Friday, May 11, 2012

 ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ မြန်မာဂျာနယ်လစ်များအတွက် အလုပ်ရုံဆွေးနွေးပွဲနှင့်အတူ ရက်တိုသင်တန်းပို့ချ


dspl
ပိုလန်နိုင်ငံခြားရေးဝန်ကြီးဌာနမှကြီးမှူး၍ှ အလုပ်ရုံဆွေးနွေးပွဲအပါအ၀င် အဆိုပါ အလုပ်ရုံဆွေးနွေးပွဲနှင့်အတူ မြန်မာဂျာနယ်လစ်များအတွက် ရက်တိုသင်တန်းပို့ချပေးမည့် ဖွင့်ပွဲအခမ်းအနားကို မေလ ၁၀ ရက် နေ့တွင် ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ကျင်းပကြောင်း သတင်းရရှိပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲအား ပိုလန်နိုင်ငံခြားရေးဝန်ကြီး Rodoslaw Sikorski နှင့်အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ပါ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

"ကျွန်တော်တို့ ပိုလန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံနဲ့ ဖြတ်သန်းပုံခြင်း သွားတူနေတာ တွေ့ရပါတယ်။ ပိုလန်နိုင်ငံဟာ ကွန်မြူနစ်အစိုးရ အုပ်ချုပ်ခံဘ၀ကနေပြီး ဒီအချိန်မှာ ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်လာတဲ့အတွက် ပိုလန်ကရရှိခဲ့တဲ့ lesson တွေကို ပြန်ပြီး မျှဝေပေးချင်လို့ အခုလို Journalism Training တွေကို ပို့ချပေးတဲ့သဘောပါ။ အခုအချိန်မှာ မြန်မာနိုင်ငံဟာလည်း ပြည်တွင်းပြသနာတွေကို ဖြေရှင်းနေရဆဲ အချိန်ပါ။ တိုင်းရင်းသား ပြဿနာတွေကြောင့် ရွေ့ပြောင်းနေထိုင်ရသူတွေ ရှိနေတယ်။ လက်ရှိကာလက ဒီမိုကရေစီ အကူးအပြောင်း ကာလတစ်ခု၊ အခြားစီးပွားရေး ပြဿနာတွေနဲ့ လူမှုရေးပြဿနာတွေလည်း ရှိနေဆဲပါ။ တစ်ဖက်က ကြည့်တော့လည်း ဒီအနေအထားကနေ အကောင်းမြင်လို့ရတဲ့ အနေအထားလည်း တွေ့ရပါတယ်။ စီးပွားရေးအရ တိုးတက်လာမယ်လို့မျှော်လင့်နိုင်တဲ့ အနေအထားမျိုးအပြင် ဒီမိုကရေစီအစိုးရတရပ်ရှိလာတဲ့ အနေအထားမျိုးမှာ ပိုလန်အနေနဲ့လည်း ဖြတ်သန်းပုံခြင်းတူတဲ့ မြန်မာကို ပြန်ဝေမျှပေးနိုင်ဖို့ မျှော်လင့်ပါတယ်'' ဟု ပိုလန်နိုင်ငံခြားရေး ၀န်ကြီးက ပြောကြားခဲ့သည်။

အလားတူပင် စီးပွားရေးနှင့် နိုင်ငံရေးဆက်စပ်နေသည့် အနေအထားများ၊ ဒီမိုကရေစီအစိုးရလက်ထက်တွင် ပွင့်လင်းမြင်သာမှု လိုအပ်သည့် အကြောင်းများနှင့်အတူ လွှတ်တော်အမတ်များအား ရန်ပုံငွေကို စီးပွားရေးသမားများက ကြိုးကိုင်တတ်သည့် အလေ့အထများအကြောင်း နိုင်ငံတကာ အတွေ့အကြုံနှင့် ယှဉ်၍ပြောကြားခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကမူ ယခုကျင်းပသည့်  Democracy Lesson Learned Workshop နှင့်ပတ်သက်၍ သူမအနေနှင့် ယခုလို အလေ့အကျင့်မျိုး လုပ်ပေးသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်ကြောင်း၊ တက်ရောက်သူများ အနေဖြင့်လည်း ပညာရပ်ဆိုင်ရာ လေ့ကျင့်ခန်းတစ်ခု ဟုသာ သဘောမထားပဲ မြန်မာနိုင်ငံ၏ အနာဂတ်ဒီမိုကရေစီအရေးနှင့် ပတ်သက်သည့် လက်တွေ့ကျသော အခြေအနေများကို လေ့လာသုံးသပ်ရန် လိုအပ်ကြောင်း၊ ယင်းသင်တန်းမှ ထူးခြားကောင်းမွန်သော အခွင့်အလမ်းများ ရရှိနိုင်မည်ဟု မျှော်မှန်းကြောင်း ပြောကြားခဲ့သည်။

No comments:

Post a Comment

စာဖတ်သူများကွန်မန်.ပေးနိုင်ပါသည်။