးလအတွင်းမှာလည်း အခွန်ငွေ မကောက်ခံပါဘူး''ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တွဲဖက်အတွင်းရေးမှူးက ပြောပြခဲ့သည်။

ကြော်ငြာဆိုင်းဘုတ် အကြီးများကိုမူ တစ်နှစ်သက်တမ်း ထပ်တိုးပေးပြီး ၎င်း၏ စိုက်ထူခွင့်ဈေးနှုန်းများကို လွန်ခဲ့သည့် သုံးနှစ်ခန့်က လေလံဆွဲထားသည့် ဈေနှုန်းအတိုင်းပေးရန် သတ်မှတ်ခဲ့ကြောင်း၊ ဥပမာ- အဆိုပါအချိန်က ကျပ်သိန်း ၃၀၀ ဖြင့် လေလံဆွဲထားသည့်သူက ကျပ်သိန်း ၃၀၀ ပေးသွင်းရန်၊ ကျပ်သိန်း ၁၀၀ ဖြင့် လေလံဆွဲထားသည့် သူက ကျပ်သိန်း ၁၀၀ ပေးသွင်းရန် သတ်မှတ်ထားသည်ဟု သိရသည်။
သက်တမ်းတစ်နှစ် ထပ်တိုးပြီး သက်တမ်းကုန်ဆုံးမည်ဖြစ်သော လာမည့် ၂၀၁၃ ခုနှစ်မတ်လ ၃၁ ရက်နေ့တွင် ကြော်ငြာဆိုင်းဘုတ်များကို ဖြုတ်သိမ်းရမည်ဖြစ်ပြီး မဖြုတ်သိမ်းဘဲ ပြန်ရောင်းလိုပါက မြို့တော်စည်ပင်က တစ်ဘုတ်လျှင်ကျပ် သိန်း ၇၀ ၀န်းကျင်ဖြင့် ပြန်လည် ၀ယ်ယူမည်ဟုလည်း ပြောကြားခဲ့ကြောင်း ကြော်ငြာဆိုင်းဘုတ် လုပ်ငန်းရှင်များထံမှ သိရသည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။